မာတိကာဆီ ကျော်သွား

ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့်

နိုဝင်ဘာ ၁၈၊ ၂၀၂၀
တာဂျစ်ကစ္စတန်

တာဂျစ်သမ္မတအမိန့်နဲ့ ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရပြီး ထောင်ကနေ လွတ်လာ

တာဂျစ်သမ္မတအမိန့်နဲ့ ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရပြီး ထောင်ကနေ လွတ်လာ

၂၀၂၀၊ နိုဝင်ဘာ ၁ ရက်နေ့မှာ အကျဉ်းထောင်ကနေ လွတ်လာပြီးနောက် ညီအစ်ကို ဂျိုဗီဒွန် ဘာဘာဟာနိုဗ့်က “ကျွန်တော် ယုံကြည်ခြင်း ခိုင်မြဲအောင် ယေဟောဝါ ကူညီပေးခဲ့တယ်” လို့ ပြောတယ်။ အဲဒီနေ့ မတိုင်ခင်ရက်မှာ ဂျိုဗီဒွန်နဲ့ အကျဉ်းသား ၃၇၇ ယောက်ကို တာဂျစ်သမ္မတအမိန့်နဲ့ လွတ်ငြိမ်းခွင့် ပေးလိုက်တယ်။ ဂျိုဗီဒွန်ဟာ ယုံကြည်ချက်ကြောင့် စစ်ထဲ မဝင်လို့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရတာ အခုဆို ထောင်ဒဏ် ကိုးလ ကျခံပြီးပါပြီ။

၂၀၁၉၊ အောက်တိုဘာ ၄ ရက်နေ့မှာ အသက် ၁၉ နှစ်အရွယ် ဂျိုဗီဒွန်ကို အိမ်ကနေ အတင်းအကျပ် ခေါ်ဆောင်သွားပြီး စစ်လေ့ကျင့်ရေးရုံးမှာ ချုပ်ထားကြတယ်။ အဲဒီနောက် တပ်စခန်း အတော်များများကို ပြောင်းရွှေ့ခံရတယ်။ ယာယီထိန်းသိမ်းရေးစခန်း (TDF) တိုင်းမှာ စစ်မှုမထမ်းရတဲ့ အကြောင်းရင်းကို ရှင်းပြရတယ်။ “တပ်မှူးတွေနဲ့ စစ်သား အတော်များများက ယုတ္တိမရှိတဲ့ မေးခွန်းတွေ မေးကြတယ်။ အားလုံးက ကျွန်တော့်ကို ဘာသာစွန့်စေချင်ကြတယ်” လို့ ဂျိုဗီဒွန် ပြောတယ်။ “မေးခွန်းတွေ မေးပြီး ကျွန်တော် ဒေါသထွက်အောင် ဆွကြတယ်။ တစ်ခါတလေ ညကြီးမင်းကြီး လာနှိုးပြီး မေးပြီးသား မေးခွန်းတွေ လာမေးကြတယ်။ ဘာကြောင့် စစ်မှုမထမ်းသလဲဆိုတာ ရှင်းပြခိုင်းကြတယ်။

“ဆုတောင်းတာက သိပ်အကူအညီ ဖြစ်စေတယ်။ နေ့တိုင်းညတိုင်း ငိုရှိုက်ပြီး ဆုတောင်းတယ်။ ခံနိုင်ရည် ရှိဖို့၊ ယေဟောဝါ စိတ်ပျက်အောင် မလုပ်မိဖို့၊ ဒေါသနဲ့ ပြန်မဖြေမိဖို့ ကူညီပေးပါဆိုပြီး ဆုတောင်းတယ်။

“အထီးကျန်ပြီး စိတ်ဓာတ်ကျတဲ့အခါလည်း ရှိတာပေါ့ ... ဒီအခါမျိုးမှာ ယေဟောဝါက ကျွန်တော့်လက်ကို မြဲမြဲ ဆုပ်ကိုင်ထားတယ်။ ဖန်ဆင်းရာတွေကနေလည်း ယေဟောဝါ ခွန်အားပေးတယ်။ မနက်ဆိုရင် ငှက်ကလေးတွေရဲ့ တေးသံနဲ့အတူ ကျွန်တော် နိုးထလာတယ်။ ညရောက်ရင် ကြယ်တို့ လတို့ကို ငေးမောကြည့်တယ်။ ယေဟောဝါဆီက အဲဒီဆုလက်ဆောင်တွေက ကျွန်တော့်ကို ပျော်ရွှင်၊ အားရှိစေခဲ့တာ။”

၂၀၂၀၊ ဧပြီ ၂ ရက်မှာ ဂျိုဗီဒွန်ကို ပြစ်ဒဏ် ချမှတ်ပြီး TDF စခန်းကနေ အကျဉ်းထောင်ဆီ ပို့လိုက်တယ်။ စာတွေ လက်ခံခွင့် မရှိဘူး။ ဒါပေမဲ့ ဒေသခံ ညီအစ်ကို/မတွေက သူ့ဆီ အစားအစာ ပို့ပေးတဲ့အခါ ပါဆယ်အိတ်ပေါ်မှာ နေ့စဉ်ကျမ်းချက် ရေးပေးတယ်။ “ဒါက အထီးကျန် မဖြစ်ဖို့ ကူညီပေးတယ်၊ မိတ်ဆွေတွေ ကျွန်တော့်ကို ဘယ်လောက် ချစ်ကြောင်း သတိရစေတယ်” လို့ ဂျိုဗီဒွန် ပြောတယ်။

ရောမ ၈:၃၇-၃၉ တို့လို အားရှိစရာ ကျမ်းပိုဒ်တွေ ပြန်မှတ်မိလို့ ဂျိုဗီဒွန် သိပ်ကျေးဇူးတင်မိတယ်။ “ဒီကျမ်းစကားတွေ ဘယ်လောက် မှန်မှန်း အကျဉ်းထောင်မှာ ကိုယ်တွေ့ကြုံခဲ့ရတယ်။ ကျွန်တော် ယေဟောဝါရဲ့ မေတ္တာ မခံစားရအောင် ဘယ်စမ်းသပ်မှုကမှ မလုပ်နိုင်ဘူး။ ကျွန်တော် ယုံကြည်ခြင်း ခိုင်ခံ့နေအောင် ယေဟောဝါ ကူညီပေးတယ်။”

ဂျိုဗီဒွန်ရဲ့ တွေ့ကြုံမှုက သူ့မိဘတွေကိုလည်း အားရှိစေတယ်။ ဖခင် အက်ဘ်ဒူဂျမော်က “ဆုတောင်းခြင်း၊ စမ်းသပ်မှုကို ကြံ့ကြံ့ခံ ရပ်တည်တဲ့ သားရဲ့ ပုံသက်သေကောင်းကြောင့် ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်ခံ့လာတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေလည်း အများကြီး ကူညီပေးတယ်။ သူတို့ ဆုတောင်းပေးကြတဲ့အတွက် အင်မတန် ကျေးဇူးတင်တယ်။ မေတ္တာရှိပြီး ဂရုစိုက်တတ်တဲ့ မိတ်ဆွေတွေ ပေးထားလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်” လို့ ပြောတယ်။

ဒီဆုံးခန်းချိန်မှာ ကျွန်တော်တို့အားလုံး “မီးလို ပူလောင်တဲ့ စမ်းသပ်မှုတွေ” ကြုံကြရမယ်။ (၁ ပေတရု ၄:၁၂) “အခု၊ ကျွန်တော် လွတ်လာပြီဆိုတော့ ယေဟောဝါကို ပိုသိကျွမ်းအောင် လုပ်မယ်။ ရှေ့မှာ ကြုံရမယ့် စမ်းသပ်မှုအတွက် ကောင်းကောင်း ပြင်ဆင်ထားမယ်။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ မကြုံရသေးသူတွေအနေနဲ့ ကိုယ်လွတ်လပ်နေချိန်မှာ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို ဖတ်ရှုခြင်းအားဖြင့် ယေဟောဝါအကြောင်း ပိုသိကျွမ်းအောင် လုပ်ဖို့ သိပ်အရေးကြီးတယ်” လို့ ဂျိုဗီဒွန် ပြောတယ်။