အောက်တိုဘာ ၂၇၊ ၂၀၂၀
တာဂျစ်ကစ္စတန်
အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ဖမ်းချုပ်ခံထားရတဲ့ လူငယ် ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ် တာဂျစ်အကျဉ်းထောင်မှာ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရဖွယ်ရှိ
စီရင်ချက် ချမယ့်အချိန်
တာဂျစ် စစ်ဘက်ဆိုင်ရာ တရားရုံးက ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ်ရဲ့ အမှုကို မကြာခင် စီရင်ချက် ချပါတော့မယ်။ a ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်မှုနဲ့ ထောင်ဒဏ် နှစ်နှစ်ကနေ ငါးနှစ် ချမှတ်ခံရဖွယ်ရှိတယ်။ ၂၀၂၀၊ အောက်တိုဘာ ၁ ရက်ကတည်းက သူ့ကို ဖမ်းချုပ်ထားပါတယ်။
ကိုယ်ရေးအကျဉ်း
ရပ်စတန်ညွန် နိုရို့ဗ်
မွေးဖွားတဲ့နှစ်။ ၁၉၉၈ (ဒူရှန်ဘာမြို့)
ဘဝအတ္ထုပ္ပတ္တိ။ တိုက်ခန်းတွေ၊ ပရိဘောဂတွေ ပြုပြင်မွမ်းမံတဲ့အလုပ် လုပ်ပြီး မိသားစုကို ထောက်ပံ့တယ်။ ဘောလုံးကန်တာ ဝါသနာပါတယ်
၂၀၁၆ ခုနှစ်၊ အသက် ၁၇ နှစ်အရွယ်မှာ နှစ်ခြင်းခံတယ်။ နှစ်နှစ်ကြာပြီးနောက် ရုရှားစကားပြော အသင်းတော်ကနေ တာဂျစ်စကားပြော အသင်းတော်ကို ပြောင်းပြီး အမှုဆောင်တယ်
အမှုနောက်ကြောင်း
၂၀၁၆ မှာ ညီအစ်ကို ရပ်စတန်ညွန် နိုရို့ဗ်က ဒေသတွင်းမှာ ရှိတဲ့ စစ်မှုထမ်းစာရင်းရုံးကို သွားပြီး မိမိရဲ့ ကြားနေမှုအကြောင်း ရှင်းပြတယ်။ စစ်မှုမထမ်းဘဲ အရပ်ဘက်လုပ်ငန်း လုပ်ဆောင်ခွင့် ပေးဖို့ တောင်းဆိုတယ်။ နောက်တစ်နှစ်မှာလည်း အဲဒီအတိုင်း လုပ်တယ်။ အရာရှိက ညီအစ်ကို ရပ်စတန်ညွန် ရှင်းပြတာကို အရေးတယူ နားထောင်ပေးတယ်။ နောင်သုံးနှစ်လုံးလုံး စစ်မှုထမ်းဖို့ ဆင့်ခေါ်ခြင်း မခံရဘူး။
၂၀၂၀၊ စက်တင်ဘာ ၂၄ မှာတော့ ညီအစ်ကို နိုရို့ဗ်ကို စစ်မှုထမ်းစာရင်းရုံး ခရိုင်ရုံးက ဆင့်ခေါ်တယ်။ အရာရှိတွေက သုံးနာရီကြာ မေးမြန်းပြီးနောက် စစ်မှုထမ်းဖို့ ကျန်းမာသန်စွမ်းတယ်လို့ ဆုံးဖြတ်ပြီး အတင်းအကျပ် ကျန်းမာရေး စစ်ဆေးခိုင်းကြတယ်။ အတူလိုက်ပါသွားတဲ့ ဖခင်က ဒီအမှုကို အစိုးရရှေ့နေရုံးဆီ လွှဲပေးဖို့ တောင်းဆိုလိုက်တယ်။
အောက်တိုဘာ ၁ ရက်မှာ ညီအစ်ကို နိုရို့ဗ်တို့သားအဖ အစိုးရရှေ့နေရုံးကို သွားကြတယ်။ အစိုးရရှေ့နေက ရဲအရာရှိနဲ့အတူ ခရိုင်ရုံးကို လိုက်သွားခိုင်းတယ်။ ရုံးရောက်တော့ ညီအစ်ကို နိုရို့ဗ်ဖခင်ကို ရုံးထဲ ဝင်ခွင့်မပြုဘူး။ ညီအစ်ကို နိုရို့ဗ်ကို နှစ်ရက် ချုပ်ထားကြတယ်။ စွဲချက်တင်ခြင်း၊ စစ်ဆေးခံရခြင်း မရှိဖူးဘူး။ ချုပ်နှောင်ထားချိန်မှာ ရှေ့နေနဲ့ စကားပြောခွင့်လည်း မပေးကြဘူး။
အောက်တိုဘာ ၃ ရက်မှာ ညီအစ်ကို နိုရို့ဗ်ကို မိသားစု နေထိုင်ရာ ဒူရှန်ဘာမြို့ကနေ ၁၈၆ မိုင်ဝေးတဲ့ ဟူဂျန်မြို့က စစ်လေ့ကျင့်ရေးစခန်းဆီ ပို့လိုက်တယ်။ နောက်နှစ်ရက်အတွင်း ဟူဂျန်မြို့က စစ်လေ့ကျင့်ရေးစခန်း တစ်ခုပြီးတစ်ခုဆီ ပြောင်းရွှေ့ခိုင်းတယ်။
အောက်တိုဘာ ၆ ရက်မှာ မိသားစုနဲ့ ဖုန်းပြောခွင့်၊ ရှေ့နေနဲ့ တွေ့ခွင့်ပေးတယ်။ အောက်တိုဘာ ၇ မှာ တာဂျစ်စစ်ဘက်ဆိုင်ရာ တရားရုံးက အမှုကြားနာစစ်ဆေးခြင်း မရှိဘဲ ညီအစ်ကို နိုရို့ဗ်ကို ဖမ်းချုပ်ထားဖို့ အမိန့်ချတယ်။ အစိုးရရှေ့နေ စုံစမ်းစစ်ဆေးချိန်တစ်လျှောက်၊ တရားရုံး စီရင်ချက်မချခင်အထိ အချုပ်ကျနေမှာ ဖြစ်တယ်။ စစ်မှုမထမ်းချင်လို့ ဆေးစစ်ချက်ကို ပြုပြင်တယ်ဆိုပြီး ညီအစ်ကို နိုရို့ဗ်ကို စွပ်စွဲထားကြတယ်။
ညီအစ်ကို နိုရို့ဗ်ဟာ ချုပ်နှောင်ခံနေရပေမဲ့ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားပြီး အပြုသဘော ရှိနေဆဲပါ။ အခုလိုအချိန်မျိုးမှာ ရဲစွမ်းသတ္တိ ရှိစေဖို့၊ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ကူညီပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်နေပါတယ်။ ၂၀၁၃ ခုနှစ်မှာ မထင်မှတ်ဘဲ စမ်းသပ်မှုတစ်ခု ကြုံခဲ့ရတာကလည်း ကျေးဇူးတင်စရာပါပဲ။ မြို့နယ်အာဏာပိုင်တွေက ညီအစ်ကို နိုရို့ဗ်နဲ့ သူ့ညီ ရာရှန်ကို ကျန်းမာရေး စစ်ဆေးဖို့ဆိုပြီး စစ်သားစုဆောင်းရေး စခန်းဆီ ပို့လိုက်တယ်။ အဲဒီတုန်းက နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ ရပ်စတန်ညွန်ဟာ အသက် ၁၅ နှစ်ပဲ ရှိသေးလို့ စစ်မှုထမ်းဖို့ အသက်မပြည့်သေးဘူး။ ဒီလိုဖြစ်ပြီးနောက် ဖခင် ဘာတာရ်က ခရစ်ယာန် ကြားနေမှုကို ခုခံပြောဆိုနိုင်ပုံအကြောင်း မိသားစု ဝတ်ပြုမှုမှာ များများ သင်ပေးတယ်။ စစ်သားစုဆောင်းရေး အရာရှိအဖြစ် သရုပ်ဆောင်ပြီး ကိုယ့်ယုံကြည်ချက်အတွက် ခုခံပြောဆိုတတ်အောင် သားတွေကို လေ့ကျင့်ပေးတယ်။
ရပ်စတန်ညွန် ဒီလိုပြောပြတယ်– “မိသားစု ဝတ်ပြုမှုမှာ မလေ့ကျင့်ခင်တုန်းက ကိုယ့်ယုံကြည်ချက်ကို ခုခံကာကွယ်တတ်ပါတယ်လို့ ထင်ခဲ့တာပေါ့။ တကယ်လည်း လေ့ကျင့်ရော ကျွန်တော် ကြောက်လန့်နေလို့ အံ့ဩလိုက်တာ။ ယုံကြည်ခြင်း ခိုင်ခံ့အောင်၊ ကြားနေမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာအောင် များများ ဆုတောင်း၊ လေ့လာမှု များများ လုပ်ဖို့ လိုမှန်း သိလိုက်ရတယ်။ တဖြည်းဖြည်းနဲ့ ကြောက်စိတ် လျော့နည်းလာတယ်။ ၂၀၁၆ နှစ်ဦးပိုင်းမှာ ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။”
ရပ်စတန်ညွန်က ယုံကြည်ချက်ကြောင့် ထောင်ချခံခဲ့ရတဲ့ အတွေ့အကြုံရှိ ညီအစ်ကိုကြီးတွေနဲ့လည်း များများပေါင်းတယ်။ “ကြားနေတဲ့အတွက် ဘာတွေ ကြုံရနိုင်တယ်ဆိုတာ ကျွန်တော် ကောင်းကောင်း သိထားတယ်။ ထောင်ထဲ ရောက်ရင်တော့ ‘ရပ်ကွက်အသစ်’ မှာ ယေဟောဝါရဲ့ နာမည်ကို သန့်ရှင်းမြင့်မြတ်စေဖို့ အခွင့်ရမှာလို့ ခံယူထားတယ်” လို့ ပြောတယ်။
ရပ်စတန်ညွန်ရဲ့ဖခင် ဒီလိုပြောတယ်– “ယေဟောဝါကို ကျွန်တော်တို့မိသားစု သိပ်ကျေးဇူးတင်တယ်။ အလိုတော် ထမ်းဆောင်ခွင့်၊ ဘုရား အသုံးပြုတဲ့ ကိရိယာတွေ ဖြစ်ခွင့် ရလို့ပါ။ ညီအစ်ကို/မတွေရဲ့ မေတ္တာ၊ ဆုတောင်းချက်တွေ၊ ဘုရားရေးရာ အားပေးထောက်မမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော်တို့ စိုးရိမ်ပူပန် မနေပါဘူး။ ကျမ်းစာမှာ ယေဟောဝါ ကတိပြုထားတဲ့အတိုင်း ဘုရားသခင့်ငြိမ်သက်ခြင်းကို ခံစားနေရလို့ပါ။”—ဖိလိပ္ပိ ၄:၆၊ ၇။
a စီရင်ချက် ချမယ့်နေ့ကို အတိအကျ မသိရသေးပါ