မာတိကာဆီ ကျော်သွား

အပေါ်ပုံ။ ၁၉၆၄ ခုနှစ်၊ အမ်စတာဒမ်မြို့က ဗေသလအဆောက်အအုံ။ အောက်ပုံ။ ၁၉၅၀ နဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေအတွင်း ဗေသလရုံးခန်းတွေမှာ လုပ်ဆောင်နေကြတဲ့ ညီအစ်ကို/မတွေ

၂၀၂၂၊ အောက်တိုဘာ ၇
နယ်သာလန်

နယ်သာလန်နိုင်ငံမှာ စုံစမ်းခြင်းတွေ ခံရပ်ပြီး အောင်ပွဲတွေ ဆင်ခဲ့တာ နှစ် ၁၀၀ ပြည့်ပြီ

နယ်သာလန်နိုင်ငံမှာ စုံစမ်းခြင်းတွေ ခံရပ်ပြီး အောင်ပွဲတွေ ဆင်ခဲ့တာ နှစ် ၁၀၀ ပြည့်ပြီ

ဒီနှစ် ၂၀၂၂ ခုနှစ်မှာ နယ်သာလန်နိုင်ငံမြို့တော် အမ်စတာဒမ်မှာ ဌာနခွဲရုံးတည်ထောင်တာ နှစ်တစ်ရာပြည့်ပါပြီ။ နှစ်တွေတစ်လျှောက် ညီအစ်ကို/မတွေဟာ ခိုင်မြဲတဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ တင်ပြခဲ့ကြတယ်။

၂၀ ရာစုအစမှာ နယ်သာလန်နိုင်ငံကို သတင်းကောင်း ရောက်လာတယ်။ ဟိန်းရစ်ချ် ဘရင့်ဟော့လို့ခေါ်တဲ့ လူငယ်ဟာ ကင်းမျှော်စင်အသင်းနဲ့ အပြည်ပြည်ဆိုင်ရာ ကျမ်းစာကျောင်းသားများအသင်းရဲ့ စာပေတွေကို စတင်ဖတ်ရှုပြီးနောက်ပိုင်း သူသိရှိလာတာတွေကို တခြားသူတွေကို ပြောပြတယ်။ အမှန်တရားမျိုးစေ့တွေ အပင်ပေါက်လာတယ်။ ၁၉၂၀ မှာ ညီအစ်ကို ဂျိုးဇက် ရပ်သဖော့ဟာ ဥရောပကို လည်ပတ်ပြီး ဆွစ်ဇာလန်မှာ ဌာနခွဲရုံး တည်ထောင်တယ်။ အဲဒီရုံးက နယ်သာလန်နိုင်ငံကိုလည်း ကြီးကြပ်ပေးတယ်။ ၁၉၂၁ မှာ ညီအစ်ကို ရပ်သဖော့က နယ်သာလန်နိုင်ငံက အလုပ်ကို ကြီးကြပ်ဖို့ ညီအစ်ကို အက်ဒရီယံ ဘလော့ကို တာဝန်ပေးတယ်။ ၁၉၂၂ မှာ အမ်စတာဒမ်မြို့မှာ ဌာနခွဲရုံး တည်ထောင်တယ်။

ဌာနခွဲရုံးရှိလာတော့ ဟောပြောခြင်းလုပ်ငန်း ပိုပြီး စနစ်ကျလာတယ်။ ယေဟောဝါကျေးကျွန်တွေရဲ့ အရေအတွက် ဆက်တိုးလာတယ်။ ဒုတိယကမ္ဘာစစ်မတိုင်မီလေးမှာ နိုင်ငံအတွင်း တက်ကြွလှုပ်ရှားတဲ့ ကြေညာသူ ၅၀၀ နီးပါး ရှိလာတယ်။

စစ်စဖြစ်တဲ့အခါ နာဇီတွေက နယ်သာလန်ကို သိမ်းပိုက်လိုက်တယ်။ ယေဟောဝါသက်သေတွေနဲ့ တခြားအုပ်စုတွေကို အထူးပစ်မှတ်ထားပြီး နှိပ်စက်ညှဉ်းပန်းကြတယ်။ ဒတ်ချ်သက်သေခံ ၃၀၀ လောက်ကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး အတော်များများကို ချွေးတပ်စခန်းတွေဆီ ပို့ခဲ့တယ်။ ဖျားနာမှုနဲ့ တခြားအခက်အခဲတွေကြောင့် ညီအစ်ကို ၁၃၀ နီးပါး သေဆုံးသွားတယ်။ နယ်သာလန်မှာ နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်ခဲ့ပေမဲ့ စစ်ပြီးဆုံးချိန် ၁၉၄၅ ခုနှစ်မှာ သက်သေခံ အရေအတွက် ၃,၁၂၅ ယောက်အထိ တိုးများလာတယ်။

စစ်ကြီးပြီးသွားပေမဲ့ စမ်းသပ်မှုတွေကတော့ ရပ်တန့် မသွားခဲ့ပါဘူး။ ကက်သလစ်အသင်းက သက်သေခံတွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြတယ်။ အထူးသဖြင့် နိုင်ငံရဲ့ တောင်ပိုင်းမှာပါ။ မှတ်မှတ်ရရဖြစ်ရပ်တစ်ခုက ၁၉၅၂ ခုနှစ်မှာ ဖြစ်တယ်။ ကက်သလစ်အသင်းက ဗင်လိုမြို့မှာ သက်သေခံတွေ ကျင်းပမယ့် စည်းဝေးပွဲကို ဖျက်ဖို့ ကြိုးစားတယ်။ ရလဒ်အနေနဲ့ စည်းဝေးပွဲခန်းမ ငှားရမ်းပေးသူတွေက စာချုပ်ကို ဖျက်သိမ်းလိုက်တယ်။ ဒါပေမဲ့ ညီအစ်ကိုတွေက လက်မလျှော့ဘဲ လဟာပြင်မှာ ရွက်ဖျင်တဲထိုးပြီး အစည်းအဝေးကြီး ကျင်းပခဲ့ကြတယ်။

ဆန့်ကျင်သူတွေက လက်မလျှော့ကြဘူး။ အစီအစဉ်ကို လာနှောင့်ယှက်ဖို့ လူ ၁,၀၀၀ ကျော် ရောက်လာတယ်။ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာဆို ရဲတွေတောင် အစည်းအဝေးကြီး ကျင်းပတဲ့နေရာကို စီးနင်းဝင်ရောက်ပြီး ညီအစ်ကိုတချို့ကို ဖမ်းသွားတယ်။

အမ်မမ်မြို့က လက်ရှိ ဌာနခွဲရုံး

ဆန့်ကျင်သူတွေရဲ့ ကြိုးပမ်းမှု တစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ဌာနခွဲရုံးရဲ့ ညွှန်ကြားချက်ကို ဂရုတစိုက် လိုက်လျှောက်ခဲ့လို့ တာဝန်ရှိ ညီအစ်ကိုတွေဟာ အစည်းအဝေးကြီးကို ဆက်ကျင်းပနိုင်ခဲ့ကြတယ်။

ညီအစ်ကိုတွေရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ယေဟောဝါ ဆက်ကောင်းချီးပေးခဲ့တယ်။ ၁၉၈၃ ခုနှစ်မှာ နယ်သာလန်ဌာနခွဲကို အမ်မမ်မြို့က အဆောက်အအုံသစ်ဆီ ပြောင်းရွှေ့ခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ နယ်သာလန်မှာ ယေဟောဝါသက်သေတွေရဲ့ အရေအတွက် ၃၀,၀၀၀ နီးပါး ရှိနေပါပြီ။

မိမိလူမျိုးကို ယေဟောဝါ “ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတာကို နယ်သာလန်က ယေဟောဝါသက်သေတွေရဲ့ သမိုင်းကြောင်းက သက်သေထူနေပါတယ်။—တရားဟောရာ ၃၁:၆