မာတိကာဆီ ကျော်သွား

မတ် ၁၇၊ ၂၀၁၆
တာ့ခ်မင်နစ္စတန်

လူ့​အခွင့်အရေး ချိုးဖောက်မှု​ကို ပြန်​ကုစား​ပေးဖို့ တာ့ခ်​မင်​န​စ္စ​တန်​မှာ တာဝန်​ရှိ

လူ့​အခွင့်အရေး ချိုးဖောက်မှု​ကို ပြန်​ကုစား​ပေးဖို့ တာ့ခ်​မင်​န​စ္စ​တန်​မှာ တာဝန်​ရှိ

ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​တဲ့ အမျိုးသားတွေကို တာ့ခ်​မင်​န​စ္စ​တန် အစိုးရက မှားယွင်းစွာ ပြစ်ဒဏ်ပေး​ခဲ့တယ်​လို့ မကြာသေးခင်က ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီ စီရင်​ဆုံးဖြတ်​မှု လေးခု​မှာ ဖော်ပြ​လိုက်တယ်။ a ထောင်​တွင်း ဆိုးရွား​တဲ့ အခြေအနေ​တွေ​က​လည်း နိုင်ငံသား​နှင့် နိုင်ငံရေး​အခွင့်အရေး​ဆိုင်ရာ နိုင်ငံတကာ သဘောတူ​စာချုပ် (ICCPR) မှာ အာမခံ​ထားတဲ့ ရပိုင်ခွင့်​တွေကို ချိုးဖောက်ရာ​ရောက်​ကြောင်း ဆုံးဖြတ်ခဲ့တယ်။ နိုင်ငံတကာ လူ့​အခွင့်အရေး ဥပဒေ ချိုးဖောက်မှု​အတွက် တာ့ခ်​မင်​န​စ္စ​တန်​အနေနဲ့ ပြန်​ကုစား​ပေး​ရမယ့် တာဝန်​ရှိကြောင်း ကော်မတီက ဆုံးဖြတ်ခဲ့တယ်။

ဆုံးဖြတ်ချက်​တစ်ခုက အမှု​နှစ်ခု​အပေါ် အကျိုး​သက်ရောက်

၂၀၁၅၊ မတ်လ​မှာ ကော်မတီက တာ့ခ်​မင်​န​စ္စ​တန် နိုင်ငံသား၊ ယေဟောဝါ​သက်သေ ဇာ​ဖာ အဘ်ဒူ​လာ​ယေ့ဗ်​အမှုကို သုံးသပ်​ခဲ့တယ်။ ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​လို့ အာဏာပိုင်တွေ​က ပြစ်ဒဏ်​နှစ်ကြိမ် ချခဲ့တယ်။ မစ္စတာ အဘ်ဒူ​လာ​ယေ့ဗ်​အမှုကို ၂၀၀၉၊ ဧပြီလ​တုန်း​က ဒါ​ရှိုဂုဇ် မြို့တော်​တရားရုံးမှာ ကြားနာ​တယ်။ ကျမ်းစာ​အသိပညာ​ကြောင့် လက်နက် မကိုင်​ဖို့၊ စစ်​ပညာ မသင်​ဖို့၊ စစ်ဘက်​လုပ်ငန်းကို မ​ပံ့ပိုး​ဖို့ ဆုံးဖြတ်​ရခြင်း​ဖြစ်ကြောင်း ထွက်ဆို​ခဲ့တယ်။ အစားထိုး အရပ်ဘက်​လုပ်ငန်းကို လုပ်ဆောင်​လို​ကြောင်း​လည်း ထွက်ဆို​ထားတယ်။ ဒါပေမဲ့ တရားရုံး​က “စစ်မှုထမ်း​ခြင်း ရှောင်လွဲ​မှု” ဆိုပြီး စည်းကမ်းချက်​နဲ့ ပြစ်ဒဏ် b ၂၄ လ ချခဲ့တယ်။

ပြစ်ဒဏ်​ခံ​နေရတာ ၁၁ လ​ကြာပြီးနောက် မစ္စတာ အဘ်ဒူ​လာ​ယေ့ဗ်​ကို အဲဒီ​တရားရုံး​က​ပဲ စစ်မှုထမ်း​ဖို့ ဆင့်ခေါ်​ပြန်တယ်။ သူကတော့ အရင်​အတိုင်းပဲ တုံ့ပြန်​ခဲ့တယ်။ တရားရုံး​က ထောင်ဒဏ် ၂၄ လ ပြန်​ချမှတ်တယ်။

စစ်မှုထမ်း​ဖို့ ငြင်းဆို​တဲ့​အတွက် မစ္စတာ အဘ်ဒူ​လာ​ယေ့ဗ်​ကို ဒုတိယ​အကြိမ် ပြစ်ဒဏ်ချ​မှတ်​တာ​ဟာ “နောက်ဆုံး​အပြစ်​ပေး၍ အပြစ်ပေး​ခံ​ပြီး​သော မည်​သူ့ကို​မဆို ထပ်မံ​၍ အမှုစစ်ဆေး​ခြင်း​သော်လည်း​ကောင်း၊ အပြစ်ပေးခြင်း​သော်လည်း​ကောင်း မပြုရ” ဆိုတဲ့ အာမခံချက်ကို ချိုးဖောက်ရာ​ရောက်​ကြောင်း ကော်မတီက ဆုံးဖြတ်တယ်။ (ICCPR အပိုဒ် ၁၄၊ အပိုဒ်​ခွဲ ၇ ကို​ကြည့်ပါ။) ပြစ်ဒဏ်​စီရင်ချက် နှစ်ခုစလုံးက “လွတ်လပ်​စွာ တွေးခေါ်​နိုင်​ခွင့်၊ လွတ်လပ်​စွာ ယူဆ​နိုင်​ခွင့်​နှင့် လွတ်လပ်​စွာ သက်ဝင်​ယုံကြည်​ကိုးကွယ်​နိုင်​ခွင့်” ကို ချိုးဖောက်ရာ​ရောက်တယ်လို့ ကော်မတီက ဆုံးဖြတ်တယ်။ (ICCPR အပိုဒ် ၁၈၊ အပိုဒ်​ခွဲ ၁ ကို​ကြည့်ပါ။)

“ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ခွင့်​ဟာ လွတ်လပ်​စွာ တွေးခေါ်​နိုင်​ခွင့်၊ လွတ်လပ်​စွာ ယူဆ​နိုင်​ခွင့်၊ လွတ်လပ်​စွာ သက်ဝင်​ယုံကြည် ကိုးကွယ်ခွင့်​တို့​ထဲမှာ ပါတယ်။ စစ်မှု​မ​ထမ်း​မနေ​ရ ဥပဒေ​ဟာ လူတစ်ယောက်ရဲ့ ဘာသာရေး ဒါမှမဟုတ် ယုံကြည်ချက်​နဲ့ မကိုက်ညီ​ရင် ကင်းလွတ်ခွင့် ပေး​နိုင်တယ်။”​—ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီ

ထောင်သား​ဘဝ

ဆာ​ဒီ LB-E/12 ထောင်​ကို ရောက်တာနဲ့ ထောင်​အာဏာပိုင်​အဖွဲ့က မစ္စတာ အဘ်ဒူ​လာ​ယေ့ဗ်​ကို ဆယ်ရက်​ကြာ တိုက်ပိတ်​ထား​လိုက်တယ်။ ထောင်​စောင့်​တွေ​က သူ့ကို ရိုက်နှက်​ပြီး အမျိုးမျိုး နှိပ်စက်​ကြတယ်။

၂၀၁၀-၂၀၁၁ ခုနှစ် အတွင်းမှာ အာမက် ဟူ​ဒေး​ဘီ​ဂီ​နို၊ မာ​မွတ် ဟူ​ဒေး​ဘီ​ဂီ​နို၊ ဆွန်​နက် ဂျ​ပါ​ရို​ဆိုတဲ့ နောက်ထပ် ယေဟောဝါ​သက်သေ အမျိုးသား သုံးယောက်​လည်း ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​လို့ ထောင်ချ​ခံရကြ​တယ်။ သူတို့လည်း ဆာ​ဒီ​အကျဉ်းထောင် ရောက်တာနဲ့ ရက်ရက်စက်စက် နှိပ်စက်​ခံရတယ်။ ထောင်ကျ​နေချိန်​အတွင်း အကြိမ်ကြိမ် ရိုက်နှက်​ခံခဲ့ရတယ်။

ဇာ​ဖာ အဘ်ဒူ​လာ​ယေ့ဗ်

ယေဟောဝါ​သက်သေ လေးယောက်​စ​လုံး ထောင်​တွင်း အခြေအနေ​တွေ တူကြတယ်။ မသန့်ရှင်းတဲ့ အကျဉ်းခန်း​တွေ​မှာ ထောင်သား ၄၀ လောက် ကျပ်​ကျပ်​သိပ်​သိပ် နေ​ရတယ်။ ထိုင်​ဖို့​နေရာ မရှိဘူး။ ကွန်ကရစ် ကြမ်းခင်း​နဲ့။ ညဘက်မှာ ညစ်ပတ်​နံစော်တဲ့ စောင်​တွေ ခြုံ​ရတယ်။ အားလုံး​အတွက် စောင် မလောက်​ဘူး။

၂၀၁၅၊ အောက်တိုဘာ​လမှာ မစ္စတာ ဟူ​ဒေး​ဘီ​ဂီ​နို၊ ဟူ​ဒေး​ဘီ​ဂီ​နို၊ ဂျ​ပါ​ရို​တို့ရဲ့ အမှုတွေ​ကို ကော်မတီက စီရင်​ဆုံးဖြတ်တယ်။ မစ္စတာ အဘ်ဒူ​လာ​ယေ့ဗ်​နဲ့​ပတ်သက်တဲ့ စီရင်​ဆုံးဖြတ်​မှု​လို​ပဲ ဒီ​အမျိုးသားတွေ​အပေါ် အာဏာပိုင်တွေ ဆက်ဆံပုံ​က “မည်သူ​တစ်ယောက်ကို​မျှ ညှဉ်းပန်း​နှိပ်စက်ခြင်း သို့​မဟုတ် ရက်စက်​ကြမ်းကြုတ်​သော၊ လူ​မ​ဆန်​သော၊ ဂုဏ်​အသရေပျက်​စေသော ဆက်ဆံမှု​မျိုး သို့​မဟုတ် အပြစ်ပေးမှု​များ မပြုလုပ်ရ” ဆိုတဲ့ အချက်ကို ချိုးဖောက်ရာ​ရောက်​ကြောင်း ဆုံးဖြတ်ခဲ့တယ်။ (ICCPR အပိုဒ် ၇ ကို​ကြည့်ပါ။) ထောင်​တွင်း ဆိုးရွား​တဲ့ အခြေအနေ​တွေ​က​လည်း “လူသား​အနေနှင့်​လည်းကောင်း၊ မျိုးရိုး သမာဓိ​သိက္ခာ​ကိုလည်း​ကောင်း လေး​စား၍ ပြုမူ​ဆက်ဆံရ​မည်” ဆိုတဲ့ အခွင့်အရေး​ကို ချိုးဖောက်ရာ​ရောက်​ကြောင်း ကော်မတီက ဆုံးဖြတ်တယ်။—ICCPR အပိုဒ် ၁၀ ကို​ကြည့်ပါ။

လူ့​အခွင့်အရေး ချိုးဖောက်မှု​တွေကို ပြန်​ကုစား​ပေး​ရမယ့် တာဝန်

တာ့ခ်​မင်​န​စ္စ​တန်​နိုင်ငံမှာ အမျိုးသား​တိုင်း စစ်မှု​မ​ထမ်း​မနေ​ရ ဥပဒေ​ရှိကြောင်း ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီက အသိအမှတ်ပြု​ပါတယ်။ ဒါပေမဲ့ အမှန်တကယ် ယုံကြည်မှု​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​မယ်​ဆိုရင် ကင်းလွတ်ခွင့် ပေးနိုင်ကြောင်း ICCPR မှာ ပါတဲ့​အချက်ကို ကော်မတီက ဖော်ပြခဲ့တယ်။ ခြေမြစ်​ခိုင်လုံ​စွာ ငြင်းဆို​သူကို ပြစ်ဒဏ်​စီရင်​ပြီး ထောင်ချ​တာ​က “လွတ်လပ်​စွာ တွေးခေါ်​နိုင်​ခွင့်၊ လွတ်လပ်​စွာ ယူဆ​နိုင်​ခွင့်​နှင့် လွတ်လပ်​စွာ သက်ဝင်​ယုံကြည် ကိုးကွယ်​နိုင်​ခွင့်” ဆိုတဲ့ အခြေခံ​အခွင့်အရေး​နဲ့ မကိုက်ညီ​ဘူး။

ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေ​အရ တာ့ခ်​မင်​န​စ္စ​တန်​အစိုးရဟာ “ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေရဲ့ အခွင့်အရေး​နဲ့​အညီ ဥပဒေပြု​ပေးဖို့၊” “ရက်စက်​ကြမ်းကြုတ်​သော၊ လူ​မ​ဆန်​သော၊ ဂုဏ်​အသရေပျက်​စေသော ဆက်ဆံမှု​မျိုး” မ​လုပ်​အောင် သေသေချာချာ စစ်ဆေး​ဖို့၊ မတရားပြုမူ​ဆက်ဆံမှု​အတွက် တာဝန်​ရှိသူ​တိုင်း​ကို အပြစ်ပေး​ရမယ့်​တာဝန် ရှိနေတယ်။ လူ့​အခွင့်အရေး ချိုးဖောက်​ခံရသူတွေကို ထိုက်​သင့်တဲ့ လျော်ကြေး အပါအဝင် နစ်နာမှု​အတွက် အပြည့်အဝ ပြန်လည်​ပေးဆပ်​ဖို့၊ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​လို့ ရာဇဝတ်မှု​စာရင်း​သွင်း​ခံရ​တာ​ကို ပယ်ဖျက်​ပေးဖို့​လည်း ကော်မတီက အစိုးရကို တောင်းဆို​ထားတယ်။

တိုးတက်မှု လိုအပ်​နေ​သေး

တာ့ခ်​မင်​န​စ္စ​တန် အစိုးရဟာ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေကို ကိုင်တွယ်​တဲ့​နေရာမှာ တိုးတက်​လာတယ်။ ဒီ​အခွင့်အရေး ကျင့်သုံး​တဲ့ ယေဟောဝါ​သက်သေ နောက်ဆုံး​တစ်ယောက်ကို ၂၀၁၅၊ ဖေဖော်ဝါရီ​လမှာ ထောင်​ကနေ လွှတ်​ပေးခဲ့တယ်။

ဒါပေမဲ့ တာ့ခ်​မင်​န​စ္စ​တန်​နိုင်ငံဟာ ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​တဲ့ တခြား​သူတွေကို ဆက်လက် ဖမ်းဆီး​ခဲ့တယ်။ မိသားစု​ရှိတဲ့ ယေဟောဝါ​သက်သေ ဘာ​ရမ် ဟ​မ်​ဒါ​မို ထောင်ကျ​နေဆဲ​ဖြစ်တယ်။ သူဟာ ၂၀၁၅၊ မတ် ၁၄ ရက်​တုန်း​က အိမ်မှာ ဝတ်ပြု​စည်းဝေး​နေချိန်မှာ ရဲတွေ ဝင်စီး​ပြီး ဖမ်းဆီး​သွားကြတယ်။ ဘာသာရေး​လုပ်ဆောင်မှု​အတွက် တရားရုံး​က ထောင်ဒဏ် လေးနှစ် ချ​လိုက်တယ်။ မစ္စတာ ဟ​မ်​ဒါ​မို​ဟာ နာမည်​ဆိုးတဲ့ ဆာ​ဒီ​အလုပ်ကြမ်း​စခန်း​မှာ မတရား နှိပ်စက်မှု၊ ဆိုးဝါး​တဲ့ အခြေအနေ​တွေ ကြုံနေ​ရတယ်။

တာ့ခ်​မင်​န​စ္စ​တန် နိုင်ငံသား​အားလုံး​နဲ့ ယေဟောဝါ​သက်သေ​များ​က လွတ်လပ်​စွာ တွေးခေါ်​နိုင်​ခွင့်၊ လွတ်လပ်​စွာ ယူဆ​နိုင်​ခွင့်၊ လွတ်လပ်​စွာ သက်ဝင်​ယုံကြည် ကိုးကွယ်ခွင့်​တို့ အပါအဝင် လူ့​အခွင့်အရေး​ကို လေးစားဖို့ နိုင်ငံတကာ သဘော​တူညီချက်​နဲ့​အညီ အပြည့်အဝ လုပ်ဆောင်တာ​ကို မြင်တွေ့ရ​ဖို့ မျှော်လင့်​နေကြပါတယ်။

a ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီရဲ့ ကြေညာချက်​တွေကို ကြည့်ပါ– အမှတ် ၂၂၁၈/၂၀၁၂၊ ဇာ​ဖာ အဘ်ဒူ​လာ​ယေ့ဗ် နဲ့ တာ့ခ်​မင်​န​စ္စ​တန်၊ ၂၅ မတ်၊ ၂၀၁၅ (CCPR/C/113/D/2218/2012)။ အမှတ် ၂၂၂၁/၂၀၁၂၊ မာ​မွတ် ဟူ​ဒေး​ဘီ​ဂီ​နို နဲ့ တာ့ခ်​မင်​န​စ္စ​တန်၊ ၂၉ အောက်တိုဘာ ၂၀၁၅ (CCPR/C/115/D/2221/2012)။ အမှတ် ၂၂၂၂/၂၀၁၂၊ အာမက် ဟူ​ဒေး​ဘီ​ဂီ​နို နဲ့ တာ့ခ်​မင်​န​စ္စ​တန်၊ ၂၉ အောက်တိုဘာ ၂၀၁၅ (CCPR/C/115/D/2222/2012)။ အမှတ် ၂၂၂၃/၂၀၁၂၊ ဆွန်​နက် ဂျ​ပါ​ရို နဲ့ တာ့ခ်​မင်​န​စ္စ​တန်၊ ၂၉ အောက်တိုဘာ ၂၀၁၅ (CCPR/C/115/D/2223/2012).

b စည်းကမ်းချက်​နဲ့ ပြစ်ဒဏ်​ဆိုတာ အကျယ်ချုပ်​ထားတဲ့ ပြစ်ဒဏ်​မျိုး ဖြစ်တယ်။ မစ္စတာ အဘ်ဒူ​လာ​ယေ့ဗ်​ရဲ့ ပထမ​ပြစ်ဒဏ်​က ရဲစခန်း​ကို ပုံမှန် သတင်းပို့​ရတယ်။ ထောင်ဒဏ်​ကျ​ခံ​စ​ရာ မလိုဘူး။