မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၃၊ ၂၀၂၀
တာ့ခ်မင်နစ္စတန်

တာ့ခ်မင်နစ္စတန်က ညီအစ်ကို ပက်ထရိုစို့ဗ် ထောင်တစ်နှစ် ကျပြီးနောက် ပြန်လွတ်လာ

တာ့ခ်မင်နစ္စတန်က ညီအစ်ကို ပက်ထရိုစို့ဗ် ထောင်တစ်နှစ် ကျပြီးနောက် ပြန်လွတ်လာ

တာ့ခ်မင်နစ္စတန်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ဒေးဗစ် ပက်ထရိုစို့ဗ်ဟာ ယုံကြည်ခြင်း စမ်းသပ်မှုကြီး ရင်ဆိုင်ရတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်လို့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရတယ်။ ၂၀၂၀၊ စက်တင်ဘာ ၃၀ မှာ ထောင်က လွတ်လာတယ်။

“ထောင်မှာ တချို့ရက်တွေဆို စိတ်မကြည်ဘူး။ ဒါပေမဲ့ ယေဟောဝါက ကျမ်းစာကတစ်ဆင့် နှစ်သိမ့်ပေးတယ်။ ကျွန်တော့်ခံစားချက်ကို ယေဟောဝါ နားလည်တယ်၊ နှစ်သိမ့်ပေးချင်တယ်ဆိုတာ သိထားတာက ဆုတောင်းချင်စိတ် ပေါ်လာစေတယ်။ ကျမ်းချက်တွေက အမြဲပဲ နှစ်သိမ့်မှု ဖြစ်စေတယ်။ ဖိလိပ္ပိ ၄:၁၃ ကို အမှတ်ရဆုံးပဲ” လို့ ညီအစ်ကို ပက်ထရိုစို့ဗ် ပြောတယ်။

တာမင်နစ္စတန်ရဲ့ မြို့တော် အက်ရှ်ဂါဘတ်မြို့က ညီအစ်ကို ပက်ထရိုစို့ဗ်ရဲ့ ဇာတိပါ။ ကြီးလာတဲ့အခါ ဂီတာ တီးသင်တယ်။ သီချင်းစပ်တယ်။ ဘောလုံးကန်တာ၊ တောင်တက်တာ၊ ရေကူးတာ ဝါသနာပါတယ်။

အတန်းဖော် သက်သေခံတစ်ယောက်နဲ့ ကျမ်းစာလေ့လာပြီးနောက် ၂၀၁၉ ခုနှစ်မှာ နှစ်ခြင်းခံတယ်။ မိသားစုဝင်တွေက သက်သေခံ မဟုတ်ပေမဲ့ သူ့ရဲ့ ယုံကြည်ချက်၊ ဘုရားအပေါ် ထားတဲ့ ယုံကြည်ခြင်းကို လေးစားကြတယ်။

နှစ်ခြင်းခံပြီး မကြာခင် စစ်မှုထမ်းဖို့ စာရင်းမသွင်းတဲ့အတွက် ရုံးတင်ခံရတယ်။ တာ့ခ်မင်နစ္စတန်မှာ အရပ်ဘက်လုပ်ငန်း ရွေးချယ်ခွင့် မရှိဘူး။ ဒါနဲ့ပဲ အာဏာပိုင်တွေက သူ့ကို ထောင်တစ်နှစ် ချလိုက်တယ်။

ထောင်ကျတဲ့နှစ်အတွင်း ညီအစ်ကို ပက်ထရိုစို့ဗ်ကို ယေဟောဝါ ထောက်မပေးခဲ့တယ်။ “အမေ ပြောတာက ညီအစ်ကို/မတွေ ထောင်ကို လာမတွေ့နိုင်ပေမဲ့ နှုတ်ဆက်လိုက်တယ်၊ ဆုတောင်းပေးနေကြတယ်တဲ့။ ကျွန်တော်ဖြင့် ပျော်လိုက်တာ” လို့ ညီအစ်ကို ပက်ထရိုစို့ဗ် ပြောတယ်။

တာ့ခ်မင်ဥပဒေအရ စစ်ထဲဝင်ဖို့ ဒုတိယအကြိမ် အခေါ်ခံရမယ်ဆိုတာ ဒေးဗစ် သိတယ်။ အပြစ်စီရင်ခံရနိုင်တယ်။ ပိုကြီးလေးတဲ့ ထောင်ဒဏ် ကျခံရနိုင်တယ်။

“ကျွန်တော်လည်း ထောင်ထဲ နောက်တစ်ခါ ဘယ်ဝင်ချင်ပါ့မလဲ။ ဒါပေမဲ့ မကြောက်ပါဘူး။ ယေဟောဝါကို ယုံကြည်ခြင်း၊ ညီအစ်ကို/မတွေအပြင် ဘုရားကို ချီးမွမ်းတဲ့ သီချင်းတွေကြောင့် သတ္တိရှိနေပြီ” လို့ သူ ပြောတယ်။

ယေဟောဝါဟာ ဒေးဗစ်ကို ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ဆက်ပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချနေပါတယ်။ တာ့ခ်မင်နစ္စတန်မှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ညီအစ်ကို ဆယ်ယောက်အတွက်လည်း ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ သူတို့ကို ယေဟောဝါ ချစ်တယ်၊ အမှတ်ရနေတယ်၊ ထောက်မပေးနေတယ်ဆိုတာ သေချာပါတယ်။—ဆာလံ ၆၉:၃၃