မတ် ၂၊ ၂၀၁၆
ပါလက်စတိုင်းနယ်မြေ
ပါလက်စတိုင်းနယ်မြေမှာ ယေဟောဝါသက်သေတွေအတွက် ကိုယ်ပိုင်အခွင့်အရေးကိစ္စ
မိုက် ဂျလာနဲ့ နတ်တလီ ဆာ့တ်တို့ဟာ ပါလက်စတိုင်းနယ်မြေမှာ ရှိတဲ့ ယေဟောဝါသက်သေ ခရစ်ယာန် အုပ်စုငယ်လေးရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတယ်။ တရားဝင် လက်ထပ်ခဲ့ကြပေမဲ့ လက်ထပ်စာချုပ် မရဘူး။ သိပ်မကြာသေးခင်က သူတို့ရဲ့ သားငယ်လေး အန်ဒရေယာအတွက် မွေးစာရင်းကို ခက်ခက်ခဲခဲ ရယူခဲ့ကြတယ်။ ဆာ့တ်တို့ပဲ မဟုတ်ဘူး။ တခြား ယေဟောဝါသက်သေ စုံတွဲတွေလည်း အလားတူ ပြဿနာမျိုး ကြုံရကြတယ်။ အကြောင်းကတော့ ယေဟောဝါသက်သေတွေဟာ ပါလက်စတိုင်းနယ်မြေမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ဘာသာရေးအဖွဲ့ မဟုတ်လို့ အခြေခံ ကိုယ်ပိုင်အခွင့်အရေးတွေ မရကြဘူး။
တရားဝင် အသိအမှတ်ပြု မခံရလို့ ကိုယ်ပိုင်အခွင့်အရေးတွေ ထိခိုက်
ဆာ့တ်တို့ ဇနီးမောင်နှံကို ယေဟောဝါသက်သေ ဓမ္မအမှုဆောင် တစ်ယောက်က အစ္စရေးမှာ လက်ထပ်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ ပါလက်စတိုင်းနယ်မြေရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်ထပ်မှတ်ပုံတင်တာကို လက်မခံဘူး။ အကြောင်းကတော့ ယေဟောဝါသက်သေတွေဟာ အဲဒီဒေသမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ဘာသာ မဟုတ်လို့ပဲ။ လက်ထပ်တာကို တရားဝင် အသိအမှတ်မပြုလို့ သူတို့ရဲ့ သားသမီးတွေကိုလည်း တရားမဝင်ဘူးလို့ သတ်မှတ်ပြီး ပြည်ထဲရေးက မှတ်ပုံတင် မလုပ်ပေးဘူး။ ဆာ့တ်တို့ ဇနီးမောင်နှံနဲ့ တခြား ယေဟောဝါသက်သေမိဘတွေက ဒီမတရားမှုကို ပြုပြင်ဖို့ ဇွဲနပဲနဲ့ ကြိုးစားခဲ့ကြတယ်။
မွေးစာရင်းကိစ္စ ပြေလည်သွား
၂၀၁၄ ခုနှစ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက ကလေးမှတ်ပုံတင်ကိစ္စနဲ့ ပတ်သက်ပြီး အသနားခံတာကို တုံ့ပြန်ခဲ့တယ်။ နောက်ဆုံးမှာ (ဇန်နဝါရီ ၃၀၊ ၂၀၁၂ မှာ မွေးဖွားတဲ့) အန်ဒရေယာကို တရားဝင် မှတ်ပုံတင်နိုင်ခဲ့လို့ ဆာ့တ်တို့ စိတ်သက်သာရာ ရခဲ့ကြတယ်။ အပေါ်ပုံမှာ တွေ့ရတဲ့ မာရာ ဂျက်စမင်၊ လော်ရာ၊ ခရစ်ရှန်တို့ကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက “ခရစ်ယာန်” အဖြစ် အသိအမှတ်ပြုပြီး မွေးစာရင်း ထုတ်ပေးခဲ့လို့ သူတို့ရဲ့ မိဘတွေ ကျေးဇူးတင်ကြတယ်။
အခုဆိုရင် ကလေးတွေဟာ မှတ်ပုံတင် စာရွက်စာတမ်းတွေ ရရှိပြီ ဖြစ်လို့ တခြားနိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေး ရနေကြပါပြီ။ မိဘတွေနဲ့အတူ နယ်စပ်ကို အခက်အခဲမရှိ ဖြတ်နိုင်ပြီ။ ကျောင်းတက်နိုင်ကြပြီ။
တခြား ကိုယ်ပိုင်အခွင့်အရေးတွေ မရကြသေး
အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိပေမဲ့ ဆာ့တ်တို့နဲ့အတူ တခြား ယေဟောဝါသက်သေ မောင်နှံ ၇ တွဲကို လက်ထပ်မှတ်ပုံတင်ပေးဖို့ အာဏာပိုင်တွေ ငြင်းဆိုနေတုန်းပဲ။ အဲဒါကြောင့် သူတို့ဟာ လက်မထပ်ဘဲ အတူနေထိုင်တဲ့ ကိုယ်ကျင့်တရား ပျက်ပြားသူတွေအဖြစ် အထင်မှားခံနေရပြီး လူမှုရေး ခွဲခြားဆက်ဆံတာကို ခံနေကြရတယ်။
အစိုးရက အသိအမှတ်မပြုတဲ့အတွက် ဇနီးမောင်နှံတွေဟာ ဝင်ငွေခွန်တွေကို သီးခြားစီ ပေးဆောင်နေရပြီး ဘဏ်စာရင်းတွေကိုလည်း သီးခြားစီ ဖွင့်ထားရတယ်။ အရေးပေါ် ဆေးကုသမှုမှာလည်း အိမ်ထောင်ဖက် တစ်ယောက်က နောက်တစ်ယောက်ရဲ့ ဆေးကုသခွင့်ကို ရွေးချယ်ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး။ အိမ်ထောင်ဖက် တစ်ယောက် သေဆုံးသွားရင် ကျန်တဲ့ အိမ်ထောင်ဖက်နဲ့ ကလေးတွေက အမွေဆက်ခံခွင့် မရှိကြဘူး။ မိသားစုဝင် တစ်ယောက် ဆုံးပါးသွားရင် ကျန်ရစ်သူတွေက ခရစ်ယာန် ယုံကြည်ချက်နဲ့အညီ သင်္ဂြိုဟ်ခွင့် မရကြဘူး။ မွတ်စလင် မဟုတ်သူတွေအတွက် သတ်မှတ်ထားတဲ့ အစ္စလာမ် သင်္ချိုင်းမှာ သင်္ဂြိုဟ်ကြရတယ်။
တရားဝင် အသိအမှတ်ပြုခံရဖို့ ကြိုးစားအားထုတ်မှုများ
၂၀၁၀၊ စက်တင်ဘာလမှာ ယေဟောဝါသက်သေတွေဟာ ပါလက်စတိုင်းနယ်မြေက အာဏာပိုင်တွေဆီကို တရားဝင် အသိအမှတ်ပြုဖို့ လျှောက်လွှာတစ်စောင် တင်ခဲ့ကြတယ်။ ၂ နှစ်ကြာတဲ့အထိ အဖြေမရလို့ သက်သေခံတွေဟာ တရားဝင် အသိအမှတ်ပြုပေးဖို့ ရာမာလာမြို့က အထက်တရားရုံးကို အသနားခံစာ တစ်စောင် တင်သွင်းခဲ့တယ်။ ၂၀၁၃၊ အောက်တိုဘာလမှာ အချက်အလက် မပြည့်စုံဘူးဆိုပြီး အသနားခံစာကို တရားရုံးက ပယ်ချခဲ့တယ်။
အဲဒီအချိန်ကစပြီး သက်သေခံတွေဟာ တခြားနည်းလမ်းတွေနဲ့ ကြိုးစားခဲ့ကြတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြတယ်။ ဒါပေမဲ့ အစိုးရ အရာရှိတွေဘက်က ဆီးတားကန့်ကွက်မှုတွေ ရှိလို့ ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။
ယေဟောဝါသက်သေတွေရဲ့ အထွေထွေ အကြံပေးရှေ့နေ ဖိလစ် ဘရမ်လေ ဒီလိုပြောတယ်– “ရာမာလာမြို့နဲ့ ဒီဒေသမှာ ယေဟောဝါသက်သေတွေ ရှိတာ အနှစ် ၁၀၀ နီးပါး ရှိနေပြီ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လွတ်လပ်လပ် ဝတ်ပြုခွင့် ရလို့ အာဏာပိုင်တွေကို သူတို့ ကျေးဇူးတင်ကြတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေကို တရားဝင် အသိအမှတ်ပြုဖို့ အတားအဆီး ဖြစ်နေတဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုကြောင့် ယေဟောဝါသက်သေတွေရဲ့ အခြေခံ လူ့အခွင့်အရေး ရဖို့ အတားအဆီး မဖြစ်သင့်ဘူး။”
ပါလက်စတိုင်း အာဏာပိုင်တွေဟာ မွေးစာရင်း ထုတ်ပေးခြင်းအားဖြင့် ကိုယ်ပိုင်အခွင့်အရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ လှမ်းနေပြီဆိုတာ ယေဟောဝါသက်သေတွေ အသိအမှတ်ပြုကြတယ်။ လက်ထပ်စာချုပ် မရသေးတဲ့ မောင်နှံစုံတွေကလည်း ကျန်ရှိနေသေးတဲ့ ကိုယ်ပိုင်အခွင့်အရေး ကိစ္စတွေကို အာဏာပိုင်တွေ ဖြေရှင်းပေးမယ်၊ မိမိတို့ရဲ့ ဘာသာကို လုံးလုံးလျားလျား အသိအမှတ်ပြုပေးမယ်လို့ အကောင်းဘက်က ရှုမြင်နေကြပါတယ်။