မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆယ်လင် တာဂါနို့ဗ်

နိုဝင်ဘာ ၂၄၊ ၂၀၂၀
တာ့ခ်မင်နစ္စတန်

တာ့ခ်မင်နစ္စတန်က ညီအစ်ကို တာဂါနို့ဗ် ထောင်တစ်နှစ်ကျပြီးနောက် ပြန်လွတ်လာ

တာ့ခ်မင်နစ္စတန်က ညီအစ်ကို တာဂါနို့ဗ် ထောင်တစ်နှစ်ကျပြီးနောက် ပြန်လွတ်လာ

၂၀၂၀၊ အောက်တိုဘာ ၃ ရက်မှာ ထောင်ကနေ လွတ်လာတဲ့ ညီအစ်ကို ဆယ်လင် တာဂါနို့ဗ်က “ဆုတောင်းတဲ့အခါ စိတ်တည်ငြိမ်အောင် ယေဟောဝါ ကူညီပေးတယ်” လို့ ပြောတယ်။ ဆယ်လင်ဟာ အသက် ၁၉ နှစ်ပဲ ရှိသေးပေမဲ့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ဒဏ် တစ်နှစ် ကျခံခဲ့ရတယ်။

ဆယ်လင်ဟာ တာ့ခ်မင်နစ္စတန်ရဲ့ မြို့တော် အက်ရှ်ဂါဘတ်မှာ မွေးလာတယ်။ ငယ်ငယ်ကတည်းက စာကြိုးစားတယ်။ တေးဂီတကို မြတ်နိုးတယ်။ တေးရေး၊ တေးဆို၊ ဂီတာတီး ဝါသနာပါတယ်။ ပျော်ပျော်နေတတ်သူ၊ သဘောကောင်းတဲ့ လူရည်မွန်လေးလို့ မိဘ၊ အစ်ကိုနှစ်ယောက်နဲ့ သူငယ်ချင်းတွေ ပြောကြတယ်။ ဆယ်လင် စီရင်ချက် မကျခင်မှာ သူ့ရှေ့နေက “ဆယ်လင်ဟာ ဆေးလိပ်မသောက်၊ အရက်မသောက်တဲ့ လူရည်မွန်လေးပါ။ အထက်တန်းကျောင်း ပြီးခါစပဲ ရှိသေးတယ်။ ထောင်ဒဏ်က သူ့အတွက် ထိခိုက်နစ်နာစေရုံပဲ ရှိမယ်” လို့ ဆိုတယ်။

ထောင်သားဘဝဟာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမဲ့ “ထောင်ထဲမှာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစားတယ်။ အိမ်မှာ သင်ယူထားတဲ့ ကျမ်းစာအမှန်တရားတွေကို ပြန်စဉ်းစားလေ ပိုနားလည်လာလေပဲ။ ဟေရှာယ ၄၁:၁၀၊ ၁၁ တို့လို ကျမ်းချက်တွေ ပြန်စဉ်းစားတာက ကျွန်တော့်ကို အားတက်စေတယ်။

“ယာယီထိန်းသိမ်းရေး အကျဉ်းထောင်မှာ စီရင်ချက်ကို စောင့်နေချိန်တုန်းက စကားပြောဖော်၊ ရင်ဖွင့်ဖော် မရှိတာ တော်တော်လေး ခက်တယ်။ ယေဟောဝါဆီ ဆုတောင်းတယ်။ အစတုန်းက ကျွန်တော့်ကို ရန်လိုနေတဲ့ ထောင်သားတွေ၊ အစောင့်တွေ နောက်ပိုင်းမှာ ကျွန်တော့်ကို ကူညီအားပေးကြတယ်။ ဒီနည်းနဲ့ ယေဟောဝါ ထောက်မပေးနေတာ သေချာတယ်” လို့ ဆယ်လင် ပြောတယ်။

ဒေသခံ ညီအစ်ကို/မတွေကြောင့်လည်း ဆယ်လင် အားရှိခဲ့ရတယ်။ “ထောင်ကျနေတဲ့ ကျွန်တော့်ဆီ နှုတ်ဆက်စာတွေ၊ အားပေးစာတွေ အများကြီး ရေးပို့ကြတယ်။ ဒါတွေကို အထပ်ထပ်အခါခါ ပြန်စဉ်းစားတယ်။ အားရှိပြီး စိတ်ချမ်းသာသွားတယ်။”

တာ့ခ်မင် ဥပဒေအရ ဆယ်လင်ဟာ တပ်ထဲဝင်ဖို့ ထပ်အခေါ်ခံရနိုင်တယ်။ နောက်တစ်ကြိမ်ဆိုရင် ထောင်ဒဏ် နှစ်ရှည် ကျခံရမယ်ဆိုတာ သူ သိထားတယ်။ “ယေဟောဝါအကူအညီနဲ့ ခံရပ်ပြီးတဲ့နောက် အနာဂတ်မှာ ဘာပဲ ကြုံရပါစေ မကြောက်တော့ဘူး။ ယေဟောဝါ ကူညီထောက်မနေတဲ့အတွက် သတ္တိရှိတယ်၊ ယုံကြည်စိတ်ချမှု ရှိနေတယ်” လို့ ဆယ်လင် ပြောတယ်။

ကျွန်တော်တို့အားလုံး အနာဂတ်မှာ စမ်းသပ်မှုတွေ ကြုံရနိုင်စရာ ရှိတယ်။ “ကျွန်တော့်လို စမ်းသပ်မှုမျိုး ကြုံရသူတွေကို အားပေးချင်တာက “တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်” ဆိုတဲ့ ဟေရှာယ ၃၀:၁၅ ကို ပြန်အမှတ်ရကြပါ” လို့ ဆယ်လင် ပြောတယ်။