မာတိကာဆီ ကျော်သွား

မတ် ၁၊ ၂၀၁၈
တောင်ကိုရီးယား

ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​သူများနဲ့​ပတ်သက်လို့ တောင်​ကိုရီးယား တရားရုံး​တွေ ဖြေရှင်းနည်း ရှာနေ​ကြ

ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​သူများနဲ့​ပတ်သက်လို့ တောင်​ကိုရီးယား တရားရုံး​တွေ ဖြေရှင်းနည်း ရှာနေ​ကြ

တောင်​ကိုရီးယား​မှာ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​တဲ့ ယေဟောဝါ​သက်သေတွေကို ခါ​တိုင်း​လို​ပဲ ထောင်ချ​မယ့်​အစား သူတို့ရဲ့​ရပ်တည်ချက်ကို ထည့်​စဉ်းစား​ပေးတဲ့ တရားသူကြီးတွေ များ​လာ​ပါတယ်။ သူတစ်ပါး ထိခိုက်​နစ်နာ​အောင် မ​လုပ်​ရ​ဆိုတဲ့ ကျမ်းစာမူ​ပေါ် အခြေခံ​တဲ့ စိတ်ပိုင်းဖြတ်ချက်​ကြောင့် သက်သေခံတွေ စစ်မှု​မ​ထမ်း​ကြတာကို တရားသူကြီး​တချို့က ထည့်​စဉ်းစား​ပေး​ကြတယ်။ a လွတ်လပ်​စွာ ယုံကြည်​ခွင့်​ဆိုတဲ့ အခြေခံ လူ့​အခွင့်အရေး​အရ ယေဟောဝါ​သက်သေ လူငယ်တွေဟာ စစ်မှုထမ်း​ဖို့ တာဝန် လွှဲရှောင်​ခြင်း မဟုတ်​ကြောင်း စီရင်ချက် ချ​ခဲ့​ကြတယ်။ ၂၀၁၅၊ မေလ​က​စပြီး အယူခံ​တရားရုံး​က တရားသူကြီးတွေ​က ယုံကြည်ချက်​ကြောင့် စစ်မှု​မ​ထမ်း​တဲ့ ယေဟောဝါ​သက်သေ ၆၆ ယောက်​ကို “အပြစ်​မရှိ” လို့ စီရင်ချက် ချ​ခဲ့​ကြတယ်။ လွန်ခဲ့တဲ့​ဆယ်စုနှစ်တွေ​အတွင်း ၄ ယောက်​ကိုပဲ အဲဒီလို စီရင်ချက် ချ​ခဲ့​တာ​မို့​လို့ တော်တော်လေး တိုးတက်​လာတဲ့ အခြေအနေ​ပါ။

လက်ခံ​ချင်​စ​ရာ ဆုံးဖြတ်ချက်

အထူးခြားဆုံးကတော့ ၂၀၁၈၊ ဖေဖော်ဝါရီ ၁ ရက်​နေ့မှာ ဘူ​ဆန်​အယူခံ​တရားရုံး​က တရားရုံးချုပ်​နဲ့ အခြေခံ​ဥပဒေ​တရားရုံး​ရဲ့ ဥပဒေ​ကို လျစ်လျူရှုပြီး အမှု​တစ်ခုကို “အပြစ်​မရှိ” လို့ စီရင်ချက် ချ​လိုက်တာပါပဲ။ သိပ်​ထူးခြားတယ်လို့ ပြောရတာ အကြောင်းရင်း​နှစ်ခု ရှိတယ်။ ဘူ​ဆန်​ခရိုင်​ဟာ ရှေး​ရိုး​စွဲ​တွေ နေထိုင်ရာ​ဖြစ်တယ်။ ပြီးတော့ အဲဒီလို​ဆုံးဖြတ်ချက် ချ​လိုက်တဲ့ တရားသူကြီး​မင်း ဂျုံ​ဒူ​ချွိုင်​ဟာ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူကို အပြစ်​ရှိတယ်လို့ စီရင်ချက် ချ​ဖူး​သူ ဖြစ်နေလို့​ပါ။

တရားသူကြီး သုံးဦး ပါဝင်တဲ့ အဖွဲ့ဟာ မိမိတို့​တောင်​ကိုရီးယား အစိုးရ လက်မှတ် ရေးထိုး​ထားတဲ့ သဘောတူ​စာချုပ်၊ နိုင်ငံတကာ​မှာ ကျင့်သုံး​နေတဲ့ အခြေခံ​ဥပဒေတွေကို လိုက်နာ​ကျင့်သုံးဖို့ အာရုံစိုက်ခဲ့​ကြတယ်။ အပြည်ပြည်ဆိုင်ရာ နိုင်ငံသား​နှင့် နိုင်ငံရေး​အခွင့်အရေး​ဆိုင်ရာ သဘောတူ​စာချုပ် (ICCPR) မှာ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​ခွင့်​ကို အသိအမှတ်ပြု​ထားတယ်။ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေကို ထောင်ဒဏ်​ချတာ​ဟာ စာချုပ် အပိုဒ် ၁၈ နဲ့ ဆန့်ကျင်​နေကြောင်း၊ အဲဒီ​အပိုဒ်​အရ . . . ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေ​အနေနဲ့ စစ်​ထဲ ဝင်​ဖို့ ဆင့်ခေါ်​စာ​ကို ငြင်းပယ်​နိုင်တဲ့ “ခိုင်လုံတဲ့ အကြောင်းပြချက်” ဖြစ်ကြောင်း တရားရုံး​က ဆုံးဖြတ်​လိုက်တယ်။ ဒီလို​ဆုံးဖြတ်တဲ့​သတင်း ပျံ့နှံ့​သွားပြီး ဥပဒေ အသိုင်းအဝိုင်း​အပေါ် ကောင်းတဲ့​ဩဇာ လွှမ်းမိုး​လာမယ်လို့ အများ​က ယုံကြည်​ကြတယ်။

မျှော်လင့်ချက် ရောင်ခြည်

အရင်တုန်းက​ဆိုရင် တရားသူကြီးတွေ​က အဲဒီ​အမှု​ကြောင့် သက်သေခံ​လူငယ် ၅၀၀-၆၀၀ လောက် နှစ်စဉ်​နှစ်​တိုင်း ထောင်ချ​ခဲ့​ပေမဲ့ အခုတော့ အမှုတွေ​ကို ဆိုင်းငံ့​ထား​ကြတယ်။ အခု​ဆိုရင် ဆိုင်းငံ့​ထားတဲ့ အမှု ၇၀၀ ကျော် ရှိနေပြီး ပို​များ​လာဖို့ ရှိတယ်။ တရားသူကြီးတွေ​က အခြေခံ​ဥပဒေ တရားရုံး​ရဲ့ အဆုံးအဖြတ်​ကို စောင့်ဆိုင်း​နေကြလို့ပဲ။ ၂၀၁၇၊ ဒီဇင်ဘာ ၃၁ ရက်မှာ ထောင်ကျ​နေတဲ့ သက်သေခံ​လူငယ် ၂၆၇ ယောက်​ပဲ ကျန်တော့တယ်။ ဒါက ဆယ်နှစ်​အတွင်း အနည်းဆုံး အရေအတွက်​ပါပဲ။

တရားသူကြီးတွေ​အနေနဲ့ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေကို စစ်မှုထမ်း​ခြင်း​အက်ဥပဒေ​အရ တာဝန်​လွှဲရှောင်​တဲ့ ပြစ်ဒဏ် ချ​မလား၊ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လွတ်လပ်​စွာ ယုံကြည်​ခွင့်​အရ ကာကွယ်ပေး​မလား​ဆိုတာကို အခြေခံ​ဥပဒေ​တရားရုံး​က ဆုံးဖြတ်ပါ​လိမ့်မယ်။ လူ့​အသိုင်းအဝိုင်း​ကို အကျိုးပြုတဲ့ အရပ်ဘက်​လုပ်ငန်း အစားထိုး​လုပ်ဆောင်​နိုင်အောင် တရားရုံး​က ယေဟောဝါ​သက်သေ လူငယ်တွေ​အတွက် စီစဉ်​ပေးမယ်လို့ မျှော်လင့်​နေကြပါတယ်။

ဒီ​ကိစ္စမှာ တရားရုံး​က ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေ​အတွက် ဖြေရှင်း​ပေးနိုင်​ရင်​တော့ တခြား​အမှု​ရာ​ချီကို​ပါ ကုလသမဂ္ဂ လူ့​အခွင့်အရေး ကော်မတီရဲ့ ပြဋ္ဌာန်းချက်​တွေ​နဲ့​အညီ ဖြေရှင်း​ပြီးသား​ဖြစ်သွားမယ်။ တောင်​ကိုရီးယား​အနေနဲ့ ယုံကြည်ချက်​ကြောင့် စစ်မှုထမ်း​ဖို့ ငြင်းဆို​သူတွေကို ထောင်​မချ​တော့​ဖို့၊ လွတ်လပ်​စွာ ယုံကြည်​ခွင့်​ဆိုတဲ့ အခြေခံ​အခွင့်အရေး​ကို လေးစားဖို့ ကော်မတီက တောင်းဆို​ထားပါ​တယ်။

a ဟေရှာယ ၂:၄ မှာ “ဓားကို ထယ်​သွား​ဖြစ်အောင်၊ လှံ​ကို တံစဉ်​ဖြစ်အောင် ထုလုပ်​ကြ​လိမ့်မယ်။ လူမျိုး​အချင်းချင်း တိုက်ခိုက်​ကြ​တော့​မှာ မဟုတ်ဘူး။ စစ်​အတတ်ပညာ​ကိုလည်း မသင်​ကြ​တော့​ဘူး” လို့ ဆိုထားတယ်။ ယေရှုကလည်း မိမိ​နောက်လိုက်​တွေ ဖြစ်မှန်း သိစေဖို့ အချင်းချင်း ချစ်​ကြဖို့ မိန့်မှာခဲ့တယ်- “အချင်းချင်း ချစ်ကြပါ​ဆိုတဲ့ ပညတ်​အသစ်​တစ်ခု ကျွန်တော် ပေးမယ်။ ခင်ဗျားတို့ကို ကျွန်တော် ချစ်​သလို အချင်းချင်း ချစ်ကြပါ။ အချင်းချင်း ချစ်မယ်​ဆိုရင် ခင်ဗျားတို့ဟာ ကျွန်တော့်​တပည့်​တွေ​ပဲ​ဆိုတာ လူတွေ သိ​လိမ့်မယ်။”​—ယောဟန် ၁၃:​၃၄၊ ၃၅