မာတိကာဆီ ကျော်သွား

ညီအစ်ကို အဲဇစ် အာတာဘာယေ့ဗ် ထောင်ကနေ လွတ်ပြီးနောက်

၂၀၂၁၊ ဇန်နဝါရီ ၁၄
တာ့ခ်မင်နစ္စတန်

“ဒီစမ်းသပ်မှုကို ယေဟောဝါရဲ့ အကူအညီနဲ့ ခံရပ်နိုင်ခဲ့”

“ဒီစမ်းသပ်မှုကို ယေဟောဝါရဲ့ အကူအညီနဲ့ ခံရပ်နိုင်ခဲ့”

တာ့ခ်မင်နစ္စတန်မှာ ညီအစ်ကို အဲဇစ် အာတာဘာယေ့ဗ်ဟာ ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းတဲ့အတွက် နှစ်နှစ် ထောင်ချခံခဲ့ရတယ်။ ၂၀၂၀၊ ဒီဇင်ဘာ ၁၉ ရက်မှာ ထောင်ကနေ လွတ်လာပါပြီ။ အဲဒီနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ညီအစ်ကို ၄၆ ယောက်ဟာ ယုံကြည်ချက်ကြောင့် ထောင်ချခံခဲ့ရတယ်။

၂၀၁၆ မှာ ညီအစ်ကို အာတာဘာယေ့ဗ် စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အတွက် သူ့အမှုက မြို့နယ်တရာရုံးကို ရောက်သွားတယ်။ နှစ်နှစ်လောက် ကြာပြီးနောက် တရားရုံးကို လာဖို့ ဆင့်ခေါ်ခံရတယ်။ ၂၀၁၈၊ ဒီဇင်ဘာ ၁၉ မှာ တရားရုံးက ထောင်ဒဏ် နှစ်နှစ် ချလိုက်တယ်။

အဲဇစ် ဒီလိုပြောတယ်– “ကျွန်တော် ထောင်မကျခင် ဒီလိုမျိုး ကြုံခဲ့ဖူးတဲ့ ညီအစ်ကိုတွေနဲ့ စကားပြောဖြစ်တယ်။ သူတို့က ထောင်ထဲမှာ ဘယ်လို စမ်းသပ်မှုတွေ ကြုံရနိုင်တယ်ဆိုတာ သိဖို့ ကူညီပေးကြတယ်။ အဖွဲ့အစည်း စာပေတွေထဲက တွေ့ကြုံမှုတွေကိုလည်း ဖတ်တယ်။ အားပေးမှု ဖြစ်စေတဲ့ ကျမ်းချက်တွေကိုလည်း ဖတ်တယ်။

“ထောင်ကျမယ့် မနက်မှာ ညီအစ်ကို တစ်ယောက်က ‘တည်ငြိမ်စွာ ယုံကြည်ကိုးစားမယ်ဆိုရင် ခွန်အားကြီးလိမ့်မယ်’ ဆိုတဲ့ ဟေရှာယ ၃၀:၁၅ ကို ပြတယ်။ အဲဒီကျမ်းချက်က တည်တည်ငြိမ်ငြိမ် ရှိဖို့၊ ကိစ္စရပ်တိုင်းမှာ ယေဟောဝါကို အားကိုးဖို့ ကူညီပေးတယ်။ ဒီကျမ်းချက်ကို တွေးတောဆင်ခြင်တာက ထောင်ထဲ နေရချိန်တစ်လျှောက်လုံး အကူအညီ ဖြစ်စေတယ်။”

ထောင်ထဲမှာ နေရတာ ခက်ခဲပေမဲ့ အဲဇစ်အတွက် အကြီးမားဆုံး အခက်အခဲကတော့ မိသားစုနဲ့ ခွဲနေရတာပဲ။ “ထောင်ကျနေချိန် ထောင်ထဲမှာ ရှိတဲ့ ညီအစ်ကိုတွေနဲ့ ပိုရင်းနှီးလာတယ်။ သူတို့နဲ့ မိတ်ဆွေစစ်တွေ ဖြစ်လာတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေကို လွမ်းတဲ့အခါ သူတို့ ကူညီပေးကြတယ်။”

အဲဇစ်ဟာ အခွင့်အရေး ရတိုင်း တခြားသူတွေကို သက်သေခံဖို့ ကြိုးစားတယ်။ “ပထမတော့ ကျွန်တော့် ယုံကြည်ချက်အကြောင်း ပြောပြတဲ့အခါ တချို့အကျဉ်းသားတွေ လက်မခံကြဘူး။ ဒါပေမဲ့ အစမှာ ငြင်းတဲ့သူတွေ နောက်ပိုင်း နားထောင်လာကြတယ်။ အကျဉ်းသား အသစ်တွေလည်း ရောက်လာခါစမှာ ကျွန်တော် သက်သေခံတဲ့အခါ ငြင်းကြတယ်။ ဒါပေမဲ့ အရင် ကျွန်တော် ဟောခဲ့တဲ့သူတွေက ကျွန်တော့်ဘက်ကနေပြီး သူတို့ သိလာတာတွေကို ပြောပြကြတယ်။”

စမ်းသပ်မှုတွေအတွက် ကြိုတင်ပြင်ဆင်တာနဲ့ပတ်သက်ပြီး အဲဇစ်က “ကိုယ်ပိုင်လေ့လာမှု ကောင်းကောင်း လုပ်ဖို့၊ ယေဟောဝါဆီ ရင်ဖွင့် ဆုတောင်းဖို့ ကျွန်တော် တိုက်တွန်းချင်တယ်။ ကိုယ့်စိုးရိမ်မှု၊ ကိုယ့်ခံစားချက်တွေ အားလုံး ယေဟောဝါဆီ ဖွင့်ပြောရမယ်။

“ဒီစမ်းသပ်မှုကို ယေဟောဝါရဲ့ အကူအညီနဲ့ ကျွန်တော် ခံရပ်နိုင်ခဲ့တာပါ။ ယေဟောဝါ ဆက်ကူညီပေးမယ်ဆိုတာ ကျွန်တော် စိတ်ချတယ်။ အနာဂတ်မှာ ကြုံရမယ့် စမ်းသပ်မှုတွေကိုလည်း ကျွန်တော် မကြောက်ပါဘူး။”—ဆာလံ ၁၁၈:၆