မာတိကာဆီ ကျော်သွား

ညီအစ်ကို ဆာဒါ ဒိုဗလယ်တို့ဗ်၊ ၂၀၁၉၊ ဇွန်လ

ဒီဇင်ဘာ ၉၊ ၂၀၁၉
တာ့ခ်မင်နစ္စတန်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ညီအစ်ကို ဒိုဗလယ်တို့ဗ်ကို တာ့ခ်မင် တရားရုံးက ထောင်ဒဏ် သုံးနှစ်ချမှတ်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ညီအစ်ကို ဒိုဗလယ်တို့ဗ်ကို တာ့ခ်မင် တရားရုံးက ထောင်ဒဏ် သုံးနှစ်ချမှတ်

တာ့ခ်မင်နစ္စတန် တရားရုံးက ၂၀၁၉၊ နိုဝင်ဘာ ၁၂ ရက်နေ့မှာ အသက် ၂၆ နှစ်အရွယ် ညီအစ်ကို ဆာဒါ ဒိုဗလယ်တို့ဗ်ကို ထောင်ဒဏ် သုံးနှစ် ပြစ်ဒဏ်စီရင်ချက် ချလိုက်တယ်။ ညီအစ်ကို ဒိုဗလယ်တို့ဗ်ဟာ နိုင်ငံအတွင်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ပြစ်ဒဏ်စီရင်ခံရသူ ဆယ်ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ ခုနစ်ယောက်ကို ၂၀၁၉ ခုနှစ်မှာ ပြစ်ဒဏ်စီရင်ခဲ့တာဖြစ်ပြီး သုံးယောက်ကိုတော့ ၂၀၁၈ ခုနှစ်မှာ ပြစ်ဒဏ်စီရင်ခဲ့တာပါ။ ထောင်ဒဏ် တစ်နှစ်ကနေ လေးနှစ် အသီးသီး ချမှတ်ခံရကြတယ်။

ညီအစ်ကို ဒိုဗလယ်တို့ဗ်ဟာ တာ့ခ်မင်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်း မေရီပြည်နယ်၊ ဘာရာမလီမြို့က ဖြစ်တယ်။ ဇနီးဖြစ်သူ ဆူရီယာ၊ မိခင်ဖြစ်သူ ဆွန်ညာတို့လည်း ယေဟောဝါသက်သေတွေ ဖြစ်တယ်။

ညီအစ်ကို ဒိုဗလယ်တို့ဗ်ရဲ့ အမှုကို ၂၀၁၉၊ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စတင်စစ်ဆေးတယ်။ ညီအစ်ကို ဒိုဗလယ်တို့ဗ်က ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဖြစ်ကြောင်း တရားရုံးကို လျှောက်လှဲခဲ့တယ်။ အဲဒီအပြင် ဆရာဝန်သုံးယောက်ကလည်း ညီအစ်ကို ဒိုဗလယ်တို့ဗ်မှာ ရှိတဲ့ ရောဂါဝေဒနာကြောင့် စစ်မှုထမ်းနိုင်မှာ မဟုတ်ကြောင်း သက်သေထွက်ဆိုပေးခဲ့တယ်။

ညီအစ်ကို ဒိုဗလယ်တို့ဗ်နဲ့ ဆရာဝန်တွေရဲ့ လျှောက်လှဲချက် ရှိပေမဲ့လည်း တရားသူကြီးက ညီအစ်ကို ဒိုဗလယ်တို့ဗ်ကို စစ်မှုထမ်းဖို့ တရားမဝင် ရှောင်လွဲမှုနဲ့ အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ချလိုက်တယ်။ မကြာခင် ညီအစ်ကို ဒိုဗလယ်တို့ဗ်ဟာ လီဘပ်ပြည်နယ်၊ ကန္တာရမှာရှိတဲ့ ဆာဒီအလုပ်ကြမ်းစခန်းမှာရှိတဲ့ တခြားညီအစ်ကို ကိုးယောက်နဲ့ သွားနေရတော့မှာဖြစ်တယ်။ ညီအစ်ကို ဒိုဗလယ်တို့ဗ်ဟာ ပြစ်ဒဏ်စီရင်ချက်ကို အယူခံဝင်ပါမယ်။

တရားမမျှတမှုနဲ့ ဆက်ရင်ဆိုင်နေရတဲ့ တာ့ခ်မင်နစ္စတန်နိုင်ငံက ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ ဆက်သစ္စာရှိပြီး ရဲစွမ်းသတ္တိ တင်ပြနေကြတဲ့အတွက် သူတို့ကို ထောက်မပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို ကျွန်တော်တို့ အပြည့်အဝ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၃၇:၁၈၊ ၂၄