တူရကီနိုင်ငံ ခြုံငုံသုံးသပ်ချက်
၁၉၃၁ ခုနှစ်ကတည်းက တူရကီနိုင်ငံမှာ ယေဟောဝါသက်သေတွေ ရှိနေခဲ့တာပါ။ သူတို့တွေဟာ ၁၉၈၀ ပြည့်လွန်နှစ် နှောင်းပိုင်းအထိ ဘာသာရေးကြောင့် နှိပ်စက်ခံခဲ့ရတယ်။ အဲဒီနောက်ပိုင်း အစိုးရက တဖြည်းဖြည်း သဘောထားပျော့ပျောင်းလာပြီး ယေဟောဝါသက်သေတွေကို ဝတ်ပြုကိုးကွယ်ခွင့်ပေးခဲ့တယ်။ ဒါပေမဲ့ တရားဝင်မှတ်ပုံတင်ခွင့်တော့ မပေးခဲ့ဘူး။ ၂၀၀၇ ခုနှစ်၊ ဇူလိုင်လမှာ တူရကီတရားရုံးက ယေဟောဝါသက်သေတွေကို အနိုင်ပေးဆုံးဖြတ်လိုက်လို့ တရားဝင်မှတ်ပုံတင်ခွင့်ရသွားတယ်။ ဒါကြောင့် အခုအချိန်မှာ ယေဟောဝါသက်သေတွေ အတူတကွ စုဝေးဝတ်ပြုနိုင်ပြီး ဘာသာရေးလုပ်ငန်းတွေကို အတော်အတန် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရနေပါတယ်။
ဒါပေမဲ့ တူရကီအစိုးရက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်မပြုဘူး။ အစိုးရက ယေဟောဝါသက်သေတွေကို စစ်မှုထမ်းဖို့ ထပ်တလဲလဲ ဆင့်ခေါ်ပြီး ဒဏ်ကြေးတွေ မတန်တဆ တောင်း၊ နှိပ်စက် ထောင်ချလာခဲ့တာ နှစ်များစွာ ကြာခဲ့ပါပြီ။ ၂၀၁၁ ကစပြီး လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က ယေဟောဝါသက်သေတွေကို အနိုင်ပေးတဲ့ ဆုံးဖြတ်ချက်သုံးခု ချမှတ်ခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ယေဟောဝါသက်သေတွေကို အနိုင်ပေးဆုံးဖြတ်ခဲ့တယ်။ ဒါတောင် တူရကီအစိုးရက စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့ ယေဟောဝါသက်သေ ညီအစ်ကိုငယ်လေးတွေကို တရားစွဲနေတုန်းပါပဲ။
၂၀၀၃ ခုနှစ်မှာ တူရကီအစိုးရက အစ္စလာမ်ဘာသာ မဟုတ်တဲ့ ဘာသာရေးအုပ်စုငယ်လေးတွေ ဝတ်ပြုရာနေရာ ဆောက်လုပ်၊ ပိုင်ဆိုင်နိုင်ဖို့ ဥပဒေကို ပြင်ဆင်ပေးခဲ့ပေမဲ့ လက်တွေ့မှာတော့ စည်ပင်အာဏာပိုင်တွေနဲ့ တရားရုံးတွေက ယေဟောဝါသက်သေတွေရဲ့ နိုင်ငံတော်ခန်းမကို “ဝတ်ပြုရာနေရာ” အဖြစ် လက်မခံကြပါဘူး။ ဒီကိစ္စနဲ့ပတ်သက်တဲ့ အမှုနှစ်ခုကိုလည်း လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးမှာ တင်ပြထားပါတယ်။