မာတိကာဆီ ကျော်သွား

စစ်မှုထမ်းခြင်းကို ရှောင်ဖယ်သူအဖြစ် MMAO က မှားယွင်းစွာ ဖော်ပြလိုက်တဲ့သူ ၁၄၀ ဦးမှာ ဂျောင်ချန်ပတ်လည်း ပါဝင်

ဇွန် ၉၊ ၂၀၁၇
တောင်ကိုရီးယား

ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်သူတွေရဲ့ လူ့အခွင့်အရေးကိစ္စတွေကို တောင်ကိုရီးယားတရားရုံးက အသိအမှတ်ပြု

ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်သူတွေရဲ့ လူ့အခွင့်အရေးကိစ္စတွေကို တောင်ကိုရီးယားတရားရုံးက အသိအမှတ်ပြု

၂၀၁၇၊ မေ ၁ မှာ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်သူတွေကို စစ်မှုထမ်းဖို့ ရှောင်ဖယ်သူတွေအဖြစ် လူအများသိအောင် အရှက်ခွဲဖော်ပြတဲ့ စစ်တပ်လူအင်အား စီမံခန့်ခွဲရေးရုံး (MMAO) ရဲ့ လုပ်ရပ်က အလွန်ထိခိုက်နစ်နာစေနိုင်တယ်လို့ ဆိုးလ်တရားရုံးက စီရင်ချက် ချလိုက်ပါတယ်။ MMAO ရဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အုပ်ချုပ်ရေးဆိုင်ရာအမှုမှာ ဆုံးဖြတ်ချက်ကို ဆိုင်းငံ့ထားဆဲဖြစ်လို့ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းဆိုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်တာကို MMAO အနေနဲ့ ဆိုင်းငံ့ထားရမှာဖြစ်ကြောင်း စီရင်ချက် ချလိုက်ပါတယ်။ MMAO ကလည်း ဆိုင်းငံ့တဲ့အမိန့်ကို လိုက်နာခဲ့ပါတယ်။

စစ်မှုထမ်းဖို့ ရှောင်ဖယ်သူများ မဟုတ်

ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်သူတွေကို စစ်မှုထမ်းဖို့ ရှောင်ဖယ်သူတွေအဖြစ် သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်မှာဖြစ်ကြောင်း MMAO ကော်မရှင်အဖွဲ့ဝင်တွေက ၂၀၁၅ အစောပိုင်းမှာ အသိပေးခဲ့ပါတယ်။ MMAO ဘက်က စာရင်း မထုတ်ပြန်ခင် တစ်ရက်အလိုမှာ ထုတ်ပြန်ခံရသူတွေအနေနဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်ကြပေမဲ့ အရပ်ဘက်လုပ်ငန်းကို လိုလိုလားလား အစားထိုးလုပ်ဆောင်ချင်ပါကြောင်း MMAO ဆီ စာရေးပေးပို့ထားကြပါတယ်။ ဒါပေမဲ့ ၂၀၁၆၊ ဒီဇင်ဘာ ၂၀ မှာ MMAO က ဝက်ဘ်ဆိုက်မှာ စစ်မှုထမ်းဖို့ ရှောင်ဖယ်သူတွေအဖြစ် နာမည်၊ အသက်၊ လိပ်စာနဲ့ တခြားအချက်အလက်တွေ အများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။

ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်သူ ယေဟောဝါသက်သေ ဂျောင်ချန်ပတ်ဟာ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဖို့ ရှောင်ဖယ်သူစာရင်း ၂၃၇ ယောက်ထဲမှာ မိမိနာမည် ပါနေတာကို တွေ့လိုက်ရလို့ ထိတ်လန့်သွားခဲ့ပါတယ်။ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းခြင်းကို ကျွန်တော် ငြင်းပယ်ရတာပါ။ ကျွန်တော့်ရပ်တည်ချက်ကို တချို့ အပြစ်တင်ဝေဖန်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ အစိုးရက ကျွန်တော့်ကို ‘ရှောင်ဖယ်သူ’ အဖြစ် သတ်မှတ်တာကိုတော့ တုန်လှုပ်သွားမိတယ်။ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်တာဟာ အရပ်ဘက်တာဝန်ကို တစ်ကိုယ်ကောင်းဆန်ဆန် ငြင်းပယ်တာမှ မဟုတ်တာ။ ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို MMAO က အသေအချာ သိထားပါတယ်။ လူသိရှင်ကြား ထုတ်ပြန်တဲ့ စာရင်းမှာ ကျွန်တော့်နာမည်နဲ့ လိပ်စာကို မြင်ရတော့ ကျွန်တော့်အိမ်ကို တစ်ယောက်ယောက် လာပြီး အရှက်ခွဲမှာကို စိုးရိမ်မိတာ ဝန်ခံပါတယ်” လို့ ဂျောင်ချန်ပတ်က ပြောပါတယ်။

ထုတ်ပြန်မှုကို ဆိုင်းငံ့ပေးဖို့ လျှောက်ထားရတာက “ခိုင်လုံသည့် အကြောင်းရင်း မရှိဘဲ” မူကြမ်းအမိန့် မလိုက်နာတဲ့သူကို စစ်မှုထမ်းဖို့ ရှောင်ဖယ်သူလို့ စစ်မှုထမ်းခြင်းအက်ဥပဒေမှာ အဓိပ္ပာယ် ဖွင့်ဆိုထားလို့ပါဆိုပြီး ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားတဲ့ ယေဟောဝါသက်သေအမျိုးသား ၁၄၀ က ဆိုကြပါတယ်။ သူတို့ဟာ ရှောင်ဖယ်သူတွေ မဟုတ်သလို၊ “ခိုင်လုံသည့် အကြောင်းရင်း မရှိ” တဲ့သူတွေလည်း မဟုတ်ဘူးလို့ ဆိုကြပါတယ်။ တောင်ကိုရီးယား ဥပဒေနဲ့ နိုင်ငံတကာ အသိစိတ်မှာ ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။ တောင်ကိုရီးယားမှာ ဒီအခွင့်အရေး အသိအမှတ်ပြုရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးမှာ ဆိုင်းငံ့ထားပါတယ်။

လုပ်ပိုင်ခွင့်အာဏာ တလွဲသုံးခြင်းကြောင့် ပြစ်ဒဏ် ထပ်ဆင့်လိုက်သလို ဖြစ်

လူမှုရေးအရ ထိုးနှက်ဝေဖန်မှုက စိတ်ဆင်းရဲမှု၊ ဂုဏ်အသရေညှိုးနွမ်းမှု ဖြစ်စေပေမဲ့ ဘာသာရေး ယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ ငြင်းပယ်တဲ့ ယေဟောဝါသက်သေများရဲ့ ကျင့်ဝတ်ခံယူချက်ကိုတော့ မပြောင်းလဲစေနိုင်ဘူးလို့ ဒီသက်သေခံတွေက ဆိုကြပါတယ်။ တောင်ကိုရီးယားမှာ ယေဟောဝါသက်သေ ၁၉,၀၀၀ ကျော်ဟာ ဒီလိုဖိအားပေးမှုမျိုးကို ကြံ့ကြံ့ခံပြီး လွန်ခဲ့တဲ့အနှစ် ၆၀ ကျော်အတွင်း ထောင်ဒဏ် စုစုပေါင်း အနှစ် ၃၆,၀၀၀ ကျော် ကျခံခဲ့ကြပါပြီ။ ကိုယ်ရေးအချက်အလက် ထုတ်ဖော်ခံရသူတွေကတော့ ဒီလိုထုတ်ဖော်တာကို ပြစ်ဒဏ်ပေးနည်းတစ်မျိုးလို့ ယူဆကြပါတယ်။ ကိုယ်ရေးအချက်အလက်တွေ ထုတ်ဖော်လိုက်ခြင်းက မိမိယုံကြည်ချက်အတိုင်း လိုက်လျှောက်တာကို ရာဇဝတ်မှတ်တမ်းမှာ ထည့်သွင်းလိုက်ခြင်းလောက် ဆိုးကျိုးသက်ရောက်စေတယ်လို့ ယူဆကြပါတယ်။

တရားရုံးမှာ ရင်ဆိုင်ဖို့ စောင့်မျှော်ခြင်း

လူ့အခွင့်အရေး ချိုးဖောက်မှုကို တရားရုံးက အသိအမှတ်ပြုပေးတဲ့အတွက် တောင်ကိုရီးယားနိုင်ငံရှိ ယေဟောဝါသက်သေတွေ ကျေးဇူးတင်ကြပါတယ်။ ဒီဆုံးဖြတ်ချက်က မကြာခင် တရားရုံးမှာ စစ်ဆေးမယ့် အုပ်ချုပ်ရေးဆိုင်ရာအမှုအပေါ် အပြုသဘော အကျိုးသက်ရောက်စေမယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သဘောထားကို တရားဝင် ဖော်ပြပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ တောင်ကိုရီးယား အမျိုးသားကော်မရှင်ဆီ အသနားခံစာ တင်သွင်းဖို့လည်း ပြင်ဆင်နေကြပါတယ်။ ဒီအမှုကို ၂၀၁၇၊ ဇွန် ၂၈ မှာ ကြားနာပါမယ်။