မာတိကာဆီ ကျော်သွား

ဇူလိုင် ၄၊ ၂၀၁၇
တာ့ခ်မင်နစ္စတန်

တာ့ခ်မင်နစ္စတန် အစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မလား

တာ့ခ်မင်နစ္စတန် အစိုးရက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မလား

မကြာသေးခင်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေထဲက ဆယ်ခုဟာ တာ့ခ်မင်နစ္စတန် နိုင်ငံသားတွေ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေ ပေးဖို့ တာ့ခ်မင်နစ္စတန် အစိုးရကို တောင်းဆိုထားတာ ဖြစ်တယ်။ a အဲဒီဆုံးဖြတ်ချက်တွေကို ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့တဲ့ တာ့ခ်မင်နစ္စတန် အစိုးရဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ပြစ်ဒဏ်ပေးတာ ရပ်တန့်ပေးဖို့ ဖော်ပြထားတယ်။

ယေဟောဝါသက်သေတွေ ဖြေရှင်းနည်း ရှာနေ

အဲဒီကော်မတီရဲ့ ဆုံးဖြတ်ချက်တွေဟာ ၂၀၁၂၊ စက်တင်ဘာလတုန်းက ယေဟောဝါသက်သေ အမျိုးသားဆယ်ဦးရဲ့ တိုင်ကြားချက်တွေပေါ် အခြေခံတယ်။ သူတို့ဟာ ယုံကြည်ချက်အရ စစ်မှုထမ်းဖို့ ငြင်းဆိုခဲ့တဲ့အတွက် ပြစ်ဒဏ်ပေးခံခဲ့ရတယ်။ သူတို့ထဲက ကိုးယောက်ဟာ ထောင်ဒဏ်ခံရရုံမက ရိုက်နှက်နှိပ်စက်ခံခဲ့ရတယ်။ ပူလောင်၊ ညစ်ပတ်ပြီး လူပြည့်ကျပ်နေတဲ့ ထောင်ခန်းတွေထဲမှာ ကူးစက်ရောဂါသည်တွေနဲ့အတူ သူတို့ နေခဲ့ရတယ်။

ကော်မတီရဲ့ ဆုံးဖြတ်ချက် တစ်ခုစီမှာ တာ့ခ်မင်နစ္စတန် အစိုးရဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ငြင်းဆိုသူတွေရဲ့ “လွတ်လပ်စွာတွေးခေါ်ခွင့်၊ ယုံကြည်ခွင့်နှင့် ဘာသာရေးလွတ်လပ်ခွင့်” ကို ချိုးဖောက်တယ်လို့ ကောက်ချက်ချထားတယ်။ ထောင်ဒဏ်ပေးခံရတဲ့ အမျိုးသားကိုးယောက်ကို တာ့ခ်မင်နစ္စတန်က “လူလူချင်း လေးစားဆက်ဆံမှု” မရှိဘဲ “လူမဆန်တဲ့နည်းတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်၊ ပြစ်ဒဏ်ပေး” ကြောင်း ကော်မတီက ပြောခဲ့တယ်။

အဲဒီလို လူ့ကျင့်ဝတ် ဖောက်ဖျက်တာကို တာ့ခ်မင်နစ္စတန် အစိုးရ ဖြေရှင်းပေးတဲ့အနေနဲ့ ယေဟောဝါသက်သေတွေကို ရာဇဝတ်မှု ကျူးလွန်သူအဖြစ် မှတ်တမ်းတင်ထားတာတွေကို ဖျက်ပစ်ရမယ်၊ သူတို့ကို နစ်နာကြေးပေးရမယ်၊ “ယုံကြည်ချက်ကြောင့် ငြင်းဆိုပိုင်ခွင့် အာမခံချက်” ပေးဖို့ အစိုးရဥပဒေကို ပြုပြင်ရမယ်လို့ ကော်မတီက တောင်းဆိုတယ်။ အဲဒီအပြင် ကော်မတီက ယေဟောဝါသက်သေတွေ မတရား ဆက်ဆံခံရတာကို ဘက်မလိုက်ဘဲ သေသေချာချာ စုံစမ်းစစ်ဆေးဖို့နဲ့ မတရားပြုမူသူတွေကို အရေးယူဖို့ အစိုးရကို ညွှန်ကြားလိုက်တယ်။

၂၀၁၃ ခုနှစ်မှာ စစ်မှုထမ်းဖို့ ငြင်းဆိုသူ ယေဟောဝါသက်သေ အမျိုးသား နောက်ထပ် ငါးဦး နှိပ်စက်ညှဉ်းဆဲ ခံခဲ့ရတယ်လို့ ကော်မတီကို တိုင်ချက်တင်ကြတယ်။ သူတို့အမှုကို လိုက်ပေးတဲ့ ရှေ့နေတွေက ပထမ သက်သေခံဆယ်ဦးရခဲ့တဲ့ ဆုံးဖြတ်ချက်မျိုး ရလိမ့်မယ်လို မျှော်လင့်တယ်။

နာဗရုဇ် နာစီရ်လာရေ အပြင်းအထန် နှိပ်စက်ခံခဲ့ရ

နာဗရုဇ် နာစီရ်လာရေ

၂၀၁၆၊ ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ကော်မတီရဲ့ ဆုံးဖြတ်ချက်တစ်ခုက နာဗရုဇ် နာစီရ်လာရေနဲ့ ပတ်သက်တယ်။ ၂၀၀၉ ဧပြီလ၊ သူအသက် ၁၈ နှစ်အရွယ်မှာ စစ်မှုထမ်းဖို့ ဦးဆုံး ဆင့်ခေါ်ခံရတုန်းက သူ့ရဲ့ အသိစိတ်ဟာ စစ်မှုထမ်းဖို့ ခွင့်မပြုတဲ့အကြောင်း အရာရှိတွေကို ရှင်းပြခဲ့တယ်။ ဒါပေမဲ့ အရပ်ဘက်နဲ့ဆိုင်တဲ့ အလုပ်တွေ လုပ်ပါ့မယ်လို့ ပြောပြတယ်။ အဲဒီနောက် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ဆာဒီမြို့က LB-E/12 ထောင်မှာ နှစ်နှစ် ထောင်ချခံရတယ်။ ထောင်ကျနေတုန်း မကြာခဏ တိုက်ပိတ်ခံရပြီး မျက်နှာဖုံးစွပ်ထားတဲ့ ထောင်စောင့်တွေက သူ့ကို ရက်ရက်စက်စက် ရိုက်နှက်ကြတယ်။

ထောင်ကနေ ထွက်လာပြီး တစ်လအကြာ ၂၀၁၂ ဇန်နဝါရီလမှာ မစ္စတာ နာစီရ်လာရေ ဟာ စစ်မှုထမ်းဖို့ ပြန်ဆင့်ခေါ်ခံရတယ်။ ဒီတစ်ခါလည်း အရပ်ဘက်ဆိုင်တဲ့ အလုပ်လုပ်ဖို့ အသင့်ရှိပါတယ်လို့ ရှင်းပြပေမဲ့ “တကယ့် တင်းကျပ်တဲ့ထောင်” မှာ နှစ်နှစ် ပြစ်ဒဏ်စီရင်ခံခဲ့ရတယ်။ အရင်တစ်ခေါက်လိုပဲ ထောင်စောင့်တွေက သူ့ကို ရက်ရက်စက်စက် ရိုက်နှက်ကြပြီး ညစ်ပတ်တဲ့အလုပ်တွေ လုပ်ခိုင်းတယ်။

မစ္စတာ နာစီရ်လာရေရဲ့ မိသားစုလည်း ဒုက္ခပေးခံခဲ့ရတယ်။ ကော်မတီကို သူ တိုင်ကြားစာတင်ပြီး မကြာခင်မှာ ရဲအရာရှိတွေက ဒါရှိုဂုဇ်မြို့မှာရှိတဲ့ သူ့အိမ်ကို ဝင်ရောက် ရှာဖွေကြတယ်။ တိုင်ကြားစာတင်တဲ့အတွက် မိသားစုနဲ့ သူတို့ရဲ့ ဧည့်သည်တွေကိုပါ မတော်မတရား ဆက်ဆံခဲ့တယ်။

၂၀၁၄၊ မေလမှာ ထောင်ကနေ လွတ်လာပေမဲ့ ညှဉ်းဆဲနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်တွေကို အခုထိ ခံစားနေရတုန်းပဲ။ ပြစ်ဒဏ်ခံရတဲ့ နှစ်ကြိမ်စလုံးက “ကိုယ်ကိုယ်ကိုယ်သိစိတ်ပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက် တစ်ခုတည်း” ကြောင့် ဖြစ်ကြောင်း ကော်မတီက ထောက်ပြတယ်။ မစ္စတာ နာစီရ်လာရေဟာ “စစ်မှုထမ်းခြင်းကို ငြင်းဆိုတာက ကိုယ်ကိုယ်ကိုယ်သိစိတ်ပေါ် မူတည်တဲ့ သူ့ဘာသာရေး ခံယူချက်တွေကြောင့် ဖြစ်တယ်။ . . . ပြီးတော့ သူ့ကို ပြစ်ဒဏ်စီရင်တာက သူ့ရဲ့ လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာပဲ” လို့ ကော်မတီက သတ်မှတ်တယ်။

ယေဟောဝါသက်သေတွေနဲ့ ဆက်ဆံပုံကို တာ့ခ်မင်နစ္စတန် အစိုးရ ပြုပြင်မလား

တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ၂၀၁၂ ခုနှစ်မှာ ကော်မတီက “ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို တရားမစွဲဖို့၊ အဲဒီအတွက် ထောင်ကျနေသူတွေကို လွှတ်ပေးဖို့” တာ့ခ်မင်နစ္စတန် အစိုးရကို တိုက်တွန်းခဲ့တယ်။ ဒါနဲ့ တာ့ခ်မင်နစ္စတန် အစိုးရက စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ကျနေတဲ့ ယေဟောဝါသက်သေ နောက်ဆုံးတစ်ယောက်ကို ၂၀၁၅၊ ဖေဖော်ဝါရီလမှာ လွှတ်ပေးလိုက်တယ်။ အဲဒီအချိန်ကတည်းက စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ယေဟောဝါသက်သေတွေကို ထောင်မချတော့ဘူး။

ဒါပေမဲ့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို တရားစွဲပြီး ပြစ်ဒဏ်ပေးနေတဲ့အတွက် တာ့ခ်မင်နစ္စတန် အစိုးရက လူ့အခွင့်အရေးကို ကာကွယ်ပေးပါမယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေပါတယ်။

  • ၂၀၁၄ ခုနှစ် နှောင်းပိုင်းကတည်းက တာ့ခ်မင်နစ္စတန် အစိုးရဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို စာရိတ္တပြုပြင်ရေးထောင်ကို ပို့တယ်။ ဒီပုံစံနဲ့ အပြစ်ပေးခံရသူတွေဟာ သူတို့ လစာထဲက ၂၀ ရာခိုင်နှုန်းကို တစ်နှစ်ကနေ နှစ်နှစ်အထိ အစိုးရဘတ်ဂျက်ထဲ ငွေသွင်းရတယ်။ လောလောဆယ် ယေဟောဝါသက်သေ နှစ်ယောက် စာရိတ္တပြုပြင်ရေးထောင်မှာ ထောင်ကျနေတယ်။

  • အမှုတချို့မှာကျတော့ အစိုးရ အရာရှိတွေက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို သူတို့ရဲ့ ခံယူချက်တွေကို စွန့်လွှတ်ဖို့ ပြင်းပြင်းထန်ထန် ဖိအားပေးကြတယ်။

အာသဲရ် ရန်ဂီဘာယဗ်

ဥပမာ၊ အရပ်ဘက်ဆိုင်ရာ ဘယ်အလုပ်မျိုးမဆို လုပ်ပါမယ်လို့ အသနားခံစာ တင်ထားတဲ့ ယေဟောဝါသက်သေ အာသဲရ် ရန်ဂီဘာယဗ်ရဲ့အိမ်ကို ၂၀၁၆၊ ဇွန် ၁၆ ရက်က ဒေသခံ ရဲအရာရှိနဲ့ စစ်ဘက်ဆိုင်ရာ ရိက္ခာထောက်ပံ့ရေး ကိုယ်စားလှယ် နှစ်ယောက် ရောက်လာပြီး အစိုးရရှေ့နေရုံးကို ခေါ်သွားတယ်။ အဲဒီမှာ စိတ်ပိုင်းဖိအားပေးမှု ပြင်းထန်လွန်းလို့ သူ့ရဲ့အသနားခံစာကို ပြန်ရုပ်သိမ်းပါတယ်ဆိုတဲ့ စာတစ်စောင် ရေးလိုက်ရတယ်။ နောက်ပိုင်းမှာ မစ္စတာ ရန်ဂီဘာယဗ်က သူ့ကို အတင်းအကျပ် လုပ်ခိုင်းတဲ့အကြောင်း တိုင်ချက်တင်ခဲ့တယ်။ အချုပ်ထဲ သုံးပတ် နေရပြီးနောက် နှစ်နှစ် အကျယ်ချုပ် အပြစ်ဒဏ်နဲ့ လွှတ်ပေးခဲ့တယ်။ b

မဖြေရှင်းရသေးတဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ

တာ့ခ်မင်နစ္စတန်အစိုးရက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ညှဉ်းဆဲတဲ့အပြင် ဘာသာရေးလုပ်ငန်းကို ချုပ်ချယ်ထားပြီး ပြစ်ဒဏ်ပေးတယ်။ ၂၀၁၇၊ ဇန်နဝါရီ ရက်စွဲနဲ့ ကုလသမဂ္ဂ ညှဉ်းပန်းနှိပ်စက်တာကို ဆန့်ကျင်တဲ့ ကော်မတီက သတင်းတစ်ပုဒ် ထုတ်ပြန်ခဲ့ပြီး တာ့ခ်မင်နစ္စတန် အစိုးရကို ဒီလိုအသနားခံတယ်– “၂၀၁၅၊ မေလကစပြီး ချုပ်နှောင်ခံနေရတဲ့ ယေဟောဝါသက်သေ ဘာရမ် ဟမ်ဒါမိုကို ညှဉ်းဆဲနှိပ်စက်နေတဲ့ကိစ္စကို ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေးပေးဖို့၊ [ပြီးတော့] ယေဟောဝါသက်သေ တစ်ယောက်ဖြစ်တဲ့ မန်ဆူ မာရှရီပိုကို ၂၀၁၄၊ ဇူလိုင်လမှာ ဖမ်းဆီးချုပ်နှောင်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်၊ ဆေးဖြတ်ဌာနကို အတင်းပို့ဆောင်၊ ချုပ်နှောင်ထားတဲ့ ကိစ္စကို ဘက်မလိုက်ဘဲ စုံစမ်းစစ်ဆေး ပေးပါ။” မစ္စတာ မာရှရီပိုဟာ ထောင်ထဲမှာ တစ်နှစ်နေပြီး အခု လွတ်မြောက်လာပါပြီ။ တကယ်တော့၊ တရားမဝင်တဲ့ ဘာသာရေးအလုပ် လုပ်တယ်ဆိုပြီး ပြစ်ဒဏ်ပေးခံရတဲ့ မစ္စတာ ဟမ်ဒါမိုနဲ့ ဘာသာရေးအလုပ် ထမ်းဆောင်လို့ဆိုပြီး မတရားစွပ်စွဲချက်နဲ့ ထောင်ချခံရတဲ့ မစ္စတာ မာရှရီပိုတို့ နှစ်ယောက်စလုံးဟာ အပြစ်မရှိသူတွေပါ။

တာ့ခ်မင်နစ္စတန်အစိုးရက ဒီကိစ္စတွေကို ဖြေရှင်းပေးပြီး လွတ်လပ်စွာ ယုံကြည်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် ရှိစေမယ်လို့ ယေဟောဝါသက်သေတွေ မျှော်လင့်ပါတယ်။ အဲဒီကိစ္စတွေကို ဖြေရှင်းပေးမယ်ဆိုရင် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို လေးစားကြောင်း၊ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး တရားသဖြင့် ဆောင်ရွက်ပေးကြောင်း ဖော်ပြရာ ရောက်ပါလိမ့်မယ်။

a ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတာကို အပြည်ပြည်ဆိုင်ရာဥပဒေက အခြေခံ လူ့အခွင့်ရေးပဲဆိုပြီး အသိအမှတ်ပြုတယ်။ နိုင်ငံအများစုရဲ့ တရားဥပဒေတွေမှာ ဒါကို အသိအမှတ်ပြုကြတယ်။ ဒါပေမဲ့ တာ့ခ်မင်နစ္စတန်နဲ့ အဇာဘိုင်ဂျန်၊ အီရီထရီယား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ တူရကီနိုင်ငံတွေက ဒီလူ့အခွင့်အရေးကို အသိအမှတ်ပြုဖို့ ငြင်းဆိုတဲ့အပြင် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့ ယေဟောဝါသက်သေတွေကို ဆက်တရားစွဲနေပါတယ်။

b လွတ်လပ်မှု အပြည့်အဝမရှိဘဲ အကျယ်ချုပ်ထားတယ်။ မစ္စတာ ရန်ဂီဘာယဗ်ဟာ ထောင်မကျပေမဲ့ ရဲအရာရှိတွေရဲ့ စောင့်ကြည့်၊ စစ်ဆေးတာကို ခံနေရတယ်။