အောက်တိုဘာ ၁၇၊ ၂၀၁၉
ပီရူး
ပီရူးနိုင်ငံ၊ ပူနိုနယ်မြေက အိုင်မရာ စကားပြောသူတွေအတွက် အထူးကင်ပိန်း
တိုင်းရင်းဘာသာစကားတစ်မျိုး ဖြစ်တဲ့ အိုင်မရာ စကားပြော ပီရူးလူတွေကို ကျမ်းစာသတင်းတရား ဝေမျှပေးဖို့ ၂၀၁၉၊ မေလ ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ အထူးကင်ပိန်းတစ်ခု ပီရူးဌာနခွဲက စီစဉ်ခဲ့တယ်။ အဲဒီကင်ပိန်း အကြီးအကျယ် အောင်မြင်ခဲ့တယ်။ ကင်ပိန်းမှာ ပါဝင်သူတွေက စာပေ ၇,၈၉၃ စောင် ဝေမျှပြီး ဗီဒီယို အကြိမ်ပေါင်း ၂,၅၀၀ ပြသခဲ့ကြရတယ်။ ကင်ပိန်းလည်း ပြီးရော ညီအစ်ကိုတွေက ကျမ်းစာသင်အံမှုပေါင်း ၃၈၁ ခု စနိုင်ခဲ့ကြတယ်။
ပီရူးနိုင်ငံမှာ အိုင်မရာ စကားပြောသူတွေ ၄၅၀,၀၀၀ နီးပါး ရှိပြီး အဲဒီထဲက ၃၀၀,၀၀၀ နီးပါးဟာ ပူနိုနယ်မြေမှာ နေထိုင်ကြတယ်။ လောလောဆယ် အသင်းတော် ခုနစ်ခုနဲ့ အုပ်စု ၈ ခုမှာ အိုင်မရာ စကားပြော ကြေညာသူ ၃၃၁ ယောက် ရှိတယ်။ ကြေညာသူ အရေအတွက်ထက် ရပ်ကွက်ဟာ ကြီးလွန်းလို့ ချီလီနိုင်ငံက အိုင်မရာ စကားပြော ကြေညာသူတွေလည်း ကင်ပိန်းမှာ ပါဝင်ခဲ့ကြတယ်။ အိုင်မရာ စကားပြောသူတွေဆီ ရောက်နိုင်ဖို့ ညီအစ်ကိုတွေက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅,၀၀၀ (ပေ ၁၆,၄၀၄) အထိ တောင်တက်ခဲ့ရတယ်။ အဲဒီမှာ အပူချိန် သုည ဒီဂရီ ဆဲလ်စီယပ်စ် (၃၂ ဒီဂရီ ဖာရင်ဟိုက်) ရှိတဲ့ နေရာတွေမှာ ဟောပြောရတယ်။
သက်သေခံ အုပ်စုတစ်စုက တစ်နေရာကို နာရီပေါင်းများစွာ ခရီးနှင်ခဲ့ကြတယ်။ အဲဒီမှာ အသုဘ အခမ်းအနားအတွက် အနီးအနားမြို့က လာကြသူတွေနဲ့ ဆုံတယ်။ ညီအစ်ကို၊ ညီအစ်မတွေက သေလွန်သူတွေနဲ့ပတ်သက်တဲ့ ကျမ်းစာမျှော်လင့်ချက်အကြောင်း ပြောပြခဲ့တယ်။ ကျမ်းစာထဲက နှစ်သိမ့်မှု ပေးတဲ့ သတင်း ပြောပြပေးဖို့ ကြိုးစားပြီး ရောက်လာကြတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို ရွာလူကြီးတွေနဲ့ ပူဆွေးနေတဲ့ မိသားစုက ကျေးဇူးတင်ခဲ့တယ်။
နောက်တစ်နေရာမှာ တစ်ပတ်နှစ်ကြိမ် ကျမ်းစာလေ့လာနေတဲ့ အုပ်စုတစ်စုကို ညီအစ်ကို၊ ညီအစ်မတွေ တွေ့ခဲ့တယ်။ အဲဒီအုပ်စုဟာ ဘိုလီးဗီးယားက ဆွေမျိုးတစ်ယောက်ဆီက ရတဲ့ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်နဲ့ ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်တွေကို သုံးနေကြမှန်း ညီအစ်ကိုတွေ သိလိုက်ရတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းထုတ် စာအုပ်တွေ ဖြစ်မှန်း သူတို့ သိတာနဲ့ ညီအစ်ကိုတွေနဲ့ ကျမ်းစာလေ့လာပြီး အစည်းအဝေးတွေ စတက်ကြတော့တယ်။
အုပ်စုတစ်စုကို ဦးစီးတဲ့ အကြီးအကဲ ဖြစ်သူ ညီအစ်ကို အဲလ်ဘတ် ခန်ဒါက အခုလို ပြောတယ်– “ဒီကင်ပိန်းမှာ ပါဝင်ရလို့ ကျွန်တော်တို့ ဇနီးမောင်နှံ တကယ် ပျော်တယ်။ ယေဟောဝါကိုလည်း ပိုအားထားတတ်လာတယ်။ အဲဒီမြို့ကို ဘယ်လို သွားရမယ်ဆိုတာ အသေအချာ မသိခဲ့ဘူး။ ခရီးစဉ်ကလည်း မလွယ်ဘူး။ မြို့ကို ရောက်တဲ့အခါ နေစရာအတွက် ယေဟောဝါကို ဆုတောင်းခဲ့တယ်။ ကိုယ်တော် ပေးခဲ့တယ်။ ဒီဆုတောင်းချက်တွေက ပိုခွန်အားရှိစေပြီး တခြားညီအစ်ကိုတွေလည်း ယေဟောဝါကို အားထားလာတာ တွေ့ရလို့ ပိုအားရှိလာတယ်။”
ညီအစ်ကို၊ ညီအစ်မတွေဟာ ထာဝရအသက် ရစေတဲ့ ကျမ်းစာအမှန်တရားကို ပီရူးနိုင်ငံ၊ ပူနိုနယ်မြေက အိုင်မရာ စကားပြောသူတွေကို ဟောရတာ သိပ်ပျော်ကြတယ်။—ဗျာဒိတ် ၂၂:၁၇။