မာတိကာဆီ ကျော်သွား

ဝဲဘက်- ၁၉၄၇၊ မတ် ၈ ရက်၊ ဝယ်လင်တန် မြို့တော်ခန်းမမှာ ကျင်းပတဲ့ အထူးအစည်းအဝေးကို ညီအစ်ကို/မ ရာနဲ့ချီ တက်ခဲ့ကြတယ်။ ယာဘက်- နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့၊ ၆၉ ကင့် တဲရေ့မှာရှိတဲ့ ဗေသလရုံးခန်းရဲ့ အပြင်ဘက်

၂၀၂၂၊ မတ် ၇
နယူးဇီလန်

နယူးဇီလန်မှာ သတင်းကောင်းကို “တရားဥပဒေ” အရ အတည်ဖြစ်စေတာ ခုနစ်ဆယ့်ငါးနှစ် ပြည့်ပြီ

နယူးဇီလန်မှာ သတင်းကောင်းကို “တရားဥပဒေ” အရ အတည်ဖြစ်စေတာ ခုနစ်ဆယ့်ငါးနှစ် ပြည့်ပြီ

နယူးဇီလန်မှာ ယေဟောဝါသက်သေတွေ တရားဝင် အသိအမှတ်ပြုခံရတာဟာ ၂၀၂၂၊ မတ်လမှာဆိုရင် ၇၅ နှစ် ရှိသွားပြီ။ ၁၉၄၇၊ မတ်လ ၇ ရက်နေ့မှာ ညီအစ်ကို နေသန် နောရ်၊ မီလ်တန် ဟဲန်ရှယ်လ်၊ နယူးဇီလန်ရောက် ပထမဆုံး ဂိလဒ်ကျောင်းဆင်း ချားလ်စ် ကလေတန်တို့ဟာ နယူးဇီလန် ပါလီမန်ကို သွားရောက်ခဲ့ကြတယ်။ အစိုးရ အရာရှိတွေက ယေဟောဝါသက်သေတွေကို တရားဝင် ခွင့်ပြုချက် စာရွက်စာတမ်းတွေ ပေးအပ်တယ်။ အခုဆို ကြေညာသူ ၁၄,၅၀၀ ခန့်ဟာ ထက်ထက်သန်သန် ဟောပြောနေကြပါတယ်။

ဘုရားနိုင်ငံတော် သတင်းကို နယူးဇီလန်သားတွေ ၁၈၉၈ ခုနှစ်မှာ ဦးဆုံး ကြားခဲ့ရတယ်။ ကြေညာသူ အရေအတွက် တဖြည်းဖြည်း တိုးများလာတယ်။ ကျွန်တော်တို့ရဲ့ စာပေတွေကတစ်ဆင့် ကျမ်းစာအမှန်တရား သွန်သင်ပေးတာကို ကက်သလစ် ချာ့ချ် ဒေါသထွက်ပြီး ယေဟောဝါသက်သေတွေကို အမုန်းပွားအောင် သွေးထိုးခဲ့တယ်။ ဒါနဲ့ ၁၉၄၀၊ အောက်တိုဘာ ၂၄ မှာ အစိုးရက ကျွန်တော်တို့ လုပ်ငန်းကို ပိတ်ပင်လိုက်တယ်။ ဒါပေမဲ့ ၁၉၄၁၊ မေ ၈ မှာ ပါလီမန်က ညီအစ်ကိုတွေကို ဝတ်ပြုခွင့်၊ ဟောပြောခွင့် ပြန်ပေးတယ်။ စာအုပ်စာပေတွေ အသုံးမပြုရဘဲ ကျမ်းစာကိုပဲ အသုံးပြုခွင့်ပေးတယ်။ ၁၉၄၅၊ မတ် ၂၉ မှာ ပိတ်ပင်မှုကို တရားဝင် ရုပ်သိမ်းလိုက်တဲ့အခါ ကြေညာသူ အရေအတွက် ပြန်များလာတယ်။ နှစ်နှစ်ကြာတော့ သတင်းကောင်း ဟောပြောသူ ၄၀ ရာခိုင်နှုန်း တိုးများလာတဲ့အတွက် ကြေညာသူ ၆၅၉ ဦး ရှိလာတယ်။

ဝဲမှယာ- ၁၉၄၇ ခုနှစ်၊ ယေဟောဝါသက်သေ အဖွဲ့အစည်းကို တရားဝင် အသိအမှတ်ပြု စာချုပ်စာတမ်းတွေ ရပြီးနောက် ပါလီမန်ရှေ့ ရပ်နေတဲ့ ညီအစ်ကို ချားလ်စ် ကလေတန်၊ ညီအစ်ကို မီလ်တန် ဟဲန်ရှယ်လ်နဲ့ ညီအစ်ကို နေသန် နောရ်

၁၉၄၇ ခုနှစ်၊ ညီအစ်ကို နောရ်ရဲ့ ကမ္ဘာလှည့် ခရီးစဉ်မှာ နယူးဇီလန်ကို လည်ပတ်ချိန်အတွင်း ပါလီမန်ကို သွားခဲ့တယ်။

တရားဝင် အသိအမှတ်ပြုခံရပြီးနောက် ဝယ်လင်တန်မြို့မှာ ဌာနခွဲရုံး တည်ထောင်ပြီး ဟောပြောခြင်းလုပ်ငန်းကို ဖွဲ့စည်းစီစဉ်ခဲ့တယ်။ အဲဒီအချိန်မှာ ညီအစ်ကို ရောဘတ် လဇန်ဘီကို ဌာနခွဲ ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခဲ့တယ်။

အဲဒီဌာနခွဲအသစ်၊ တိုးများလာတဲ့ ကြေညာသူတွေနဲ့ပတ်သက်ပြီး နှစ်အနည်းငယ်ကြာတော့ နယူးဇီလန်အကြောင်း ညီအစ်ကို နောရ် ဒီလိုရေးတယ်- “ဌာနခွဲရုံးရဲ့ တာဝန်တွေကို အားလုံး တလိုတလား ထောက်ခံအားပေးကြပြီး လမ်းညွှန်ချက်တွေကို လိုက်နာနေကြတယ်။”

၁၉၄၇၊ မတ် ၈-၉ မှာ ညီအစ်ကို နောရ်နဲ့ ဟဲန်ရှယ်လ်တို့ဟာ ဝယ်လင်တန် မြို့တော်ခန်းမမှာ ဟောပြောချက် ပေးတယ်။ မွန်းလွဲပိုင်း အစီအစဉ်ကိုတော့ အနီးအနားက နည်းပညာကောလိပ်မှာ ကျင်းပခဲ့ကြတယ်။ ညီအစ်ကို/မ ၅၀၀ နီးပါး တက်ရောက်တယ်။

အဲဒီအချိန်မှာ ၁၇ နှစ်ပဲ ရှိသေးတဲ့ ညီအစ်မ ဘယ်ရယ်လ် တော့ဒ်က ဒီလို ပြန်ပြောပြတယ်- “လူဒီလောက်များတဲ့ အစည်းအဝေးကို ကျွန်မ တစ်ခါမှ မတက်ဖူးဘူး။ အဲဒီအချိန်မှာ ညီအစ်ကို နောရ် ရောက်နေလို့ အားရှိတယ်။” အနီးအနားက ကန်တစ်ခုမှာ နှစ်ခြင်းခံခဲ့တဲ့ ကလိုက် ကန်တီဟာ နယူးဇီလန် ဌာနခွဲရဲ့ ညှိနှိုင်းရေးမှူးအဖြစ် နောက်ပိုင်းမှာ အမှုထမ်းခဲ့တယ်။

၁၉၄၇၊ မတ် ၁၀ မှာ နောက်ထပ် လူ ၃၀၀ က ညီအစ်ကို နောရ်၊ ညီအစ်ကို ဟဲန်ရှယ်လ်နဲ့ ညီအစ်ကို လဇန်ဘီတို့ရဲ့ ဟောပြောချက်တွေကို ကြားနာဖို့ အော့ကလန်မြို့မှာ စုဝေးခဲ့တယ်။ နယူးဇီလန်မှာ ရှေ့လျှောက် တိုးတက်မှုနဲ့ပတ်သက်ပြီး ညီအစ်ကို နောရ်က ဒီလိုပြောခဲ့တယ်- “အမှုဆောင်လုပ်ငန်း ဒီမှာ တိုးတက်လာမယ် သေချာတယ်။ ဒီနေရာမှာ တိုးတက်မယ့် အလားအလာ များတယ်။”

ညီအစ်ကို နောရ် ပြောတာ မှန်ပါတယ်။ နောက်ရှစ်နှစ်အတွင်း နယူးဇီလန်မှာ ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာ ကြေညာသူ ၂,၅၁၉ ဦး ရှိနေပြီ။ ၁၉၈၉ ရောက်တော့ တစ်နိုင်ငံလုံးမှာ ကြေညာသူ ၁၀,၀၀၀ ဖြစ်လာတယ်။

နယူးဇီလန်မှာ သတင်းကောင်း ဟောပြောဖို့ တရားဥပဒေအရ အတည်ဖြစ်အောင် ညီအစ်ကိုတွေ ကြိုးစားခဲ့တာကို ယေဟောဝါ ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။—ဖိလိပ္ပိ ၁:၇