မာတိကာဆီ ကျော်သွား

ဩဂုတ် ၁၉၊ ၂၀၁၉
ပီရူး

ပီရူးနိုင်ငံက ယေဟောဝါသက်သေတွေ အားကစားပြိုင်ပွဲ ကျင်းပတဲ့ နေရာတွေမှာ အများရှေ့သက်သေခံခြင်း တိုးချဲ့လုပ်ဆောင်

ပီရူးနိုင်ငံက ယေဟောဝါသက်သေတွေ အားကစားပြိုင်ပွဲ ကျင်းပတဲ့ နေရာတွေမှာ အများရှေ့သက်သေခံခြင်း တိုးချဲ့လုပ်ဆောင်

ပီရူးနိုင်ငံ၊ လီမာမြို့မှာ ကျင်းပတဲ့ အမေရိက အားကစားပွဲတော်နဲ့ အမေရိက မသန်စွမ်းသူများ အားကစားပွဲတော်တွေမှာ အများရှေ့သက်သေခံခြင်း အထူးကင်ပိန်းပြုလုပ်ကြပြီး ညီအစ်ကို၊ ညီအစ်မ ၃,၀၀၀ နီးပါး ပါဝင်ကြတယ်။ အားကစားပွဲတော်က ၂၀၁၉၊ ဇူလိုင် ၂၆ ရက်နေ့မှာ စတင်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ ပိတ်မှာဖြစ်တယ်။ အားကစားသမား ၈,၅၀၀ ကျော်၊ ဧည့်သည် ၂၅၀,၀၀၀ လောက်လာမယ်လို့ ခန့်မှန်းရပါတယ်။

ကြေညာသူတွေဟာ ဧည့်သည်များစွာကို သက်သေခံနိုင်ဖို့ ၅၃ နေရာမှာ လက်တွန်းစင် ၁၀၀ ထားရှိတယ်။ အိုင်မာရာ၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ ကက်ချူဝါ (အရာကူချို)၊ စပိန်ဘာသာစကားတွေနဲ့ စာပေတွေ ပြသထားတယ်။ အများရှေ့သက်သေခံခြင်းစင်တွေမှာ နားမကြားသူတွေနဲ့ အကြားအာရုံ ပြဿနာရှိတဲ့ ဧည့်သည်တွေအတွက် ပီရူးလက်သင်္ကေတပြစကားနဲ့ ဗီဒီယိုတွေကိုလည်း ထားရှိတယ်။

ကင်ပိန်းကို ကြီးကြပ်ပေးရာမှာ ကူညီပေးသူ ညီအစ်ကို ခမ့်စ် မော်ရန် အူတာဒို ဒီလိုပြောတယ်– “အားကစားပွဲတော်ကို နိုင်ငံအသီးသီးက လာကြတာဖြစ်လို့ ဒီကင်ပိန်းမှာ နောက်ခံ၊ ယဉ်ကျေးမှုမတူတဲ့ လူများစွာနဲ့ စကားပြောခွင့် ရတယ်။ ကျွန်တော်တို့ရဲ့ အများရှေ့သက်သေခံခြင်းက အဖိုးတန် ကျမ်းစာပညာပေး လုပ်ငန်းတစ်ခုဖြစ်တယ်။ ယေဟောဝါသက်သေတွေ လူအများရှိတဲ့နေရာမှာ ဟောပြောနေကြတာကို လူတွေ မြင်တွေ့ခွင့် ရစေတယ်။”

ဒီဟောပြောခြင်းလုပ်ငန်း တိုးချဲ့မှုအကြောင်း ကြားရလို့ ကျွန်တော်တို့ စိတ်လှုပ်ရှားပါတယ်။ လူတွေကို တွေ့နိုင်တဲ့နေရာတိုင်းမှာ ဆက်ဟောပြောနေကြတဲ့ ပီရူးနိုင်ငံက ညီအစ်ကို၊ ညီအစ်မတွေရဲ့ လုပ်ဆောင်မှုကို ယေဟောဝါ ကောင်းချီးပေးမယ်လို့ ကျွန်တော်တို့ ယုံကြည်စိတ်ချပါတယ်။—တမန်တော် ၁၇:၁၇