မာတိကာဆီ ကျော်သွား

သမိုင်းဝင် ဆုံးဖြတ်တဲ့နေ့တုန်းက တောင်ကိုရီးယား အခြေခံဖွဲ့စည်းပုံ ဥပဒေတရားရုံး

ဇူလိုင် ၁၃၊ ၂၀၁၈
တောင်ကိုရီးယား

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေအတွက် တရားနည်းလမ်း– ကြာရှည်စွာ စောင်းဆိုင်းခဲ့ရတဲ့ တောင်ကိုရီးယား အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံး ဆုံးဖြတ်ချက်

ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေအတွက် တရားနည်းလမ်း– ကြာရှည်စွာ စောင်းဆိုင်းခဲ့ရတဲ့ တောင်ကိုရီးယား အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံး ဆုံးဖြတ်ချက်

တောင်ကိုရီးယား ခရစ်ယာန်လူငယ်တွေဟာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်ကြတဲ့အတွက် ထောင်ဒဏ် ကျခံခဲ့ကြတာ ၆၅ နှစ်ခန့် ရှိခဲ့ပါပြီ။ အစိုးရက အစားထိုး အရပ်ဘက်လုပ်ငန်း မစီစဉ်ပေးတဲ့အတွက် စစ်မှုထမ်းဥပဒေ အခန်း ၅၊ အပိုဒ် ၁ ဟာ အခြေခံဖွဲ့စည်းပုံ ဥပဒေနဲ့ မကိုက်ညီကြောင်း ၂၀၁၈၊ ဇွန် ၂၈၊ ကြာသပတေးနေ့မှာ သမိုင်းဝင် စီရင်ဆုံးဖြတ်ချက်ကို အခြေခံဖွဲ့စည်းပုံ ဥပဒေတရားရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံးအပြင်ဘက်က သတင်းသမားများ။ အမှုကို နိုင်ငံတကာမီဒီယာတွေက အနီးကပ် လိုက်နေကြပါတယ်။

တရားသူကြီးချုပ် လီဂျင်းဆုန် ဦးဆောင်တဲ့ တရားသူကြီး ကိုးဦးအဖွဲ့က ၆ မဲ ၃ မဲနဲ့ ဆုံးဖြတ်ကြေညာလိုက်ပါတယ်။ အဲဒါက ကိုရီးယားနိုင်ငံကို နိုင်ငံတကာစံနှုန်းတွေနဲ့ ပိုကိုက်ညီစေဖို့၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်ပိုင်ခွင့် အသိအမှတ်ပြုဖို့ လှုံ့ဆော်ပေးခဲ့ပါတယ်။

ဆုံးဖြတ်ချက် မချခင် အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံးထဲက ကိုရီးယား ယေဟောဝါသက်သေ ကိုယ်စားလှယ်များ။

တောင်ကိုရီးယားနိုင်ငံမှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်သူတွေကို နှစ်စဉ် ထောင်ချမှုဟာ တခြားနိုင်ငံအားလုံးပေါင်းထက် များနေပါတယ်။ ကျွန်တော်တို့ရဲ့ ညီအစ်ကို ပျမ်းမျှ ၅၀၀ ကနေ ၆၀၀ ဦးဟာ နှစ်စဉ် ထောင်ဒဏ် ချမှတ်ခံနေရကြတယ်။ ထောင်ကနေ လွတ်လာပြီးတဲ့အခါလည်း ရာဇဝတ်မှုမှတ်တမ်းဝင်တဲ့ အမည်းစက်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၁ ခုနှစ်ကနေ ညီအစ်ကိုတချို့က ယုံကြည်ချက်အတွက် ထောင်ဒဏ်ကလွဲပြီး ရွေးချယ်စရာ မစီစဉ်ပေးတဲ့အတွက် အခြေခံဥပဒေတရားရုံးကို တိုင်ကြားခဲ့ကြပါတယ်။ အလားတူ ၂၀၁၂ ခုနှစ်ကစပြီး ရိုးသားစွာ စစ်မှုမထမ်းသူတွေ ထောင်ဒဏ်ချမှတ်ခံရတာကို သဘောမတူတဲ့ တရားသူကြီးတချို့ကလည်း စစ်မှုထမ်းဥပဒေကို ပြန်လည်သုံးသပ်ဖို့ အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံးဆီ အမှုတွေ တင်ပြခဲ့ကြပါတယ်။

ဆုံးဖြတ်ပြီးတဲ့နောက် တရားရုံးအပြင်ဘက်မှာ ကိုရီးယား ယေဟောဝါသက်သေများအတွက် ပြောရေးဆိုခွင့်ရှိသူ ဟောင်ဒေအီလ်ကို လူတွေ့မေးမြန်းနေစဉ်

အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံးက ကိုရီးယားဖွဲ့စည်းပုံဥပဒေဟာ တရားဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ ဆုံးဖြတ်ရပါတယ်။ စစ်မှုထမ်းဥပဒေကို အတည်ပြုဖို့ (၂၀၀၄ နဲ့ ၂၀၁၁) နှစ်ကြိမ် ဆုံးဖြတ်ခဲ့ရပါတယ်။ အခုတော့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံးက သဘောတူလိုက်ပါတယ်။ တောင်ကိုရီးယားအစိုးရအနေနဲ့ အစားထိုး အရပ်ဘက်လုပ်ငန်း ပါဝင်မယ့်ဥပဒေကို ၂၀၁၉ မကုန်ခင် ပြဋ္ဌာန်းပေးရမယ်လို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ အစားထိုးအရပ်ဘက်လုပ်ငန်းတွေမှာ ဆေးရုံလုပ်ငန်း၊ လူထုအကျိုးပြု လူမှုရေးလုပ်ငန်းတွေ ပါဝင်ပါမယ်။

ဒီဆုံးဖြတ်ချက် အရေးကြီးမှုကို ကိုရီးယားနိုင်ငံက ယေဟောဝါသက်သေများအတွက် ပြောရေးဆိုခွင့်ရှိသူ ညီအစ်ကို ဟောင်ဒေအီလ်က ဒီလိုပြောပါတယ်- “ဒီကိစ္စကို ဖြေရှင်းပေးဖို့ လူအခွင့်အရေး ကာကွယ်ပေးရာမှာ ဩဇာအရှိဆုံးဖြစ်တဲ့ အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံးက ထုတ်ပြန်တာ ဖြစ်တယ်။ ညီအစ်ကိုတွေဟာ မိမိတို့ရဲ့ အမှားအမှန်သိစိတ်နဲ့ မဆန့်ကျင်တဲ့၊ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အစားထိုး အရပ်ဘက်လုပ်ငန်းတွေမှာ ပါဝင်ထမ်းဆောင်ပြီး လူမှုအသိုင်းအဝိုင်းကို အကျိုးပြုဖို့ မျှော်လင့်နေကြပါတယ်။”

လောလောဆယ် ထောင်ကျနေတဲ့ သက်သေခံ ၁၉၂ ဦး၊ တရားရုံးအဆင့်ဆင့်မှာ ဆိုင်းငံ့ထားတဲ့အမှု ၉၀၀ ခန့်အပေါ် ဘယ်လို သက်ရောက်မှု ရှိမယ်ဆိုတာကို စောင့်ကြည့်နေကြပါတယ်။

အခြေခံဖွဲ့စည်းပုံဥပဒေတရားရုံးရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ကြောင့် တရားရုံးချုပ်အနေနဲ့ စစ်မှုထမ်းဖို့ ငြင်းဆန်ခွင့် ပြုနိုင်ချေ ပိုများလာပါတယ်။ ဒီအမှုတွေကို ဘယ်လို ကိုင်တွယ်သင့်ကြောင်း တရားရုံးချုပ်ရဲ့စီရင်ချက်က ဩဇာလွှမ်းလာပါမယ်။

တရားရုံးချုပ်က ၂၀၁၈၊ ဩဂုတ် ၃၀ ရက်နေ့မှာ လူသိရှင်ကြား ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။ ပြီးတဲ့နောက် တစ်ချိန်ချိန်မှာ စီရင်ဆုံးဖြတ်ချက်ကို ထုတ်ပြန်ပါမယ်။ ဒါဟာ ၁၄ နှစ်အတွင်း ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆန်တဲ့အမှုကို တရားရုံးချုပ်တရားသူကြီးအားလုံး ပထမဆုံးအကြိမ် ပြန်လည်သုံးသပ်မှု ဖြစ်ပါမယ်။

လောလောဆယ် အမျိုးသားညီလာခံ၊ ကိုရီးယားဥပဒေပြုအဖွဲ့က စစ်မှုထမ်းဥပဒေကို ပြင်ဆင်ရေးလုပ်ငန်းကို စတင်နေပါပြီ။

အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ်ဆန်ဒါဆန်က ဒီလိုပြောပါတယ်- “တရားရုံးချုပ်က ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကို ကျွန်တော်တို့ အားတက်သရော စောင့်မျှော်နေကြပါတယ်။ ‘ဘုရားသခင်ရှေ့မှာ အမှားအမှန်သိစိတ် ကြည်လင်ချင်လို့ အခက်အခဲတွေ၊ မတရားမှုတွေကို ခံရပ်မယ်ဆိုရင် ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရလိမ့်မယ်’ ဆိုတာကို သိထားကြလို့ ကျွန်တော်တို့ရဲ့ ကိုရီးယားညီအစ်ကိုတွေဟာ လွတ်လပ်ခွင့်အတွက် လိုလိုလားလား အနစ်နာခံနေကြပါတယ်။ (၁ ပေတရု ၂:၁၉) သူတို့ ခံနေရတဲ့ မတရားမှုတွေ အသိအမှတ်ပြုခံရတော့မယ့်အပြင် ယုံကြည်ချက်အတွက် သတ္တိရှိရှိ ရပ်တည်ကြလို့ ကျွန်တော်တို့ ဝမ်းသာအားရဖြစ်နေကြပါတယ်။”