မာတိကာဆီ ကျော်သွား

ဇွန် ၁၁၊ ၂၀၁၄
တူရကီ

လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ​တရားရုံး​က ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူ တူရကီ​နိုင်ငံသား လေးဦး​ကို အနိုင်​ပေး

လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ​တရားရုံး​က ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူ တူရကီ​နိုင်ငံသား လေးဦး​ကို အနိုင်​ပေး

၂၀၁၄၊ ဇွန် ၃ ရက်​နေ့မှာ လူ့​အခွင့်အရေး​ဆိုင်ရာ ဥရောပ​တရားရုံး (ECHR) က တူရကီ​နိုင်ငံဟာ ဥရောပ လူ့​အခွင့်အရေး ကြေညာ​စာတမ်း​ကို a ချိုးဖောက်​ကြောင်း တညီတညွတ် ဆုံးဖြတ်​ခဲ့​ကြတယ်။ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူ ယေဟောဝါ​သက်သေ​လေးဦး​ကို ထောင်ဒဏ် ချမှတ်​လိုက်လို့​ပဲ။ ချာ​လာ ဘူလ်ဒူ၊ ဘာ​ရိစ် ဂို​မက်​ဇ်၊ အဲ​စီ အူ​လ်​ဂ​င်၊ နဲ​ဗ်​ဇ​က် အွမ်ဒူ​တို့ဟာ ဘာသာရေး​ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ခဲ့​ကြတယ်။ ECHR စီရင်ချက်​မှာ “သူတို့ကို ပြစ်ဒဏ်ချ​မှတ်​တာ​ဟာ . . . ကြေညာ​စာတမ်း အပိုဒ် ၉ မှာပါတဲ့ အချက်တွေကို . . . ဖောက်ဖျက်​နေတာ ဖြစ်တယ်” လို့ ဖော်ပြ​ထားတယ်။

သက်သေခံ​လေးဦး (တူရကီ၊ ဘူလ်ဒူ​နှင့် အခြားသူများ​အမှုတွဲ) က စစ်မှုထမ်း​ဖို့ ငြင်းဆို​လို့ အကြိမ်ကြိမ် တရားစွဲ​ဆိုပြီး ပြစ်ဒဏ်ချ​မှတ်​ခံရတာဟာ တူရကီ​အစိုးရ​အနေနဲ့ ဘာသာရေး​လွတ်လပ်ခွင့်ကို ဖောက်ဖျက်ရာ​ရောက်​ကြောင်း ၂၀၀၈၊ မတ်လ ၁၇ နေ့မှာ စာ​တင်ခဲ့တယ်။ အကြိမ် ၃၀ ကျော် ဆင့်ခေါ်​ခံရပြီး ခြောက်​နှစ်​ကျော် ထောင်ဒဏ် ချမှတ်​ခံခဲ့ရတယ်။

ECHR ရဲ့ စီရင်ချက်​မှာ ဒီလို​ဖော်ပြ​ထားတယ်- “လျှောက်ထား​သူ ယေဟောဝါ​သက်သေ​များ စစ်မှုထမ်း​ဖို့ ငြင်းဆို​ကြ​ခြင်း​မှာ မိမိတို့ ဘာသာရေး​ခံယူချက်​ကို ဖော်ထုတ်ခြင်း​သာ ဖြစ်တယ်။ လျှောက်ထား​သူတို့ကို အကြိမ်ကြိမ် ပြစ်ဒဏ်ချ​ခြင်း၊ . . . တရားစွဲ​ခြင်း . . . ဟာ လူ့​အခွင့်အရေး ကြေညာ​စာတမ်း အပိုဒ် ၉ ပါ လွတ်လပ်​စွာ ယုံကြည်​ကိုးကွယ်ခွင့်​ကို ဖောက်ဖျက်ရာ​ရောက်တယ်လို့ ECHR က ယူဆ​ပါတယ်။”

ဘာ​ရိစ် ဂို​မက်​ဇ်

ဒါဟာ ဘာသာရေး​ယုံကြည်ချက်​အရ စစ်မှုထမ်း​ဖို့ ငြင်းဆို​ခြင်းနဲ့​ပတ်သက်ပြီး တူရကီ​အစိုးရကို ECHR က တတိယ​အကြိမ် စီရင်ချက်ချ​ခြင်း​ပါပဲ။ ၂၀၁၂ ခုနှစ်၊ ညီအစ်ကို ဖဲ​တီ ဒီ​မေး​တပ်​ရှ်​ရဲ့​အမှုမှာ တစ်ကြိမ်၊ ၂၀၁၁ ခုနှစ်၊ ညီအစ်ကို ယူး​နပ် အဲ​ချ​ပ်​ရဲ့​အမှု​တုန်း​က တစ်ကြိမ်​ပါ။ ၂၀၁၂ ခုနှစ်မှာ ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီ​က ဘာသာရေး​ယုံကြည်ချက်​အရ စစ်မှုထမ်း​ဖို့ ငြင်းဆို​ခဲ့​တဲ့ ညီအစ်ကို ဂျန့် အာ​တာ​စွိုင်​နဲ့ အာဒါ​ဆာ​ကွတ်​တို့ကိုလည်း အနိုင်​ပေးခဲ့တယ်။

၂၀၁၁၊ ဇူလိုင် ၇ ရက်​နေ့မှာ ECHR ရဲ့ အထက်​ခုံရုံး​က ဘိုင်​ယာ​ချန်​နဲ့ အာမေးနီးယား​အမှုတွဲ​ကို စီရင်ချက် ချ​လိုက်တဲ့အခါ ဥရောပ​မှာ အလှည့်အပြောင်း ဖြစ်လာတယ်။ ဥရောပ လူ့​အခွင့်အရေး ကြေညာ​စာတမ်း အပိုဒ် ၉ ဟာ ဘာသာရေး​ယုံကြည်ချက်​အရ စစ်မှု​မ​ထမ်း​သူတွေရဲ့ အခွင့်အရေး​ကို ကာကွယ်ပေး​မှန်း ECHR က ဦးဆုံး​အကြိမ် သိသွား​တယ်။ အဲဒီ​စီရင်ချက်ဟာ ဥရောပ​ကောင်စီ​အဖွဲ့ဝင် နိုင်ငံ​အားလုံး​နဲ့ သက်ဆိုင်တယ်။ ဘိုင်​ယာ​ချန်​နဲ့​ပတ်သက်တဲ့ စီရင်ချက်၊ တူရကီ​အစိုးရ​နဲ့​ပတ်သက်တဲ့ စီရင်ချက်​သုံးခု​အပြင် ECHR ရဲ့ အလားတူ စီရင်ချက်​တွေ​က တူရကီ​နဲ့ တခြား​နိုင်ငံတွေ​အနေနဲ့ ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​သူတွေ​အပေါ် မိမိတို့ရဲ့​ဆက်ဆံပုံကို ပြန်​သုံးသပ်​ဖို့၊ လူ့​အခွင့်အရေး ကြေညာ​စာတမ်း​မှာပါတဲ့​အတိုင်း ပြန်လည်​စီ​စစ်​ပြဋ္ဌာန်း​ကြဖို့ တာဝန်​ရှိစေတယ်။

ဒီ​အမှုမှာ ညီအစ်ကို​လေးဦး​အတွက် ရှေ့နေ​တစ်ယောက်​ဖြစ်တဲ့ ဂျိမ်း အီး အင်ဒ​ရ​စ်​က ဒီလို​ပြောပြတယ်- “လောလောဆယ်​တော့ စစ်​ထဲ မဝင်​လို့ ထောင်ကျ​နေတဲ့ သက်သေခံ​တစ်ယောက်မှ မရှိဘူး။ အစိုးရက​တော့ ဘာသာရေး​ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူ သက်သေခံ​လူငယ်တွေကို တရားစွဲ​နေတုန်းပဲ။ မကြာသေးခင်က တူရကီ၊ ဘူလ်ဒူ​နှင့် အခြားသူများ အမှုတွဲ​ကြောင့် တူရကီ​အစိုးရ​အနေနဲ့ လွတ်လပ်​စွာ မှား​မှန်​ခွဲခြား​သိမြင်​ခွင့်​ဆိုတဲ့ အခြေခံ​လူ့​အခွင့်အရေး​ကို လေးစား​လာမယ်လို့ မျှော်လင့်​ပါတယ်။”

a အပိုဒ် ၃၊ ညှဉ်းပန်း​နှိပ်စက်ခြင်း၊ လူ​မ​ဆန်​စွာ ဂုဏ်​ငယ်​စေသော ဆက်ဆံမှု မပြုရ။ အပိုဒ် ၆၊ မျှတ​စွာ ကြားနာစစ်ဆေး​ခြင်း​ကို ခံစား​ပိုင်ခွင့် ရှိသည်။ အပိုဒ် ၉၊ လွတ်လပ်​စွာ တွေးခေါ်​ကြံဆ​ခွင့်၊ မှား​မှန်​ခွဲခြား​သိမြင်​ခွင့်​နှင့် လွတ်လပ်​စွာ ယုံကြည်​ကိုးကွယ်ခွင့်​တို့ ရှိသည်။