စက်တင်ဘာ ၈၊ ၂၀၁၇
တောင်ကိုရီးယား
တောင်ကိုရီးယားမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုပိုင်ခွင့်ကို အသိအမှတ်ပြုလာ
၂၀၁၅၊ ဇူလိုင်လမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံး လူထုကြားနာမှု လုပ်ပြီးကတည်းက တောင်ကိုရီးယားမှာ အများပြည်သူဆန္ဒ ကြီးထွားလာခဲ့ပါတယ်။ တရားရုံးဆုံးဖြတ်ချက် ဒါမှမဟုတ် ဥပဒေသစ် ပြဋ္ဌာန်းခြင်း မရှိသေးပေမဲ့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းကိစ္စ အခြေအနေ တိုးတက်နေတယ်။ အောက်တရားရုံး၊ လူထု၊ ဥပဒေအသိုင်းအဝိုင်းရဲ့ သဘောထားတွေနဲ့ နိုင်ငံအတွင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ကော်မတီတွေက ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို ပြစ်ဒဏ်မပေးဖို့ ထောက်ခံကြတယ်။
တရားရုံးတွေရဲ့ သဘောထား မကြုံစဖူး ပြောင်းလဲ
၂၀၁၇၊ ဩဂုတ် ၇ ရက် အပတ်အတွင်း လူငယ် ခုနစ်ယောက် ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတဲ့အမှုကို အပြစ်မရှိကြောင်း စီရင်ချက် ချခဲ့တယ်။ ဒါမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံရဲ့ တရားဥပဒေသမိုင်းမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ၁၉,၀၀၀ ကျော်ကို ပြစ်ဒဏ်စီရင်ခဲ့ပြီးပေမဲ့ ၂၀၁၅၊ မေလကစပြီး အဲဒီကိစ္စနဲ့ အမှုရင်ဆိုင်ရတဲ့ ၄၂ ယောက်ထဲမှာ ၃၈ ယောက်၊ ၂၀၁၇ ခုနှစ်ထဲမှာပဲ ၂၅ ယောက်ကို အပြစ်မရှိကြောင်း စီရင်ချက် ချခဲ့တယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို မျှော်နေကြတဲ့အတွက် တရားရုံးတချို့က အမှုတွေကို ရွှေ့ဆိုင်းထားလို့ ဆိုင်းငံ့အမှုတွေ များလာပါတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ ကိုယ်စားလှယ်ရှေ့နေ မစ္စတာ ဒူဂျင်အိုက လွန်ခဲ့တဲ့နှစ်အနည်းငယ်ကနဲ့ နှိုင်းယှဉ်ရင် အခု ဆိုင်းငံ့အမှု ငါးဆပိုများလာတယ်လို့ ပြောပါတယ်။
တရားရုံးက အပြစ်မရှိကြောင်း စီရင်ချက် ချတဲ့ အရေအတွက် တိုးများလာတာ (၂၀၁၅ ခုနှစ်မှာ ၆ ခု၊ ၂၀၁၆ ခုနှစ်မှာ ၇ ခု၊ ၂၀၁၇ ခုနှစ်မှာ ၂၅ ခု) ဆိုင်းငံ့အမှု အရေအတွက်လည်း တိုများလာတာ (ပျမ်းမျှ ၁၀၀ ရှိရာကနေ ၅၀၀ ကျော်အထိ ရှိလာ) ကိုကြည့်ရင် တောင်ကိုရီးယား တရားဥပဒေအဖွဲ့သားတွေရဲ့ အတွေးအခေါ် ပြောင်းလာလာကြောင်း တွေ့ရ
တောင်ကိုရီးယား တရားရေးအဖွဲ့သားတွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲလာတယ်။ အစားထိုး အရပ်ဘက်လုပ်ငန်း လုပ်ခွင့်မပေးဘဲ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို အပြစ်ပေးတာက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ လွတ်လပ်စွာ ယုံကြည်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တရားရုံးအတော်များများ သတိပြုမိခဲ့ကြပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ချက် ချလာကြတယ်။ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုခြင်းဟာ စစ်မှုထမ်းခြင်းဆိုင်ရာ အက်ဥပဒေမှာ ဖော်ပြထားချက်အရ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာကို ငြင်းပယ်နိုင်တဲ့ “တရားဝင် အကြောင်းပြချက်” ဖြစ်တယ်ဆိုပြီးတော့လည်း ဆုံးဖြတ်ကြတယ်။
လူထုသဘောထား
လူ့အခွင့်အရေးကို အသိအမှတ်ပြုခြင်း၊ ကာကွယ်ခြင်းကိစ္စမှာ လူထုသဘောထားပေါ် အခြေခံပြီး ဆုံးဖြတ်တာ မဟုတ်ပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီပြဿနာကို ဖြေရှင်းဖို့ လူကြိုက်မများတဲ့ ထောက်ခံချက်ကို သုံးခဲ့တယ်။ ဒါပေမဲ့ လူထုသဘောထား ပြောင်းလဲလာပါပြီ။ ၂၀၀၅ ခုနှစ်၊ စစ်တမ်းအရ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုတာကို အသိအမှတ်ပြုသူ ၁၀ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆၊ မေလမှာတော့ အစားထိုး အရပ်ဘက်လုပ်ငန်းကို ထောက်ခံသူ ၇၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ၂၀၁၆၊ ဇူလိုင် ဆိုးလ်ရှေ့နေအသင်း စစ်တမ်းမှာတော့ ၈၀ ရာခိုင်နှုန်း ထောက်ခံခဲ့တယ်။
လူ့အခွင့်အရေး ကော်မတီရဲ့ သဘောထားနဲ့ ဆုံးဖြတ်ချက်
ကိုရီးယားမှာ သဘောထား ပြောင်းလဲလာမှုကြောင့် ၂၀၁၇၊ ဇွန်လကစပြီး အစားထိုး အရပ်ဘက်လုပ်ငန်း သုံးမျိုးအတွက် ဥပဒေပြင်ဆင်ပေးအောင် အမျိုးသားညီလာခံမှာ အဆိုပြုဖို့ တွန်းအားဖြစ်ခဲ့တယ်ဆိုတာကို ကိုရီးယား အမျိုးသားလူ့အခွင့်အရေး ကော်မတီ (NHRC) တွေ့ရှိခဲ့ပါတယ်။ NHRC ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကော်မတီရဲ့ သဘောထား၊ ဆုံးဖြတ်ချက်တွေကိုလည်း အသိအမှတ်ပြုတဲ့အပြင် အရပ်ဘက်လုပ်ငန်းအတွက် နိုင်ငံတကာ စံနှုန်းတွေကို လေ့လာပြီး အဆိုတင်သွင်းခဲ့ကြတယ်။ NHRC က တောင်ကိုရီးယားအစိုးရနဲ့ အစိုးရချမှတ်တဲ့ အရပ်ဘက်လုပ်ငန်း အစီအစဉ်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီဖို့၊ ယေဟောဝါသက်သေတွေနဲ့ တခြားသူတွေ လက်ခံနိုင်တဲ့အရာ ဖြစ်ဖို့ ကူညီပေးခဲ့တယ်။
ကတိနဲ့ အသနားခံစာ
၂၀၁၇၊ မေ ၁၀၊ သမ္မတ ဂျေအင်မွန်း ကျမ်းသစ္စာဆိုတဲ့နေ့မှာ လူ့အခွင့်အရေး ရှေ့နေတစ်ယောက်အဖြစ် အတွေ့အကြုံရှိသူအနေနဲ့ ဒီလိုကတိပေးခဲ့တယ်– “လွတ်လပ်စွာ ယုံကြည်ခွင့်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ အခြေခံ အခွင့်အရေးအားလုံးနဲ့ တန်းတူအရေးပါတဲ့ အခြေခံ လူ့အခွင့်အရေးတစ်ခု ဖြစ်တယ်။ ဒါကြောင့် အရပ်ဘက်လုပ်ငန်းကို စီစဉ်ပေးမယ်၊ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ဒဏ်ပေးတဲ့ လုပ်ရပ်ကို ရပ်ဆိုင်းပေးမယ်လို့ ကတိပြုပါတယ်။”
၂၀၁၇၊ ဩဂုတ် ၁၁ မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူ ၉၀၄ ယောက်ရဲ့ ကိုယ်စားလှယ်တွေဟာ သမ္မတသစ်ဆီ အသနားခံစာ တင်ကြတယ်။ စာထဲမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ကျနေသူတွေကို ထောင်ကနေ လွှတ်ပေးပြီး အရပ်ဘက်လုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုထားတယ်။ အသနားခံစာ တင်တဲ့သူတွေကတော့ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုလို့ ထောင်ကျနေသူ ၃၆၀ ယောက်၊ အဲဒီအမှုကြောင့် တရားရုံးအမျိုးမျိုးမှာ အမှုရင်ဆိုင်နေသူ ၅၄၄ ယောက် ဖြစ်တယ်။
လူ့အခွင့်အရေးသမိုင်းမှာ ခံနိုင်ရည် တင်ပြဖို့ အခွင့်အရေးတစ်ရပ်
အသနားခံစာတင်သူ ဟွန်ဆူကင်က စာတင်ရတဲ့ အကြောင်းရင်းကို ရှင်းပြတယ်– “နိုင်ငံတကာ စံနှုန်းနဲ့ညီတဲ့ အရပ်ဘက်လုပ်ငန်း၊ စစ်မှုနဲ့ ဆက်နွယ်မှု မရှိတဲ့ အရပ်ဘက်လုပ်ငန်း လုပ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ လူထုအကျိုးပြုလုပ်ငန်း၊ ကယ်ဆယ်ရေးလုပ်ငန်း၊ တခြားဘာတာဝန်ပဲရပါစေ လုပ်ဖို့ အသင့်ပါပဲ။ လူထုအသိုင်းအဝိုင်းကို အထောက်အကူပြုတဲ့အလုပ် လုပ်ချင်ပါတယ်။”
အနှစ် ၇၀ ကျော် အချိန်ကာလအတွင်း အမျိုးသား သောင်းနဲ့ချီကို ပြစ်ဒဏ်ပေးခဲ့တဲ့ ပေါ်လစီကို အမြန်ဆုံး ပြောင်းလဲပေးအောင် အထောက်အကူ ဖြစ်စေနိုင်တဲ့ သဘောထား အပြောင်းအလဲတွေကို တွေ့ရတဲ့အတွက် ယေဟောဝါသက်သေတွေနဲ့ တခြားသူတွေ ဝမ်းသာကြပါတယ်။ သမ္မတ မွန်း၊ အမျိုးသားညီလာခံ ကိုယ်စားလှယ်တွေနဲ့ တောင်ကိုရီးယား တရားဥပဒေ ပညာရှင်တွေဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေကို လေးစားမှု ပြကြတဲ့အတွက် ယေဟောဝါသက်သေတွေ ကျေးဇူးတင်ကြပါတယ်။