မာတိကာဆီ ကျော်သွား

ညီအစ်ကို မက်စ်အတ် ဂျူမာဒါဒီယေ့ဗ်

၂၀၂၁၊ ဇန်နဝါရီ ၂၈
တာ့ခ်မင်နစ္စတန်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို မက်စ်အတ် ဂျူမာဒါဒီယေ့ဗ်ကို ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို မက်စ်အတ် ဂျူမာဒါဒီယေ့ဗ်ကို ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်

စီရင်ချက်

၂၀၂၁၊ ဇန်နဝါရီ ၁၈ မှာ တာ့ခ်မင် တရားရုံးက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ညီအစ်ကို မက်စ်အတ် ဂျူမာဒါဒီယေ့ဗ်ကို ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်တယ်။

ကိုယ်ရေးအကျဉ်း

မက်စ်အတ် ဂျူမာဒါဒီယေ့ဗ်

  • မွေးဖွားတဲ့နှစ်– ၂၀၀၀ (ဆာဒီ လီဘက် ဒေသ)

  • ဘဝအတ္ထုပ္ပတ္တိ- ညီမ နှစ်ယောက် ရှိတယ်။ စာတော်တဲ့ ကျောင်းသား ဖြစ်ပြီး အားကစား ဝါသနာပါတယ်။ ရုပ်ပုံ၊ ပန်းချီ ဆွဲတာ တော်တယ်။ နှိမ့်ချသူ၊ ရိုးသားသူ၊ အလုပ်ကြိုးစားသူအဖြစ် လူသိများတယ်

    ၂၀၁၈ မှာ ကျမ်းစာ စလေ့လာတယ်။ ၂၀၁၉ မှာ နှစ်ခြင်းခံတယ်။ မိသားစုထဲမှာ သူတစ်ယောက်ပဲ သက်သေခံ ဖြစ်တယ်

အမှုနောက်ကြောင်း

စစ်မှုထမ်းဖို့ ငြင်းဆန်လို့ ညီအစ်ကို မက်စ်အတ် ဂျူမာဒါဒီယေ့ဗ်ဟာ ထောင်တစ်နှစ် ကျပြီး ဖြစ်တယ်။ ၂၀၁၉၊ ဇူလိုင် ၁၇ မှာ လွတ်လာတယ်။ တာ့ခ်မင်နစ္စတန်မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူကို နှစ်ကြိမ် အမှုလုပ်နိုင်တဲ့အတွက် ၂၀၂၀၊ မတ်လ မှာ ထပ်ဆင့်ခေါ်ခံရတယ်။ ဒုတိယအကြိမ် ထောင်ချခံရနိုင်တယ်ဆိုတာ သိပေမဲ့ စစ်မှုထမ်းဖို့ ငြင်းဆိုရတဲ့ အကြောင်းရင်းကို စာရေး ရှင်းပြခဲ့တယ်။

စုံစမ်းမှုတွေ၊ ကျန်းမာရေး စစ်ဆေးမှုတွေ အကြိမ်ကြိမ် လုပ်ပြီးနောက် ၂၀၂၀၊ ဒီဇင်ဘာ ၃၀ မှာ မက်စ်အတ်ကို ရာဇဝတ်မှုနဲ့ တရားစွဲလိုက်ကြောင်း အသိပေးကြတယ်။ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းလိုက်တယ်။

မက်စ်အတ်အတွက် ပထမအကြိမ် အမှုရင်ဆိုင်ရချိန်နဲ့ ထောင်သားဘဝဟာ ခက်ခဲတယ်။ “၂၀၁၈ ထောင်ကျချိန် မိဘတွေနဲ့ ခွဲနေရတာ ခံရပ်ဖို့ အခက်ဆုံးပဲ။ . . . မိဘတွေက သက်သေခံ မဟုတ်တော့ ကျွန်တော် စစ်မှုထမ်းဖို့ ငြင်းဆန်ရင် ဘာမှ ကူညီပေးမှာ မဟုတ်ဘူးလို့ ပြောတယ်” ဆိုပြီး မက်စ်အတ် ပြောတယ်။

မာကု ၁၀:၂၉၊ ၃၀ မှာ ပါတဲ့ စကားတွေက မိသားစု၊ မိတ်ဆွေတွေနဲ့ ခွဲနေရတာကို ခံရပ်ဖို့ ကူညီပေးတယ်။ မိမိကြောင့်၊ သတင်းကောင်းကြောင့် စွန့်လွှတ်ခဲ့ရရင် အဆ တစ်ရာ ပြန်ပေးမယ်လို့ ယေရှု ကတိပေးထားတယ်” လို့ မက်စ်အတ် ပြောတယ်။

ထောင်ထဲမှာ ရှိနေတုန်း ဆုတောင်းချက်တွေကို ယေဟောဝါ ချက်ချင်း အဖြေပေးတာ၊ အခက်အခဲတွေကနေ လွတ်အောင် ကူညီပေးတာတွေ ကြုံခဲ့ရတယ်။ “ရဲစွမ်းသတ္တိ ရှိပါ . . . မကြောက်ပါနဲ့။ မင်းရဲ့ ဘုရားသခင် ယေဟောဝါဟာ မင်း သွားလေရာမှာ အတူရှိနေမယ်” ဆိုတဲ့ ယောရှု ၁:၉ ပါ စကားကို မက်စ်အတ် မကြာခဏ ပြန်တွေးတယ်။

ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်အတိုင်း နာခံသွားဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဒုတိယအကြိမ် အမှု မရင်ဆိုင်ခင်မှာ မက်စ်အတ် ပြောတယ်။ “ဒုတိယအကြိမ် ထောင်ကျမယ်ဆိုရင်တောင် ဘယ်လို အခြေအနေမျိုးပဲ ကြုံပါစေ ယေဟောဝါ ကူညီမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။ ဖိလိပ္ပိ ၄:၆၊ ၇ မှာ ပါတဲ့ အကြံပြုချက်က သတ္တိရှိဖို့၊ တည်တည်ငြိမ်ငြိမ် ရှိဖို့ ကူညီပေးတယ်” လို့ ပြောတယ်။

ယေဟောဝါရဲ့ အချုပ်အခြာ အာဏာကို ထောက်ခံနေတဲ့ မက်စ်အတ်နဲ့ တခြား သတ္တိရှိ လူငယ် ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနေပါတယ်။ ထောင်ကျနေတဲ့ ညီအစ်ကိုတွေရဲ့ သစ္စာရှိမှုကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချပါတယ်။—ဗျာဒိတ် ၂:၁၀