၂၀၂၄ ခုနှစ်၊ မေ ၂၀ ရက်
ထိုင်း
စိတ်ကျန်းမာရေးအတွက် ကျမ်းစာ ကူညီပေးပုံကို ဘန်ကောက် နိုင်ငံတကာ စာအုပ်ပြပွဲမှာ ယေဟောဝါသက်သေတွေ ပြသ
၂၂ ကြိမ်မြောက် ဘန်ကောက် နိုင်ငံတကာ စာအုပ်ပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂၀၂၄ ခုနှစ်၊ မတ် ၂၈ ရက်ကနေ ဧပြီ ၈ ရက်အထိ ကျင်းပခဲ့တယ်။ ပြပွဲကို ဘုရင်မ သီရိခေတ် ခန်းမမှာ ကျင်းပတာဖြစ်ပြီး ဧည့်သည် နှစ်သန်းခန့် လာရောက် ကြည့်ရှုကြတယ်။ ယေဟောဝါသက်သေတွေက ပြခန်းတစ်ခု ဖွင့်လှစ်ပြီး စိတ်ကျန်းမာရေးကောင်းအောင်၊ စိတ်ဖိစီးမှု လျော့နည်းအောင် အထောက်အကူပြုတဲ့ လက်တွေ့ကျ ကျမ်းစာအကြံပြုချက်တွေကို အလေးပေး ပြသခဲ့တယ်။ ပြခန်းမှာ စေတနာ့ဝန်ထမ်းတဲ့ ညီအစ်ကို/မတွေဟာ ဧည့်သည်တွေနဲ့ စကားစမြည် ပြောဆိုခွင့် ရတဲ့အပြင် ကျမ်းစာသင်အံမှုတောင်းဆိုသူ ၃၄ ဦးလည်း ရှိတယ်။
အမျိုးသားတစ်ယောက်က သမီးဖြစ်သူဟာ စိတ်ကျဝေဒနာ အပြင်းအထန် ခံစားနေရတဲ့အကြောင်း ပြောပြတယ်။ ညီအစ်ကိုတွေက “စိတ်ကျန်းမာရေးအတွက် အကူအညီ ဘယ်က ရနိုင်မလဲ” ၂၀၂၃၊ အမှတ် ၁ ကင်းမျှော်စင် ထဲက ကျမ်းချက်တချို့ကို ပြပေးတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝ ရရှိနိုင်ပုံ အချက်အလက်တွေကို jw.org မှာ ဘယ်လို ရှာနိုင်သလဲဆိုတာကိုလည်း ပြပေးခဲ့တယ်။ လက်တွေ့ကျ ကျမ်းစာအကြံပြုချက်တွေအတွက် သိပ်သဘောကျသွားပြီး သမီးလေးကို ချက်ချင်း ပြန်ပြောပြမယ်လို့ ပြောသွားတယ်။
အစိုးရ အရာရှိတစ်ယောက် ပြခန်းကို ရောက်လာပြီး ညီအစ်ကိုတစ်ယောက်နဲ့ အကြာကြီး စကားပြောဖြစ်တယ်။ jw.org ထဲက ဗီဒီယိုတချို့ကို ကြည့်ပြီးနောက် အရာရှိက ယေဟောဝါသက်သေတွေအကြောင်း၊ ကျွန်တော်တို့ရဲ့ ကျမ်းစာပညာပေးလုပ်ငန်းအကြောင်း မေးခွန်းတွေ မေးတယ်။ ကျမ်းစာအခမဲ့ လေ့လာနိုင်တယ်လို့ ရေးထားတာကိုလည်း တွေ့သွားတော့ “ကျမ်းစာကို ဘယ်လို လေ့လာသလဲ” လို့ မေးတယ်။ ညီအစ်ကိုတွေက ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ပေးပြီး ကျမ်းစာလေ့လာနိုင်ပုံကို ရှင်းပြတယ်။ နောက်ထပ် ပြန်ဆုံဖို့ စီစဉ်ခဲ့ကြတယ်။
ညီအစ်မတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်ကိုပြပြီး ဟောပြောခြင်းလုပ်ငန်းအကြောင်း ရှင်းပြတဲ့အခါ အမျိုးသမီးက “တခြားကော ဘာတွေ လုပ်ကြသေးလဲ” လို့ မေးတယ်။ နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယိုကို ညီအစ်မ ပြပေးလိုက်တယ်။ ဗီဒီယိုကို စိတ်ဝင်တစား ကြည့်ပြီးနောက် “အစည်းအဝေး တက်တဲ့သူတွေက ဖော်ရွေပြီး သဘောကောင်းလိုက်တာ။ ကျွန်မလည်း တက်ချင်တယ်” လို့ ပြောတယ်။ နောက်အပတ်မှာ အဲဒီအမျိုးသမီး အစည်းအဝေး လာတက်တယ်။ တကယ်ဆို ခန်းမရောက်ဖို့ နှစ်နာရီလောက် ကြာတာ။
“လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” ကို တခြားသူတွေပါ ခံစားရအောင် ကူညီပေးခဲ့ကြတဲ့ ဘန်ကောက်က ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကျေးဇူးတင်လေးမြတ်ပါတယ်။—ဖိလိပ္ပိ ၄:၇။