မာတိကာဆီ ကျော်သွား

ပီရူးမှာ အမှုဆောင်တဲ့ ပထမဆုံး သာသနာပြုများ။ နောက်တန်း (ဝဲမှယာသို့)။ အယ်ဗလင်း ဘယ်ရီ၊ ဗာဒါ ပူးလ်၊ ဝေါလ်တာ အာကင်၊ နယ်လီနာပူးလ်၊ ဟေဇယ် ထရင်းမ်

ရှေ့တန်း (ဝဲမှယာသို့)။ ဂွမ်ဒလင်း ပက်တာစင်၊ ရောဘတ် ပက်တာစင်၊ ခရစ်စတင်း အာကင်

ဒီဇင်ဘာ ၂၊ ၂၀၂၁
ပီရူး

ခုနစ်ဆယ့်ငါးနှစ်အတွင်း ပီရူးဟာ ‘နှင်းဆီပန်းပွင့်လို ဖူးပွင့်ဝေဆာလာ’

ခုနစ်ဆယ့်ငါးနှစ်အတွင်း ပီရူးဟာ ‘နှင်းဆီပန်းပွင့်လို ဖူးပွင့်ဝေဆာလာ’

၁၉၄၆၊ အောက်တိုဘာမှာ ပီရူးကို သာသနာပြုတွေ ပထမဆုံး ရောက်လာကြတယ်။ သူတို့ ဟောရမယ့် ရပ်ကွက် အလွန် ကျယ်ပြန့်မှန်း သိလိုက်ရတယ်။ စတုရန်း ကီလိုမီတာ ၁.၃ သန်း (၅၀၁,၉၃၂ စတုရန်းမိုင်) နီးပါး ကျယ်တဲ့ တောတောင်ကျေးလက်ဒေသတွေမှာ လူပေါင်း ခုနစ်သန်း နေထိုင်ကြတယ်။ လွန်ခဲ့တဲ့ ၇၅ နှစ်လုံးလုံး ဝေးလံတဲ့ တောတောင်ဒေသတစ်လျှောက်ရှိ ရွာတွေ၊ ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့ကြီးပြကြီးတွေမှာ သာသနာပြုတွေနဲ့အတူ ဒေသခံ ကြေညာသူတွေ ကြိုးစားပမ်းစား အမှုဆောင်ခဲ့ကြလို့ တဖြည်းဖြည်း တိုးတက်လာတယ်။

သာသနာပြုများ မရောက်လာခင် နှစ်တွေမှာ တောင်အမေရိကရှိ ယေဟောဝါသက်သေတွေက ပီရူးမြို့တော် လီမာကို ရံဖန်ရံခါ ရောက်လာပြီး စိတ်ဝင်စားသူတွေကို စာအုပ်စာပေတွေ ဝေငှခဲ့တယ်။ အတော်လေး အောင်မြင်ခဲ့တဲ့ပုံပဲ။ ၁၉၄၅ ခုနှစ်မှာ ချီလီနိုင်ငံက သာသနာပြု နှစ်ယောက် လီမာမြို့တော်ကို လာပြီး ပီရူးနိုင်ငံရဲ့ ပထမဦးဆုံး ယေဟောဝါသက်သေ သုံးယောက်ကို နှစ်ခြင်းပေးခဲ့တယ်။

၁၉၄၆၊ အောက်တိုဘာလကစပြီး ဂိလဒ်သင်တန်းဆင်း သာသနာပြုတွေက ပီရူးနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို စတင် တာဝန်ယူဖွဲ့စည်းကြတယ်။ လီမာမြို့ရဲ့ ရီမက်ဒေသမှာ စိတ်ဝင်စားသူတွေအတွက် ပထမဆုံး အစည်းအဝေး စတင်ကျင်းပခဲ့တယ်။ ပီရူးနိုင်ငံမှာ ဒေသခံ ကြေညာသူ အရေအတွက်၊ သာသနာပြု အရေအတွက် တိုးများလာတာနဲ့ လီမာမြို့ပြင် ရပ်ဝေးဒေသတွေဆီ ဟောပြောခြင်းလုပ်ငန်း ပျံ့နှံ့လာတာ ယနေ့အထိပါပဲ။

ညီအစ်မ နယ်လီနာ ပူးလ်

၁၉၄၆ ခုနှစ်မှာ ဦးဆုံးရောက်လာတဲ့ သာသနာပြုတွေထဲက တစ်ယောက် ဖြစ်သူ ညီအစ်မ နယ်လီနာပူးလ်က ၁၉၅၇၊ မတ်လ ၁ ရက်ထုတ် ကင်းမျှော်စင်မှာ ပါတဲ့ သူ့ရဲ့ ဘဝအတ္ထုပ္ပတ္တိမှာ ပီရူးနိုင်ငံရဲ့ တိုးတက်မှုအကြောင်း ဖော်ပြထားတယ်။ “တစ်ချိန်က လွင်တီးခေါင်အရပ်ဟာ ‘နှင်းဆီပန်းလို ဖူးပွင့်ဝေဆာ’ လာတာကို မြင်ရလို့ ကျွန်မ အတိုင်းမသိ ပျော်တယ်” ဆိုပြီး သူ ပြောတယ်။

အခုထိ ပီရူးမှာ အမှုဆောင်နေတဲ့ ၅၄ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်း ညီအစ်မ အိုင်ရီးန် မဲနင်းက ဒီလိုပြောတယ်- “ကျွန်မတို့ ရောက်လာကတည်းက ကြေညာသူ အရေအတွက် ၇,၀၀၀ ကနေ ၁၃၀,၀၀၀ ကျော် တိုးများလာတာ တွေ့ခဲ့ရတယ်။ ဒီတိုးပွားမှုမှာ တစ်ထောင့်တစ်နေရာ ပါဝင်ခွင့်ရလို့ ကျွန်မ ကျေးဇူးတင်မိတယ်။ ဒီလိုတိုးများလာတာ ယေဟောဝါရဲ့ ကောင်းချီးကြောင့်ပါ။”

လောလောဆယ် အမှုဆောင်နေတဲ့ ကြေညာသူ ၁၃၃,၁၇၀ တို့ဟာ လွန်ခဲ့တဲ့ ၇၅ နှစ်က ဒီလုပ်ငန်းကို စတင်ခဲ့တာကို တကယ် ကျေးဇူးတင်ကြတယ်။ ပီရူးမှာ အမှုဆောင်လုပ်ငန်း တိုးတက်လာတာဟာ ဟေရှာယ ၆၀:၂၂ ပါတဲ့ “လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။ အရေးမပါတဲ့သူဟာ အားကြီးတဲ့ လူမျိုး ဖြစ်လာမယ်” ဆိုတဲ့ ယေဟောဝါရဲ့ ကတိတော် ပြည့်စုံချက်ပါပဲ။