ဒီဇင်ဘာ ၁၂၊ ၂၀၁၉
တောင်ကိုရီးယား
ကိုရီးယားနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ လူမသိသူမသိ ဖြစ်ရပ်ကို အမျိုးသားပြတိုက်မှာ ပြသ
ကိုရီးယားနိုင်ငံက ယေဟောဝါသက်သေတွေ နှစ်အတော်ကြာ ညှဉ်းပန်းနှိပ်စက် ခံရတဲ့အကြောင်းကို လူတွေ သိပ်မသိကြဘူး။ ဒါပေမဲ့ အခုတော့ ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဘူဆန်မြို့က ဂျပန်အုပ်ချုပ်ချိန်အတွင်း အတင်းအကျပ်စေခိုင်းမှု အမျိုးသား အောက်မေ့ရာ ပြတိုက်မှာ အဲဒီအကြောင်း ပြခန်း ဖွင့်လှစ်ပြသခဲ့တယ်။ ဒီအထူးပြခန်းကို “သမိုင်းအပြောင်းအလဲကြား ယုံကြည်ချက် မပြောင်းလဲသူများ” လို့ ခေါင်းစဉ်ပေးထားပြီး ၂၀၁၉၊ နိုဝင်ဘာ ၁၂ ရက်ကနေ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ ပြသခဲ့တယ်။ လွန်ခဲ့တဲ့အနှစ် ၈၀၊ ကိုရီးယားကို ဂျပန်အုပ်ချုပ်ချိန်အတွင်း ယေဟောဝါသက်သေတွေ ကြားနေမှုကြောင့် အာဏာပိုင်တွေရဲ့ ညှဉ်းပန်းနှိပ်စက်ခံရမှု သမိုင်းကြောင်းကို ဖော်ပြထားတယ်။
အဲဒီပြခန်းကိုပဲ ၂၀၁၉၊ စက်တင်ဘာလတုန်းက ဆိုးလ်မြို့ ဆာဒေမွန် အကျဉ်းထောင် သမိုင်းခန်းမ aမှာ ဦးဆုံး ပြသခဲ့တယ်။ ဧည့်သည်စုစုပေါင်း ၅၁,၁၇၅ ယောက် လာရောက်ကြည့်ရှုကြတယ်။ အဲဒီအထဲမှာ ဆိုးလ်အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကို လာတက်ရောက်ကြတဲ့ ကိုယ်စားလှယ် ၅,၇၀၀ လည်း ပါတယ်။
၁၉၃၉၊ ဇွန်လကနေ ၁၉၄၅၊ ဩဂုတ်လအတွင်း ယေဟောဝါသက်သေတွေ၊ ကျမ်းစာသတင်းစကား စိတ်ဝင်စားတဲ့သူတွေ ဖမ်းဆီးခံရ၊ ထောင်ချခံရတဲ့အကြောင်းကို ဒွန်ဒေဆာ ပြခန်းမှာ ပြသထားတယ်။ သူတို့တွေဟာ ဧကရာဇ် ကိုးကွယ်မှုမှာ မပါဝင်ကြတဲ့အတွက်၊ သူတို့ ဝေငှတဲ့ စာပေတွေဟာ အစိုးရဆန့်ကျင်တဲ့ စာပေတွေလို့ ယူမှတ်ခံရတဲ့အတွက် ထောင်ကျခဲ့ကြတာဖြစ်တယ်။ ခြောက်ဆယ့်ခြောက်ယောက် အဖမ်းခံခဲ့ရတယ်။ အားလုံးနီးပါးဟာ အဲဒီအချိန်တုန်းက ကိုရီးယားမှာ နေထိုင်ကြတဲ့ ယေဟောဝါသက်သေတွေ ဖြစ်တယ်။ အပြင်းအထန် စစ်ဆေးခံရ၊ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရတယ်။ အကျဉ်းထောင်အခြေအနေ ဆိုးရွားမှုကြောင့် ယေဟောဝါသက်သေ ခြောက်ယောက် ဖျားပြီး သေဆုံးသွားတယ်။
ကိုရီးယားနိုင်ငံရဲ့ လူထုသတင်းအချက်အလက်ဌာနမှာ အမှုဆောင်နေတဲ့ ညီအစ်ကို ဟောင်ဒေအီလ် ဒီလိုပြောတယ်– “ဂျပန်အုပ်ချုပ်ချိန် လွန်ခဲ့တဲ့အနှစ် ၈၀ ကစပြီး ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေ မတရား ညှဉ်းပန်းနှိပ်စက်ခံလာရတာကို ကိုရီးယားက လူအတော်များများ မသိကြဘူး။ ဒီအထူးပြခန်းကနေ အဲဒီအကြောင်းကို လူတွေသိအောင် ဦးဆုံးအကြိမ် ဖော်ပြနိုင်ခဲ့ပြီ။”
ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ သမိုင်းပါမောက္ခ ဟန်ဟောင်ဂူက ယုံကြည်ချက်အတိုင်း အခိုင်အမာ ရပ်တည်ခဲ့ကြတဲ့ ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး ဒီလိုပြောတယ်– “သူတို့တွေဟာ ယုံကြည်ချက်ရှိသူတွေ၊ ယုံကြည်ချက်ခိုင်မြဲသူတွေအတွက် စံနမူနာကောင်းပဲ။ . . . လူ့အသိုင်းအဝိုင်းက ယုံကြည်ချက်အတိုင်း လုပ်ဆောင်သူတွေကို ပိုလေးစားလာကြတဲ့အတွက် ဦးဆုံးအောက်မေ့ခံရသူတွေဟာ ယေဟောဝါသက်သေတွေပဲ ဖြစ်သင့်တယ်။”
ပြခန်းကို သမိုင်းပညာရှင်တွေ၊ သတင်းသမားတွေ အထူးစိတ်ဝင်စားကြတယ်။ ဒါကြောင့် ဘာသာရေးယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ သမိုင်းကြောင်းကို လူတွေ သိလာကြတယ်။ ဒီအကြောင်းအရာက ကိုရီးယားမှာ လွန်ခဲ့တဲ့နှစ်အတွင်း လူတွေ စိတ်အဝင်စားဆုံး အကြောင်းအရာ ဖြစ်ခဲ့တယ်။ တောင်ကိုရီးယားနိုင်ငံမှာ အစားထိုး အရပ်ဘက်လုပ်ငန်း မရှိခြင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ၂၀၁၈၊ ဇွန် ၂၈ ရက်နေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက စီရင်ချက် ချလိုက်တယ်။ လေးလကြာပြီးနောက် နိုဝင်ဘာ ၁ ရက်နေ့မှာ တရားရုံးချုပ်က ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ ရာဇဝတ်မှုမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဒီတရားရုံး ဆုံးဖြတ်ချက်တွေကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုမှုနဲ့ ထောင်ကျနေကြတဲ့ ညီအစ်ကိုတွေ ထောင်ကနေ လွတ်လာတယ်။ အစားထိုး အရပ်ဘက်လုပ်ငန်းကို အတည်ပြုပေးဖို့ အခွင့်အလမ်း ပေါ်လာတယ်။
ပြခန်းမှာ ပြသထားတဲ့ အစောပိုင်းနှစ်တွေတုန်းက ညီအစ်ကို၊ ညီအစ်မတွေရဲ့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း၊ မယိမ်းယိုင်တဲ့ ရဲစွမ်းသတ္တိတွေကြောင့် ဒီစကားတွေကို ပိုယုံကြည်စိတ်ချလာတယ်– “ငါ့ဘက်မှာ ယေဟောဝါရှိတဲ့အတွက် ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ။”—ဆာလံ ၁၁၈:၆။
a သမိုင်းခန်းမကို ပြတိုက်အဖြစ် အသုံးမပြုခင်က ဒီအကျဉ်းထောင် အဆောက်အအုံမှာ ဂျပန်အုပ်ချုပ်ချိန် ကာလအတွင်းက ယေဟောဝါသက်သေတွေ အပါအဝင် ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေ ထောင်ကျခဲ့ကြတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ဆာဒေမွန် အကျဉ်းထောင် သမိုင်းခန်းမ။ ဒီနေရာမှာ ၂၀၁၉၊ စက်တင်ဘာလတုန်းက ပြခန်းကို ဦးဆုံးပြသခဲ့
သမိုင်းခန်းမမှာရှိတဲ့ ဒွန်ဒေဆာပြခန်း အပြင်ဘက်မှာ ကျောင်းသားတွေ စုဝေးနေကြစဉ်။ ပြခန်းကို ဧည့်သည် စုစုပေါင်း ၅၁,၁၇၅ ယောက် လာရောက်ကြည့်ရှုခဲ့
ဒီထောင်ထဲမှာ အသုံးပြုခဲ့တဲ့ ကင်းမျှော်စင် ပုံစံငယ်တစ်ခုကို ပြခန်းမှာ ပြသထားစဉ်
အကျဉ်းထောင် အခန်းကျဉ်းလေးထဲမှာ ငါးယောက်နေရတဲ့အတွက် ဘယ်လောက် ခက်ခဲမယ်ဆိုတာ တွေ့ရစဉ်
ဂျပန်အုပ်ချုပ်ချိန်အတွင်း အတင်းအကျပ်စေခိုင်းမှု အမျိုးသား အောက်မေ့ရာ ပြတိုက်ကို ဘူဆန်မြို့မှာ ယခုဖွင့်လှစ် ပြသထားစဉ်
နိုင်ငံရေး ကြားနေမှုကြောင့် ညှဉ်းပန်းနှိပ်စက်ခံရသူ ၆၆ ထဲက တချို့ရဲ့ ပုံတွေနဲ့ ဇာတ်ကြောင်းကို ပြခန်းမှာ တွေ့ရစဉ်