မာတိကာဆီ ကျော်သွား

ညီအစ်ကို ရုစလန် အာတီမိုင်ရာဒို့ဗ်

ဇန်နဝါရီ ၁၁၊ ၂၀၂၁
တာ့ခ်မင်နစ္စတန်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ရုစလန် အာတီမိုင်ရာဒို့ဗ်ကို တာ့ခ်မင် တရားရုံးက ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်ဖို့ ရှိ

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ရုစလန် အာတီမိုင်ရာဒို့ဗ်ကို တာ့ခ်မင် တရားရုံးက ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်ဖို့ ရှိ

စီရင်ချက်ချမယ့်နေ့

တာ့ခ်မင် တရားရုံးက မကြာခင်မှာ a ညီအစ်ကို ရုစလန် အာတီမိုင်ရာဒို့ဗ်ရဲ့ အမှုနဲ့ပတ်သက်တဲ့ စီရင်ချက်ကို ကြေညာပါတော့မယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရနိုင်တယ်။ ရုစလန်ဟာ ၂၀၂၀၊ ဒီဇင်ဘာ ၁၅ ကတည်းက ထောင်ကျနေတာ။ ဒီတစ်ကြိမ်ဟာ ကြားနေမှုကြောင့် ဒုတိယအကြိမ် အမှု ရင်ဆိုင်နေရတာ ဖြစ်တယ်။

ကိုယ်ရေးအကျဉ်း

ရုစလန် အာတီမိုင်ရာဒို့ဗ်

  • မွေးဖွားတဲ့နှစ်။ ၂၀၀၀ (အယ်ပန် ဂန်ဂက်ရှ်လစ် ရွာ)

  • ဘဝအတ္ထုပ္ပတ္တိ။ ကျေးလက်ဒေသမှာ ကြီးပြင်းလာတယ်။ ကားဝပ်ရှော့မှာ အလုပ်လုပ်တယ်။ စာတော်တဲ့ ကျောင်းသား ဖြစ်ပြီး ဘောလုံးကစားရတာ နှစ်သက်တယ်

    မိခင်ရဲ့ စောင့်ရှောက်မှုနဲ့ ကျမ်းစာမူတွေအတိုင်း နေထိုင်တတ်လာတယ်။ ယေဟောဝါသက်သေတွေရဲ့ မေတ္တာနဲ့ စည်းလုံးမှုကို အထင်ကြီးလေးစားပြီး ၂၀၁၅၊ အသက် ၁၅ နှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ ယေဟောဝါဘုရားကို ချစ်တဲ့ မေတ္တာကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တယ်

အမှုနောက်ကြောင်း

၂၀၁၈၊ ဩဂုတ် ၁၃ မှာ အသက် ၁၈ နှစ်အရွယ် ညီအစ်ကို ရုစလန် အာတီမိုင်ရာဒို့ဗ်ဟာ စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အတွက် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရတယ်။ ၂၀၁၉၊ ဩဂုတ် ၁၂ မှာ လွတ်လာတယ်။

တာ့ခ်မင် ဥပဒေအရ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ လူငယ်တွေကို နှစ်ကြိမ် အမှုလုပ်ပြီး ထောင်ဒဏ် ချမှတ်နိုင်တယ်။ ဒါကြောင့် ၂၀၂၀၊ နိုဝင်ဘာမှာ ရုစလန်ဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြန်တယ်။

ဒုတိယတစ်ကြိမ် ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း သိပေမဲ့ ရုစလန် ငြင်းဆန်လိုက်တယ်။ ၂၀၂၀၊ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဖမ်းဆီးခံရတယ်။ အမှု ကြားနာဖို့ စောင့်ရင်း အချုပ်ထဲမှာ နေခဲ့ရတယ်။

ယေဟောဝါကို ဆက်သစ္စာစောင့်သိဖို့ ရုစလန် စိတ်ပိုင်းဖြတ်ထားတယ်။ ပထမအကြိမ် တရားရုံး အတွေ့အကြုံနဲ့ပတ်သက်ပြီး “ခက်မယ်၊ မတရားခံရမယ်ဆိုတာ သိပေမဲ့ ကျွန်တော် မကြောက်ပါဘူး။ ကျွန်တော့် ပျော်ရွှင်မှု၊ ယေဟောဝါနဲ့ ဆက်ဆံရေးကို ဘာနဲ့မှ မလဲပါဘူး” လို့ ပြောတယ်။

ရုစလန်အတွက် ထောင်သားဘဝဟာ မလွယ်ပါဘူး။ စုတ်ချာတဲ့ အခြေအနေမှာ နေရပြီး မတရား ဆက်ဆံခံရလေ့ ရှိတယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ ကူညီထောက်မမှု အမြဲ ခံစားရတယ်။ ရုစလန် ဒီလိုပြောတယ်– “ထောင်ထဲမှာ ရှိနေတုန်း ယေဟောဝါရဲ့ လက်တော်၊ ယေဟောဝါရဲ့ ထောက်မမှုကို မကြာခဏ မြင်တွေ့ရတယ်။ ဥပမာ၊ ဆက်တိုက် ထိုးနှက်ခံရတဲ့အခါ ပထမ တစ်ချက်ပဲ နာပြီး နောက်အချက်တွေမှာ ဘာမှ မနာတော့တာ ယေဟောဝါ ထောက်မပေးလို့ပဲ။” ဒေသခံ ညီအစ်ကို ညီအစ်မတွေရဲ့ မေတ္တာပါပါ ထောက်မမှုကလည်း ရုစလန်ကို အားရှိစေရုံသာမက ရုစလန်ရဲ့ ဝန်းကျင်က လူတွေအတွက်လည်း သက်သေခံချက်ကောင်း ဖြစ်စေတယ်။

နောက်တစ်ကြိမ် ထောင်ဒဏ် ချမှတ်ခံရနိုင်ဖွယ် ရှိပေမဲ့ “ကျွန်တော့်ကို ယေဟောဝါ ဆုချမယ်ဆိုတာ လုံးဝ ယုံကြည်စိတ်ချတယ်။ . . . မျှော်လင့်ချက် ခိုင်မာနေရင် ပျော်ရွှင်မှုလည်း မပျောက်ဘူး။ ပျော်ရွှင်မှု မပျောက်ရင် ခွန်အားနဲ့ ခံနိုင်ရည် ရှိနေမယ်။ ခိုင်မာတဲ့သူကို ဘာကမှ ရိုက်မချိုးနိုင်ဘူး” လို့ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောတယ်။

ဘယ်အခက်အခဲကိုမဆို ပျော်ပျော်ရွှင်ရွှင် သတ္တိရှိရှိ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီနိုင်ကြောင်း သက်သေပြတဲ့ ရုစလန်နဲ့ တခြား သတ္တိခဲ လူငယ်တွေရဲ့ ပုံသက်သေကောင်းအတွက် ကျွန်တော်တို့ တကယ် ကျေးဇူးတင်ပါတယ်။ ဘုရားနိုင်ငံတော်အပေါ် သူတို့ရဲ့ မယိမ်းယိုင်တဲ့ သစ္စာစောင့်သိမှု ဆုချခံရမယ်ဆိုတာ စိတ်ချပါတယ်။—ဟီဘရူး ၁၁:၆

a စီရင်ချက်ချမယ့်နေ့ကို ကြိုတင်အကြောင်းကြားစာ ထုတ်တာမျိုး မရှိပါ။