မာတိကာဆီ ကျော်သွား

၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်
ဇင်ဘာဘွေ

အထူးဟောပြောခြင်းကင်ပိန်းမှာ ယေဟောဝါသက်သေတွေ ချီတွန်ဂါ (ဇင်ဘာဘွေ) စကားပြောသူတွေကို သတင်းကောင်းဝေမျှ

အထူးဟောပြောခြင်းကင်ပိန်းမှာ ယေဟောဝါသက်သေတွေ ချီတွန်ဂါ (ဇင်ဘာဘွေ) စကားပြောသူတွေကို သတင်းကောင်းဝေမျှ

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ကနေ ၂၇ ရက်အထိ ဇင်ဘာဘွေနိုင်ငံတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ချီတွန်ဂါ (ဇင်ဘာဘွေ) ဘာသာစကားနဲ့ ဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ခဲ့ကြတယ်။ ချီတွန်ဂါ (ဇင်ဘာဘွေ) ဘာသာစကားပြော ၃၀၀,၀၀၀ နီးပါးဟာ ဇင်ဘာဘွေနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ဘင်ဂါခရိုင် ကျေးလက်ဒေသမှာ ခြံဝင်းတွေနဲ့ နေထိုင်ကြတယ်။ ချီတွန်ဂါ (ဇင်ဘာဘွေ) ဘာသာစကားပြော အသင်းတော် ရှစ်ခုမှာ ညီအစ်ကို/မ ၃၀၀ လောက်ပဲ ရှိတဲ့အတွက် အဲဒီဒေသတွေမှာနေတဲ့ လူယောက်တိုင်းဆီကို ရောက်ဖို့ မလွယ်ဘူး။

ကင်ပိန်းကနေ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်။ ကင်ပိန်းအတွင်း အသင်းတော်တစ်ခုမှာ ပထမဆုံးကျင်းပတဲ့ စနေ/တနင်္ဂနွေ အစည်းအဝေးမှာ စိတ်ဝင်စားသူ ၇၇ ယောက် တက်ရောက်တယ်။ နောက်အပတ်မှာတော့ ၁၂၆ ယောက်တက်တယ်။ ကျမ်းစာသင်အံမှု ၂,၀၀၀ ကျော် ကျင်းပနိုင်ခဲ့တယ်။

နောက်တစ်နေရာမှာတော့ ညီအစ်ကိုတွေ အမှုဆောင်ထွက်နေတုန်း ခြံဝင်းတစ်ခုဆီသွားပြီး အမျိုးသမီးတစ်ယောက်နဲ့ သူ့ကလေးတွေကို နှုတ်ဆက်လိုက်တယ်။ အိမ်ထောင်ဦးစီးနဲ့ စကားပြောလို့ရမလားလို့ မေးလိုက်တယ်။ အမျိုးသမီးရဲ့ ခင်ပွန်းရောက်လာပြီး သူက ရွာလူကြီးဖြစ်တဲ့အကြောင်း ပြောပြတယ်။ ညီအစ်ကိုတွေက သူ့ကို လေးစားမှုပြတဲ့အနေနဲ့ သူနဲ့အရင်စကားပြောဖို့ စောင့်နေတာကို သဘောကျသွားတယ်။ ချီတွန်ဂါ (ဇင်ဘာဘွေ) ဘာသာစကားနဲ့ ကျမ်းစာအုပ်ကို ဝမ်းသာအားရနဲ့ ယူလာပြတော့ ညီအစ်ကိုတွေက ကျမ်းစာသင်အံမှု လုပ်ပုံကို ပြပေးတယ်။ ကျမ်းစာဆက်လေ့လာဖို့ စီစဉ်တယ်။ သူကြီးကြပ်ရတဲ့ တခြားခြံဝင်းတွေမှာလည်း သွားဟောဖို့ ညီအစ်ကိုတွေကို ခွင့်ပြုချက်ပေးလိုက်သေးတယ်။

ညီအစ်ကိုနှစ်ယောက် မြို့ငယ်လေးတစ်ခုမှာ ဟောပြောနေတုန်း သူ့ကိုယ်သူ ယေဟောဝါသက်သေပါလို့ပြောတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆုံတယ်။ ၁၉၉၃ ခုနှစ်တုန်းက ယေဟောဝါသက်သေတွေ ဖခင်ဖြစ်သူနဲ့ ဆုံခဲ့တဲ့အကြောင်း အဲဒီအမျိုးသား ရှင်းပြတယ်။ ဖခင်ဖြစ်သူက ကျမ်းစာလေ့လာခဲ့ပေမဲ့ သူတို့မိသားစုက တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေရလို့ ယေဟောဝါသက်သေတွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာ။ နောက်နေ့မှာ အဲဒီအမျိုးသားရဲ့ ဖခင်ဆီသွားဖို့ ညီအစ်ကိုနှစ်ယောက် ဆုံးဖြတ်တယ်။ သူ့အိမ်ကိုရောက်ဖို့ တစ်နာခွဲလောက် လမ်းလျှောက်ခဲ့ရတယ်။ ဖခင်ဖြစ်သူက ညီအစ်ကိုတွေကို သိပ်တွေ့ ချင်နေတာ။ ဒီမနက်ပဲ ယေဟောဝါသက်သေတွေ အိမ်ကိုလာလည်ဖို့ သူတို့လင်မယားနှစ်ယောက် ဆုတောင်းထားတဲ့အကြောင်း ပြောပြတယ်။ တစ်မိသားစုလုံး ကျမ်းစာလေ့လာဖို့ သဘောတူကြပြီး ကြားရက်အစည်းအဝေးကို အားလုံး တက်ရောက်ကြတယ်။ အိမ်နီးချင်းတွေကိုတောင် ခေါ်လာကြတယ်။

အများသုံး ရေဘုံဘိုင်နားမှာ အမျိုးသမီးတစ်ယောက်ကို ညီအစ်မတစ်ယောက် ကျမ်းစာသတင်းစကား ဝေမျှနေစဉ်

ညီအစ်မ အလီရှာက သက်ကြီးအမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ အမျိုးသမီးက အသင်းတော်အစည်းအဝေးတက်ဖို့ ဖိတ်ခေါ်တာကို ချက်ချင်း လက်ခံတယ်။ အလီရှာက သူ့ကို သွားကြိုတဲ့အခါ အမျိုးသမီးက သူ့သူငယ်ချင်းနဲ့အတူ စောင့်နေတယ်။ အစည်းအဝေး ပြီးသွားတဲ့အခါ အမျိုးသမီး ဒီလိုပြောတယ်– “ဘုရားသခင်က ညီမတို့နဲ့ အတူရှိတယ်ဆိုတာ သိပ်ထင်ရှားတယ်။ အစ်မကို နွေးနွေးထွေးထွေး၊ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြလို့ နောက်လည်း လာတက်ချင်တယ်။”

ဒီကင်ပိန်းမှာ ရလဒ်ကောင်းတွေရလို့ ဇင်ဘာဘွေက ညီအစ်ကို/မတွေနဲ့အတူ ကျွန်တော်တို့ ဝမ်းမြောက်ပါတယ်။ ကမ္ဘာ့ဒေသအားလုံးမှာ လုံ့လဝီရိယရှိရှိ “မျိုးစေ့ကြဲ” ဖို့ ကြိုးစားနေတာတွေ အောင်မြင်မယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။—ဒေသနာ ၁၁:၆