မာတိကာဆီ ကျော်သွား

၂၀၁၉၊ နိုဝင်ဘာ ၄ ရက်နေ့ နီပေါထောင်ကနေ မလွတ်မီ ညီအစ်မ ပူရှ်ပ ဂီမေရေ (ဘယ်) နဲ့ သီရိသ မာယာ ဂါလေ (ညာ) ကို လက်ထိတ်ခတ်လျက်သား တွေ့ရစဉ်

နိုဝင်ဘာ ၁၅၊ ၂၀၁၉
နီပေါ

မှားယွင်းစွာ ပြစ်ဒဏ်စီရင်ခံရသူ နီပေါနိုင်ငံက ယေဟောဝါသက်သေနှစ်ယောက် အယူခံဝင်မှု စောင့်ဆိုင်းနေချိန်မှာ ထောင်က လွတ်လာ

မှားယွင်းစွာ ပြစ်ဒဏ်စီရင်ခံရသူ နီပေါနိုင်ငံက ယေဟောဝါသက်သေနှစ်ယောက် အယူခံဝင်မှု စောင့်ဆိုင်းနေချိန်မှာ ထောင်က လွတ်လာ

၂၀၁၉၊ နိုဝင်ဘာ ၄ ရက်နေ့မှာ ညီအစ်မ နှစ်ယောက်ဖြစ်တဲ့ သီရိသ မာယာ ဂါလေနဲ့ ပူရှ်ပ ဂီမေရေတို့ဟာ နီပေါဥပဒေမှာရော နိုင်ငံတကာ ဥပဒေမှာပါ ကာကွယ်ပေးထားတဲ့ မိမိယုံကြည်ချက်ကို လွတ်လပ်စွာ ကျင့်သုံးရုံနဲ့ ထောင်ဒဏ် သုံးလ ချမှတ်ခံခဲ့ရတယ်။ ထောင်ထဲမှာ တစ်လနေပြီးနောက် စည်းကမ်းချက်နဲ့ ထောင်ကနေ လွတ်လာကြတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တိတိက ညီအစ်မ ဂါလေနဲ့ ဂီမေရေတို့ဟာ လမ်းပေါ်မှာ ကျမ်းစာစိတ်ဝင်စားသူတွေနဲ့ စကားပြောရာကနေ အဖမ်းခံခဲ့ရတယ်။ အချုပ်ခန်းမှာ ၁၃ ရက်နေရပြီးနောက် အလွန်များတဲ့ ငွေဖြစ်တဲ့ နီပေါ ရူပီး ၁၀၀,၀၀၀ (ဒေါ်လာ ၉၃၀ နီးပါး) ဒဏ်ငွေဆောင်ပြီး လွတ်လာကြတယ်။ ဒါပေမဲ့ ဒေသခံ အာဏာပိုင်တွေက ညီအစ်မနှစ်ယောက်ကို ဆက်တရားစွဲဆိုကြတယ်။

၂၀၁၈၊ ဒီဇင်ဘာလ ၁၀ ရက်မှာ ညီအစ်မတွေရဲ့အမှုကို စတင်ကြားနာ စစ်ဆေးပြီး ဆယ်လခန့် ကြာခဲ့တယ်။ ၂၀၁၉၊ စက်တင်ဘာ ၂၅ ရက်နေ့မှာ ရူပန်ဒဟီ ခရိုင်တရားရုံးက ညီအစ်မနှစ်ယောက်စလုံးကို ထောင်ဒဏ် သုံးလနဲ့ ဒဏ်ငွေ နီပေါ ရူပီး ၂,၅၀၀ (၂၃ ဒေါ်လာခန့်) ပေးဖို့ ပြစ်ဒဏ်စီရင်ချက် ချလိုက်တယ်။

ညီအစ်မတွေက ဘာသာရေးစာပေတချို့ ပိုင်ဆိုင်၊ ဝေငှရုံနဲ့ ဘာသာဆွယ်ဖို့ ကြိုးစားခြင်းဖြစ်တယ်လို့ ခရိုင်တရားသူကြီးက ဆုံးဖြတ်တယ်။ နီပေါနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှာ ပါဝင်ထားတဲ့အတွက် နိုင်ငံသားတွေ မိမိတို့ရဲ့ ဘာသာရေးယုံကြည်ချက်ကို အများရှေ့ဖြစ်စေ၊ သီးသန့်ဖြစ်စေ ပြောင်းလဲပိုင်ခွင့်၊ ဖော်ပြပိုင်ခွင့်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ညီအစ်မ ဂါလေနဲ့ ဂီမေရေတို့ဟာ တခြားသူတွေကို ဘာသာပြောင်းဖို့ ဖိအားပေးနေကြတာ မဟုတ်ဘူး။ တလိုတလား နားထောင်ချင်တဲ့သူတွေကို ဘာသာရေးစာပေတွေ ဝေငှပေးခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ညီအစ်မတွေရဲ့ ရှေ့နေတွေက ၂၀၁၉၊ အောက်တိုဘာ ၃၁ ရက်နေ့မှာ တရားရုံးချုပ်ထံ အယူခံဝင်ခဲ့တယ်။ ညီအစ်မတွေရဲ့ အယူခံမှုကို ကြားနာစစ်ဆေးနေချိန်မှာ ထောင်ထဲမှာနေဖို့ မလိုဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်တဲ့အတွက် တရားရုံးရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရချိန်မှာ သူတို့ ထောင်ကနေ လွတ်လာကြပါပြီ။

အယူခံတရားရုံးရဲ့ အပြီးသတ်ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေချိန်မှာ ယေဟောဝါဘုရားက ညီအစ်မ ဂါလေနဲ့ ဂီမေရေတို့ကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ဆက်ပြီးထောက်မပေးဖို့၊ ခွန်အားပေးဖို့၊ စိတ်ရွှင်လန်းမှု၊ စိတ်ငြိမ်သက်မှုပေးဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေကြပါတယ်။—ရောမ ၁၅:၁၃