မာတိကာဆီ ကျော်သွား

ယေဟောဝါသက်သေ မဖြစ်ခင် စစ်မှုထမ်းခဲ့ပြီး နောက်ပိုင်း အမှုရင်ဆိုင်နေရတဲ့ ညီအစ်ကို နမ် အွန်နူ (ဘယ်)၊ အီ ချောင်ဟယန်း (အလယ်)၊ နမ် တေးဟီ (ညာ) တို့ကို ကိုရီးယား တရားရုံးချုပ်က အနိုင်ပေး

၂၀၂၁၊ မတ် ၃
တောင်ကိုရီးယား

ယုံကြည်ချက်ကြောင့် အရန်တပ်ဖွဲ့မှာ ပါဝင်ဖို့ ငြင်းပယ်တာဟာ ရာဇဝတ်မှု မဟုတ်ကြောင်း ကိုရီးယား တရားရုံးချုပ် ဆုံးဖြတ်

ယုံကြည်ချက်ကြောင့် အရန်တပ်ဖွဲ့မှာ ပါဝင်ဖို့ ငြင်းပယ်တာဟာ ရာဇဝတ်မှု မဟုတ်ကြောင်း ကိုရီးယား တရားရုံးချုပ် ဆုံးဖြတ်

ယုံကြည်ချက်ကြောင့် အရန်တပ်ဖွဲ့ လေ့ကျင့်ရေးမှာ ပါဝင်ဖို့ ငြင်းပယ်တာ ရာဇဝတ်မှု မဟုတ်ကြောင်း ၂၀၂၁၊ ဇန်နဝါရီ ၂၈ မှာ တောင်ကိုရီးယား တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တယ်။ ယေဟောဝါသက်သေ မဖြစ်ခင် စစ်တပ်မှာ အမှုထမ်းခဲ့တဲ့ ညီအစ်ကိုတွေဟာ လေ့ကျင့်ရေးမှာ မပါဝင်လို့ အခု အပြစ်ပေး မခံရတော့ဘူး။

စစ်တပ်မှာ အမှုထမ်းခဲ့တဲ့ တောင်ကိုရီးယား အမျိုးသားတိုင်းဟာ အရန်တပ်ဖွဲ့ လေ့ကျင့်ရေးမှာ ရှစ်နှစ်အထိ ပါဝင်ရတယ်။ ဒါကြောင့် အရင် စစ်မှုထမ်းခဲ့ဖူးတဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေဟာ လေ့ကျင့်ရေးမှာ ပါဝင်ဖို့ အခေါ်ခံရပြီး ငြင်းပယ်ရင် အကြိမ်ကြိမ် ပြစ်ဒဏ်ပေး ခံရတယ်။ ညီအစ်ကို တစ်ယောက်ဆိုရင် ရဲစခန်း၊ အစိုးရ ရှေ့နေရုံးနဲ့ တရားရုံး၊ အယူခံ တရားရုံးကို တစ်နှစ်အတွင်း အကြိမ် ၆၀ လောက် သွားခဲ့ရတယ်။

၂၀၁၈ မှာ ကိုရီးယား အမြင့်ဆုံး တရားရုံး နှစ်ခု ဖြစ်တဲ့ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးနဲ့ တရားရုံးချုပ်တို့က ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်တာ ရာဇဝတ်မှု မဟုတ်ကြောင်း ဆုံးဖြတ်ပြီး တခြား အရပ်ဘက် ဝန်ဆောင်မှု လုပ်ဖို့ လမ်းဖွင့်ပေးခဲ့တယ်။ ဒါပေမဲ့ အရန်တပ်ဖွဲ့ ဥပဒေကိုတော့ မဖော်ပြခဲ့ဘူး။ ဒါကြောင့် ဘာသာရေး ယုံကြည်ချက်အရ အရန်တပ်ဖွဲ့ လေ့ကျင့်ရေးမှာ ပါဝင်ဖို့ ငြင်းပယ်ရင် ပြစ်ဒဏ်ပေးခွင့် ရှိတယ်။

တရားရုံးချုပ်ရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ အရန်တပ်ဖွဲ့ လေ့ကျင့်ရေးမှာ မပါဝင်ဖို့ ယုံကြည်ချက်ကြောင့် ငြင်းပယ်တာကို ခွင့်ပြုလိုက်တာပဲ။ ဒါကြောင့် တရားရင်ဆိုင်နေရတဲ့ ညီအစ်ကိုတွေဟာ ပြစ်မှုဆိုင်ရာ ဒဏ်ငွေနဲ့ ထောင်ဒဏ်အစား တခြား အရပ်ဘက် ဝန်ဆောင်မှု လုပ်ဖို့ လျှောက်ထားနိုင်ပြီ။ ဒီအမှု ရင်ဆိုင်ခဲ့တဲ့ ညီအစ်ကို နမ် တေးဟီက “လွန်ခဲ့တဲ့ ရှစ်နှစ်အတွင်း တရားရုံးကို အကြိမ်ကြိမ် သွားခဲ့ရတယ်။ အခုတော့ ကျွန်တော့် အခွင့်အရေး အသိအမှတ်ပြုခံရပြီ။ ထမ်းထားရတဲ့ ဝန်ထုပ်ကြီး ကျသွားသလို ခံစားရတယ်” လို့ ပြောတယ်။

‘ဘုရားသခင်ရှေ့မှာ အမှားအမှန်သိစိတ် ကြည်လင်ချင်လို့ အခက်အခဲတွေ၊ မတရားမှုတွေကို ခံရပ်’ ခဲ့ကြတဲ့ ကိုရီးယား ညီအစ်ကိုတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ ကျွန်တော်တို့လည်း ဝမ်းသာပြီး ယေဟောဝါကို ကျေးဇူးတင်ကြပါတယ်။—၁ ပေတရု ၂:၁၉