မာတိကာဆီ ကျော်သွား

ထောင်က လွတ်လာတဲ့ ညီအစ်ကို ရှာမီ ခါကီမို့ကို ညီအစ်ကို/မတွေ ကြိုဆိုနှုတ်ဆက်နေကြစဉ်

၂၀၂၃ ခုနှစ်၊ မေ ၁၆ ရက်
တာဂျစ်ကစ္စတန်

တာဂျစ်ကစ္စတန်နိုင်ငံက အသက် ခုနစ်ဆယ့်နှစ်နှစ်အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ ထောင်ကနေ လွတ်ပြီ

တာဂျစ်ကစ္စတန်နိုင်ငံက အသက် ခုနစ်ဆယ့်နှစ်နှစ်အရွယ် ညီအစ်ကို ရှာမီ ခါကီမို့ ထောင်ကနေ လွတ်ပြီ

၂၀၂၃ ခုနှစ်၊ မေ ၁၆ ရက်မှာ ညီအစ်ကို ရှာမီ ခါကီမို့ဟာ တာဂျစ်ကစ္စတန်နိုင်ငံ အကျဉ်းထောင်ကနေ လွတ်လာပါပြီ။ ယုံကြည်ခြင်းကြောင့် လေးနှစ်ကြာ ထောင်ကျခဲ့ပြီး အခု အိမ်ကို ပြန်ရောက်ပါပြီ။

၂၀၁၉ ခုနှစ်၊ အဖမ်းမခံရခင်ကတည်းက ညီအစ်ကို ရှာမီမှာ သွေးတိုးရောဂါ၊ နှလုံးရောဂါနဲ့ တခြား ရောဂါဝေဒနာတွေ ရှိတယ်။ ကျန်းမာရေး ချူချာပေမဲ့ ထောင်ထဲမှာ လိုအပ်တဲ့ ဆေးကုသမှု မရခဲ့ရှာဘူး။ ဒီလိုနဲ့ ကျန်းမာရေး ပိုဆိုးလာပြီး ခြေထောက်မှာ အသားပုပ်တဲ့အထိ ဖြစ်ခဲ့တယ်။

ညီအစ်ကို ရှာမီက အကျဉ်းထောင်ထဲမှာ ဒီလောက်အထိ အခက်အခဲကြုံခဲ့တာတောင် ဘုရားရဲ့ကျမ်းစကားကို အာရုံစိုက်လို့ အကောင်းမြင်စိတ်ကို ထိန်းနိုင်ခဲ့တယ်။

“ညီအစ်ကိုရှာမီကို သိပ်ချစ်ပါတယ်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ အကျဉ်းထောင် အပြင်ဘက်မှာ မိတ်ဆွေတွေ ကြိုဆိုနေစဉ်

ညီအစ်ကို ရှာမီ ဆုတောင်းတဲ့အခါ ဆာလံ ၁၄၁:၈ ပါ စာသားကို ထည့်တောင်းတတ်တယ်– “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကိုယ်တော့်ကို မျှော်ကိုးပါတယ်။ ကိုယ်တော့်ဆီမှာ ခိုလှုံပါတယ်။” ဒါ့အပြင် ဒုက္ခရောက်နေသူတွေရဲ့ နာမည်တွေကို ယေဟောဝါရဲ့ လက်ဖဝါးပေါ် “ရေးထိုးထားတယ်” ဆိုတဲ့ ဟေရှာယ ၄၉:၁၃၊ ၁၆ ကနေလည်း နှစ်သိမ့်မှု ရခဲ့တယ်။ အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ခံထားရရင်တောင် ယေဟောဝါ မမေ့ဘူးဆိုတာကို အဲဒီကျမ်းချက်တွေကြောင့် ယုံကြည်စိတ်ချလာတယ်။

ကျမ်းစာကနေ အားယူခဲ့တဲ့အတွက် ညီအစ်ကို ရှာမီရဲ့ပျော်ရွှင်မှု ပျောက်မသွားတဲ့အပြင် တခြားသူတွေကိုတောင် သူ အားပေးနိုင်ခဲ့တယ်။ ညီအစ်ကို ရှာမီနဲ့ ပုံမှန် ဆက်သွယ်တဲ့ ညီအစ်ကိုတစ်ယောက် ဒီလို ပြောပြတယ်– “သူ့ကို ဦးဆုံးအကြိမ် ဖုန်းဆက်တုန်းက စိတ်ပျက်အားလျော့တဲ့အသံ ကြားရမယ်လို့ ထင်ထားတာ။ ဘယ်ဟုတ်မလဲ၊ သူက ယုံကြည်ခြင်း သိပ်ခိုင်မာတာ။ ဘာပဲ ကြုံရကြုံရ အပြုသဘောထား ပျောက်မသွားဘူး။ ကျွန်တော်တို့ကိုလည်း အမြဲ အားပေးတယ်။”

မြည်တမ်းစကား ၃:၂၅ မှာ ဒီလို ဆိုတယ်– “ယေဟောဝါဟာ မိမိကို မျှော်လင့်နေသူအပေါ်၊ မိမိကို အမြဲရှာဖွေနေသူအပေါ် ကောင်းမြတ်တယ်။” တာဂျစ်ကစ္စတန်နိုင်ငံက ညီအစ်ကို ရှာမီနဲ့ ညီအစ်ကို/မတွေဟာ အပြုသဘောထားနဲ့ ခံရပ်နေကြတယ်။ ယေဟောဝါရဲ့ “ကောင်းမြတ်” မှုကို သူတို့ ဆက်ခံစားရပါစေလို့ ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။