မာတိကာဆီ ကျော်သွား

ကာ​ဗင် က​ကာ​ဘေ​ယေ့ဗ်—ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​လို့ ထောင်ဒဏ်​တစ်နှစ်​ကျ

မတ် ၂၈၊ ၂၀၁၈
တာ့ခ်မင်နစ္စတန်

လွတ်လပ်​စွာ ယုံကြည်​ကိုးကွယ်ခွင့်​ကို တာ့ခ်​မင်​န​စ္စ​တန် လျစ်လျူရှု

လွတ်လပ်​စွာ ယုံကြည်​ကိုးကွယ်ခွင့်​ကို တာ့ခ်​မင်​န​စ္စ​တန် လျစ်လျူရှု

၂၀၁၈၊ ဇန်နဝါရီ​လမှာ အာ​စ​လ​န် ဘီ​ဂ​န်​ဂျို​နဲ့ ကာ​ဗင် က​ကာ​ဘေ​ယေ့ဗ်​ကို စစ်မှုထမ်း​ဖို့ ရှောင်လွဲ​မှု​နဲ့ ထောင်ဒဏ်​တစ်နှစ် ချ​လိုက်တယ်။ သူတို့​နှစ်ယောက်ဟာ ယေဟောဝါသက်သေတွေ ဖြစ်ပြီး ဘာသာရေး​ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​ကြဘူး။ အစားထိုး အရပ်ဘက်​လုပ်ငန်းကို လုပ်ချင်​ကြပေမဲ့ တာ့ခ်​မင်​န​စ္စ​တန်​အစိုးရက လွတ်လပ်​စွာ သက်ဝင်​ယုံကြည် ကိုးကွယ်ခွင့်​ကို အသိအမှတ် မပြု​သေး​ပါ။ အစားထိုး အရပ်ဘက်​လုပ်ငန်းကို​လည်း မ​စီစဉ်​ပေး​သေး​ပါ။

မတရား ဖမ်​ဆီး၊ ပြစ်ဒဏ်​စီရင်​ပြီး ထောင်ချ

အာဏာပိုင်တွေ​က မစ္စတာ ဘီ​ဂ​န်​ဂျို​ကို ဇန်နဝါရီ ၂ ရက်​နေ့မှာ ဖမ်းဆီး​ပြီး အမှု​မကြားနာ​မချင်း ချုပ်နှောင်​ထား​ကြတယ်။ ဇန်နဝါရီ ၁၇ ရက်​နေ့မှာ သူ့ကို စစ်မှုထမ်း​ဖို့ ရှောင်လွဲ​မှု​နဲ့ အပြစ်ရှိ​ကြောင်း တရားရုံး​က စီရင်​ဆုံးဖြတ်ပြီး ထောင်ဒဏ်​တစ်နှစ် ချမှတ်​လိုက်တယ်။ မတရား စီရင်ချက်ချ​မှု​အတွက် မစ္စတာ ဘီ​ဂ​န်​ဂျို အယူခံဝင်​တယ်။

မစ္စတာ က​ကာ​ဘေ​ယေ့ဗ်​ကိုလည်း ဇန်နဝါရီ​လမှာ ဖမ်းဆီး​ခဲ့​ပြီး ဇန်နဝါရီ ၂၉ ရက်​နေ့မှာ ထောင်ဒဏ်​တစ်နှစ် ချခဲ့တယ်။ အမှု​ကြားနာချိန်​အတွင်း ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီရဲ့ အနိုင်​ပေး ဆုံးဖြတ်​မှု​ကို တရားရုံး​က တင်သွင်း​ခွင့် မပြု​ခဲ့​ဘူး။ သူ့​အမှုကို တရားရုံး​က အယူခံ​ဝင်ခွင့် မပြု​ခဲ့​တာ ဝမ်းနည်းစရာပါပဲ။ သူ့​ရှေ့နေ​တွေ ပြင်ဆင်ထား​တဲ့ အယူခံဝင်​ဖို့ စာရွက်စာတမ်းတွေ​ကို ထောင်အရာရှိ​တွေ ထုတ်​မပေး​ကြဘူး။ ဒါကြောင့် ဥပဒေ​အတိုင်း ဆယ်ရက်​အတွင်း အယူခံဝင်​ဖို့ စာရွက်စာတမ်း​မှာ လက်မှတ် မ​ထိုး​နိုင်​ခဲ့​ဘူး။

မစ္စတာ က​ကာ​ဘေ​ယေ့ဗ်​ဟာ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​တဲ့​အတွက် ဒုတိယ​အကြိမ် ပြစ်ဒဏ်​စီရင်ခံ​ရတယ်။ ၂၀၁၄၊ ဒီဇင်ဘာလ​တုန်း​က စာရိတ္တ​ပြုပြင်ရေး​စခန်း​မှာ နှစ်နှစ် ပြစ်ဒဏ် ကျ​ခံ​ပြီး​ပါပြီ။ အဲဒီကာလ​အတွင်း နိုင်ငံတော်​ဘတ်ဂျက်​အတွက် လုပ်အားခ ၂၀ ရာခိုင်နှုန်း ပေးဖို့ တောင်းဆို​ခံခဲ့ရတယ်။

“ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ပိုင်ခွင့်​ကို အသိအမှတ် မပြု”

တာ့ခ်​မင်​န​စ္စ​တန် အစိုးရက နိုင်ငံသားတွေ​ရဲ့ အခြေခံ လွတ်လပ်ခွင့်ကို လေးစားတယ်လို့ အခိုင်အမာ ဆိုတယ်။ ဒါပေမဲ့ နိုင်ငံတကာ​စံနှုန်းတွေကို လိုက်နာပါ​တယ်လို့ ဆို​နေပေမဲ့ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ပိုင်ခွင့်​ကို​တော့ အသိအမှတ် မပြုဘူး။

၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်​အတွင်းမှာ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူ ယေဟောဝါ​သက်သေ ဆယ်ယောက်ရဲ့ တိုင်ကြား​စာ​ကြောင့် ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီက တာ့ခ်​မင်​န​စ္စ​တန်​ကို အပြစ်ရှိ​ကြောင်း ဆုံးဖြတ်ခဲ့တယ်။ ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​တဲ့ ယေဟောဝါ​သက်သေတွေကို တာ့ခ်​မင်​န​စ္စ​တန်​အစိုးရက နှိပ်စက်​ညှဉ်းပန်း​ခြင်း၊ ထောင်ချခြင်း​တို့ကို ကော်မတီက ပြင်းပြင်းထန်ထန် ပြစ်တင်​ထားတယ်။ ၂၀၁၇၊ ဧပြီလ​မှာ တာ့ခ်​မင်​န​စ္စ​တန်​အနေနဲ့ “ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ပိုင်ခွင့်​ကို အသိ​မှတ်​ပြု​ဖို့ ပျက်ကွက်​နေ​မှု၊ စစ်မှု​မ​ထမ်း​မနေ​ရ ဥပဒေ မလိုက်နာ​တဲ့ ယေဟောဝါ​သက်သေတွေကို တရားစွဲ​ဆို​နေခြင်း၊ ထောင်ချ​နေခြင်း​တို့” အတွက် စိုးရိမ်မကင်း​ဖြစ်ကြောင်း ကော်မတီက အကြိမ်ကြိမ် ဖော်ပြခဲ့တယ်။ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေကို တရားစွဲ​ဆိုတာ​တွေ ရပ်တန့်​ဖို့၊ တာ့ခ်​မင်​န​စ္စ​တန် အစိုးရ​ဘက်က အစားထိုး အရပ်ဘက်​လုပ်ငန်း စီစဉ်​ပေးဖို့၊ စစ်မှု​မ​ထမ်း​တဲ့​အတွက် လောလောဆယ် ထောင်ကျ​နေသူတွေကို လွတ်​ပေးဖို့ တောင်းဆို​ထားတယ်။

လွန်ခဲ့တဲ့​နှစ်တွေမှာ​တော့ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေ​အပေါ် အစိုးရရဲ့ ဆက်ဆံပုံ အနည်းငယ် ပြောင်းလဲ​လာတယ်။ ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​တဲ့ ယေဟောဝါ​သက်သေတွေကို ၂၀၁၄၊ ဒီဇင်ဘာလ​က​စပြီး ထောင်ဒဏ် ချမှတ်​တာ​မျိုး မရှိတော့ဘူး။ ပြစ်ဒဏ်​အနေနဲ့ လုပ်အားခ​ရဲ့ ၂၀ ရာခိုင်နှုန်း​ကို တစ်နှစ်၊ နှစ်နှစ်​အထိ အစိုးရ​ထံ ပေး​ရတယ်။ (အဲဒီ​ပြစ်ဒဏ်​မျိုးကို ၂၀၁၄ ခုနှစ်မှာ မစ္စတာ က​ကာ​ဘေ​ယေ့ဗ် ကျ​ခံ​ပြီး ဖြစ်တယ်။) အမှု​တချို့မှာ စည်းကမ်းချက်​နဲ့ ပြစ်ဒဏ်​ကျ​တာ​မျိုး ရှိတယ်။ a ၂၀၁၅ ဖေဖော်ဝါရီ​လမှာ ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​လို့ ထောင်ကျ​တဲ့ နောက်ဆုံး ယေဟောဝါ​သက်သေ လွတ်မြောက်​လာတယ်။ စိတ်မကောင်း​စ​ရာ​က မစ္စတာ ဘီ​ဂ​န်​ဂျို​နဲ့ မစ္စတာ က​ကာ​ဘေ​ယေ့ဗ်​တို့ရဲ့ မကြာသေးခင်က အမှုတွေ​မှာ အစိုးရက ယခင်​ပြစ်ဒဏ်​မျိုး ပြန်​ချမှတ်​ခဲ့တယ်။ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ပိုင်ခွင့်​ကို အသိအမှတ်ပြု​မှု တိုးတက်လာ​မယ့်​အစား နောက်​ပြန်ဆုတ်​သွားတယ်။

ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​လို့ မဟုတ်ဘဲ ထောင်ကျ​နေတဲ့ ယေဟောဝါ​သက်သေ​များ

ထောင်ကျ​နေတဲ့ မစ္စတာ ဘီ​ဂ​န်​ဂျို​နဲ့ မစ္စတာ က​ကာ​ဘေ​ယေ့ဗ်​တို့​အပြင် လွတ်လပ်​စွာ ဝတ်ပြု​ကိုးကွယ်ခွင့်​ကို ကျင့်သုံး​လို့ ဘာ​ရမ် ဟ​မ်​ဒါ​မို​ကို အာဏာပိုင်တွေ ဆက်​ထောင်ချ​ထားတယ်။ ယေဟောဝါ​သက်သေ​တစ်ယောက်​အနေနဲ့ တာ့ခ်​မင်​န​ဘ​တ်​မြို့က အိမ်မှာ ဘာသာရေး အစည်းအဝေး လုပ်​မှု​ကြောင့် ဖမ်းဆီး​ထောင်ချ​ခံရ​တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်​အတွင်း တာ့ခ်​မင်​န​စ္စ​တန် သမ္မတ​က အတော်များများကို လွတ်ငြိမ်း​ချမ်းသာခွင့် ပေးခဲ့ပေမဲ့ ကလေး လေးယောက်​ရှိတဲ့ ဘာ​ရမ် ဟ​မ်​ဒါ​မို​ကို​တော့ ၂၀၁၅ ခုနှစ်​ကတည်းက ထောင်ချ​ထား​တုန်း​ပဲ။ အကျဉ်းသား​ထောင်ချီ​ကို နိုင်ငံတော်​က လွတ်ငြိမ်း​ချမ်းသာခွင့် ပေးပေမဲ့ မစ္စတာ ဟ​မ်​ဒါ​မို​ကို လွှတ်​ပေးဖို့ အသနားခံချက်​ကို​တော့ လျစ်လျူရှု​ထား​ကြတယ်။

ယေဟောဝါ​သက်သေတွေဟာ တာ့ခ်​မင်​န​စ္စ​တန်​က ယုံကြည်သူချင်းတွေ ထောင်​ကနေ လွတ်မြောက်​ဖို့ မျှော်လင့်​နေကြပါတယ်။ တာ့ခ်​မင်​န​စ္စ​တန်​အစိုးရ​အနေနဲ့ လွတ်လပ်​စွာ သက်ဝင်​ယုံကြည် ကိုးကွယ်ခွင့်​ကို လေးစား​လာမယ်၊ လက်ရှိ မတရားမှုတွေကို ပြုပြင်​တည့်မတ်​ပေးမယ်လို့ မျှော်လင့်​နေကြပါတယ်။

a စည်းကမ်းချက်​နဲ့ ပြစ်ဒဏ်​ကျတယ်​ဆိုတာ ထောင်​မကျ​ဘဲ တားမြစ်ချက်​တချို့​ရှိတဲ့ ပြစ်ဒဏ်​မျိုး ဖြစ်တယ်။