မာတိကာဆီ ကျော်သွား

ညီအစ်ကို နာဇာ အလီယေ့ဗ်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၁
တာ့ခ်မင်နစ္စတန်

စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ညီအစ်ကို နာဇာ အလီယေ့ဗ်ကို တစ်နှစ် ထောင်ဒဏ် ချမှတ်

စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ညီအစ်ကို နာဇာ အလီယေ့ဗ်ကို တစ်နှစ် ထောင်ဒဏ် ချမှတ်

စီရင်ချက်

၂၀၂၁၊ ဖေဖော်ဝါရီ ၁၀ မှာ တာ့ခ်မင် တရားရုံးက ညီအစ်ကို နာဇာ အလီယေ့ဗ်ကို စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

နာဇာ အလီယေ့ဗ်

  • မွေးဖွားတဲ့နှစ်- ၂၀၀၀ (လီဘက် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ- မိခင်၊ မွေးချင်း နှစ်ယောက်နဲ့အတူ တာ့ခ်မင်နဘတ်မြို့မှာ နေထိုင်တယ်။ ဘော်လီဘောနဲ့ ဘောလုံးကန်တာ နှစ်သက်တယ်။ နှလုံးကျန်းမာရေး မကောင်းဘူး။ မိသားစုကို ထောက်ပံ့ဖို့ ဆံပင်ညှပ်တယ်

    မိခင်ဆီကနေ ကျမ်းစာအကြောင်း သိလာတယ်။ ၂၀၁၅၊ အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံတယ်။ ပျော်ပျော်နေတတ်တဲ့၊ ရက်ရောတဲ့၊ နှိမ့်ချတဲ့ လူငယ်ဆိုပြီး သိကြတယ်။ သူ့ရဲ့ ကြားနေမှုကို မိသားစုလည်း ထောက်ခံတယ်

အမှုနောက်ကြောင်း

၂၀၂၀၊ မေ ၁၆ မှာ ညီအစ်ကို နာဇာ အလီယေ့ဗ်ကို စစ်သား စုဆောင်းရေးရုံးဆီ ခေါ်သွားတယ်။ အရာရှိက သူ့နာမည် စာရင်းမှာ ပါတာကို ပြပြီး စစ်ဝတ်စုံ ဝတ်ခိုင်းပေမဲ့ ညီအစ်ကိုက ငြင်းတယ်။ မေ ၂၈ မှာ နောက်ထပ် တွေ့ဆုံတော့လည်း စစ်မှုထမ်းဖို့ ငြင်းဆန်တယ်။ နောက်လမှာ ညီအစ်ကို နာဇာ အလီယေ့ဗ်က ခရိုင် စစ်သား စုဆောင်းရေးရုံးကို စာရေးပြီး သူ့ယုံကြည်ချက်ကို ရှင်းပြခဲ့တယ်။

၂၀၂၁၊ ဇန်နဝါရီ ၄ မှာ ခိုဂျန်ဘက် ခရိုင်၊ အစိုးရ ရှေ့နေရုံးကို မိခင်နဲ့အတူ သွားပြီး စစ်မှုထမ်းဖို့ ငြင်းဆိုရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်။ အရပ်ဘက်လုပ်ငန်းကို အစားထိုး လုပ်ဆောင်ခွင့်ပြုဖို့ တောင်းဆိုတယ်။ ဒါပေမဲ့ စစ်ဆေးသူတွေက နာဇာကို တရားစွဲမှာ ဖြစ်ကြောင်း ပြောတယ်။

အခု အသက် ၂၀ အရွယ် ညီအစ်ကို နာဇာ ဒီလိုပြောတယ်– “ဒီလို အခြေအနေတွေမှာ ယေဟောဝါကို အားကိုးတဲ့အခါ စိတ်ငြိမ်သက်မှု ရတယ်။ ယေဟောဝါရဲ့ အကူအညီနဲ့ တည်တည်ငြိမ်ငြိမ် စကားပြောနိုင်တယ်။”

“ကြုံခဲ့ရသမျှကို ပြန်တွေးလိုက်တဲ့အခါ ယေဟောဝါ အမြဲ ထောက်မပေးမှန်း သိလာတယ်။ ဒါက အနာဂတ်မှာလည်း ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချစေတယ်” လို့ ဆက်ပြောတယ်။

တာ့ခ်မင်နစ္စတန်မှာ အစားထိုး အရပ်ဘက်လုပ်ငန်း လုပ်ဆောင်မှုကို ခွင့်မပြုသေးဘူး။ ဒါကြောင့် ဘာသာရေး ယုံကြည်ချက်အရ စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ညီအစ်ကိုငယ်လေးတွေဟာ ထောင်ဒဏ် နှစ်နှစ်အထိ ကျနိုင်တယ်။ လောလောဆယ် ညီအစ်ကို ၁၅ ယောက်ဟာ ကြားနေမှုကြောင့် တာ့ခ်မင်နစ္စတန်မှာ ထောင်ကျနေတယ်။

ယေဟောဝါဟာ နာဇာနဲ့ တာ့ခ်မင်နစ္စတန်မှာ ရှိတဲ့ တခြား လူငယ်ညီအစ်ကိုတွေအပေါ် “သစ္စာစောင့်သိ” မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၈:၂၅