မာတိကာဆီ ကျော်သွား

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်
ဇင်ဘာဘွေ

၂၀၂၃ ဇင်ဘာဘွေ စိုက်ပျိုးမွေးမြူရေးပြပွဲမှာ အများရှေ့ သက်သေခံခြင်း

၂၀၂၃ ဇင်ဘာဘွေ စိုက်ပျိုးမွေးမြူရေးပြပွဲမှာ အများရှေ့ သက်သေခံခြင်း

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ကနေ စက်တင်ဘာ ၂ ရက်အထိ ဇင်ဘာဘွေနိုင်ငံ၊ ဟာရာရေမြို့မှာ စိုက်ပျိုးမွေးမြူရေး ပြပွဲတစ်ခု ကျင်းပခဲ့တယ်။ ဒီနိုင်ငံတကာ ပြပွဲရဲ့ ပြခန်း ၅၀၀ ကျော်ကို လာရောက်ကြည့်ရှုသူ ၂၅၀,၀၀၀ ကျော်တယ်။ မြို့ခံ ညီအစ်ကို၊ ညီအစ်မတွေကလည်း အင်္ဂလိပ်၊ ဒက်ဘယ်လ် (ဇင်ဘာဘွေ)၊ ရှိုနာ ဘာသာစကားတွေနဲ့ စာပေပြခန်း ခင်းကျင်းကြတယ်။ ညီအစ်ကို၊ ညီအစ်မ ၇၉ ယောက်က စာပေ ၆,၃၀၀ နီးပါး ဝေငှနိုင်ခဲ့ပြီး ကျမ်းစာသင်အံမှု တောင်းခံမှုပေါင်း ၁၁၆ ခု လက်ခံရရှိခဲ့တယ်။

ထမူကာလို့ခေါ်တဲ့ ဆယ်ကျော်သက်တစ်ယောက်က လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁ နဲ့ ၂ ကို တွေ့တာနဲ့ စိတ်ဝင်စားသွားပြီးပြခန်းကို လာကြည့်တယ်။ ယေဟောဝါသက်သေတွေမှာ အခမဲ့ကျမ်းစာလေ့လာမှု အစီအစဉ် ရှိမှန်းလည်း သိရော ဝမ်းသာအားရနဲ့ “ဒီကျမ်းစာသင်ခန်းစာတွေအကြောင်း ကျွန်တော့်ကို ထပ်ပြောပြပေးပါဦး” လို့ပြောတယ်။ ဒါနဲ့ သူ့ကို ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်နဲ့ ကျမ်းစာလေ့လာပုံကို ပြပေးတယ်။ ကျမ်းစာသင်အံမှု တောင်းခံလို့ ဒေသခံ ညီအစ်ကိုတစ်ယောက်က သူနဲ့ ကျမ်းစာလေ့လာဖို့ စီစဉ်တယ်။

နောက်အမျိုးသားတစ်ယောက်က ပြခန်းဆီ လာလည်ပြီး သက်သေခံတွေရဲ့ နှိမ့်ချမှုနဲ့ ဝီရိယရှိရှိ ဟောပြောပုံကို သဘောကျတယ်လို့ ပြောပြတယ်။ ဒါနဲ့ ပြခန်းက ညီအစ်ကိုတစ်ယောက်က သူ့ကို မဿဲ ၂၈:၁၉၊ ၂၀ ဖတ်ပြပြီး ကျမ်းစာသတင်းစကားကို ဟောပြောဝေမျှပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို ယေဟောဝါသက်သေတွေ အလေးအနက်ထားတဲ့အကြောင်း ရှင်းပြတယ်။ သူလည်း ဒီလိုသတ္တိမွေးဖို့ လိုတယ်ဆိုပြီး အမျိုးသားက ဝန်ခံတယ်။ ညီအစ်ကိုက သူ့ကို ကျမ်းစာသင်အံမှု ကမ်းလှမ်းတဲ့အခါ ဝမ်းပန်းတသာ လက်ခံခဲ့တယ်။

ယေဟောဝါသက်သေတွေရဲ့ ယဉ်ကျေးရည်မွန်မှုကို သဘောကျတယ်လို့ ပြခန်းကို လာကြည့်တဲ့ အမျိုးသမီးတစ်ယောက် ပြောပြတယ်။ ကျမ်းစာကို လေ့လာပြီး လက်တွေ့ကျင့်သုံးလို့ ဒီလို အရည်အသွေးတွေ တင်ပြနိုင်တာဆိုပြီး ညီအစ်ကိုတွေ ရှင်းပြတယ်။ ပြီးနောက် ညီအစ်မတစ်ယောက်က ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်နဲ့ ကျမ်းစာ ဘယ်လိုလေ့လာကြသလဲဆိုတာ အစမ်း ပြပေးတယ်။ မိသားစုအတွက်၊ လူငယ်တွေအတွက် စာအုပ်စာပေ အမျိုးစုံကို အခမဲ့ ရရှိနိုင်တယ် သိရလို့ အဲဒီအမျိုးသမီး အံ့ဩသွားတယ်။ စာပေတချို့နဲ့ ကျမ်းစာတစ်အုပ် ယူလိုက်ပြီး ကျမ်းစာသင်အံမှုကိုလည်း လက်ခံခဲ့တယ်။ “ကျွန်မ ရရှိခဲ့သမျှထဲမှာ အကောင်းဆုံး လက်ဆောင်ပါပဲ” ဆိုပြီး ပြောပြတယ်။

ဒါ့အပြင် ညီအစ်ကို၊ ညီအစ်မတွေက ပြပွဲအနှံ့ အလွတ်သဘော သက်သေခံကြတယ်။ ညီအစ်ကိုတစ်ယောက်က ပြခန်းတစ်ခု ဖွင့်ထားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စကားစမြည်ပြောတယ်။ အဲဒီနေ့မှာပဲ အမျိုးသမီးဆီ နောက်တစ်ခေါက် သွားလည်ပတ်ပြီး ကျမ်းစာနဲ့ စာပေတချို့ ပေးတယ်။ သူက ကိုယ်ပိုင်ကျမ်းစာအုပ်ရဖို့ ကြိုးစားနေခဲ့တာကြာပြီ။ ဒီတော့ စာပေတွေရလို့ ပျော်သွားတယ်။ ညီအစ်မတစ်ယောက် လာလည်ပတ်နိုင်ဖို့ အမျိုးသမီးက သူ့အချက်အလက်တွေ ပေးလိုက်တယ်။

ပြပွဲမှာပါဝင်ခဲ့တဲ့ ညီအစ်မ ရန်ဂါနိုင် အခုလိုပြောပြတယ်– “မနှစ်တုန်းက ကျွန်မ ကျန်းမာရေးမကောင်းလို့ အမှုဆောင်မှာ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး။ ဒါပေမဲ့ အခက်အခဲကို မဟုတ်ဘဲ ကောင်းချီးကို အာရုံစိုက်ရမယ်ဆိုတာ သိခဲ့ရပြီ။ ဒီအစီအစဉ်မှာ ပါဝင်ကူညီခွင့်ရတာ တကယ့်ကောင်းချီးပဲ။ အခုလိုပါဝင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု တိုးပြီး အားရှိလာတယ်။”

“ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေ” ဖြစ်တဲ့ ဇင်ဘာဘွေက ညီအစ်ကို/မတွေနဲ့အတူ ပခုံးချင်းယှဉ် အမှုဆောင်ခွင့်ရလို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ သူတို့ရဲ့ တွေ့ကြုံမှုကောင်းတွေ ကြားရလို့လည်း ဝမ်းသာပါတယ်။—၁ ကောရိန္သု ၃:၉