မာတိကာဆီ ကျော်သွား

ပြင်သစ်နိုင်ငံ၊ နော်မန်ဒီဒေသက လက်ရှိ ဌာနခွဲအဆောက်အအုံ

၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက်
ပြင်သစ်

နော်မန်ဒီဒေသက အနှစ် ၅၀ သက်တမ်းရှိပြီဖြစ်တဲ့ ပြင်သစ်ဗေသလ

နော်မန်ဒီဒေသက အနှစ် ၅၀ သက်တမ်းရှိပြီဖြစ်တဲ့ ပြင်သစ်ဗေသလ

ပြင်သစ်နိုင်ငံ၊ နော်မန်ဒီဒေသက ဗေသလ အဆောက်အအုံကို အသုံးပြုလာခဲ့တာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ အနှစ် ၅၀ ပြည့်သွားပါပြီ။ စတင်အသုံးပြုပြီး ခြောက်လအကြာ၊ ၁၉၇၃ ဇွန် ၉ ရက်မှာ ဆက်ကပ်အပ်နှံခဲ့တယ်။

အဲဒီမတိုင်ခင်က ပြင်သစ်ဗေသလဟာ ပါရီမြို့နားက ဘူလွန်ဘီယန်ခူးမြို့မှာ ရှိခဲ့တာ။ ဒါပေမဲ့ ပြင်သစ်မှာ ယေဟောဝါသက်သေတွေ တဖြည်းဖြည်း များလာလို့ ပိုကြီးတဲ့ အဆောက်အအုံ လိုလာတယ်။ ဒါ့အပြင် အမေရိကန်ကနေ သင်္ဘောနဲ့ ပို့လိုက်တဲ့ စာပေတွေဟာ ဗေသလနဲ့ ၁၂၄ မိုင်ဝေးတဲ့ အနောက်ဘက်ဆိပ်ကမ်းမြို့ လူအာ့ဗွာကနေ ဝင်လာတာ။ ဒါကြောင့် သွားရလာရတဲ့ အချိန်နဲ့ ကုန်ကျစရိတ် သက်သာအောင် ဒီမြို့နှစ်မြို့ကြားမှာ ဗေသလ အဆောက်အအုံသစ် တိုးချဲ့ဆောက်နိုင်ဖို့ မြေကွက်ရှာကြတယ်။

နောက်ဆုံး ညီအစ်ကိုတွေက နော်မန်ဒီဒေသ၊ လုဗျေမြို့လေးက မြေကွက်တစ်ကွက်ကို တွေ့သွားကြတယ်။ ပါရီမြို့နဲ့ကော လူအာ့ဗွာမြို့နဲ့ပါ ၆၂ မိုင်လောက်ပဲ ဝေးတာ။ ၁၉၇၂ မှာ ဆောက်လုပ်ရေး စပြီး ရှစ်လအကြာမှာ ပြီးသွားတယ်။

နှစ်တွေတစ်လျှောက် နိုင်ငံတော်သတင်းကောင်း ကြေညာသူအရေအတွက် ပိုပိုများလာလို့ နော်မန်ဒီက အဆောက်အအုံကို အကြိမ်ကြိမ် တိုးချဲ့ ဆောက်လုပ်ခဲ့ရတယ်။ အဲဒီနောက်ပိုင်း အနီးနားက မြေကွက်တွေ ဝယ်ပြီး လူနေဆောင်တွေ ထပ်ဆောက်တယ်။ ၁၉၉၆ ခုနှစ်မှာ ဘူလွန်ဘီယန်ခူးမြို့က လက်ကျန်ဗေသလအိမ်သူအိမ်သားတွေ နော်မန်ဒီကို ပြောင်းလာတယ်။

ပြင်သစ်ဌာနခွဲမှာ စာပေတွေကို ဘာသာစကား ၂၄ မျိုးနဲ့ ဘာသာပြန်ဆိုနေပြီး သမ္မာကျမ်းစာကို ဘယ်လိုရှုမြင်ပါသလဲ ဝေစာကို ဘာသာစကား ၂၀ နဲ့ တွေ့ရစဉ်

ပြင်သစ်ဌာနခွဲက လက်ရှိမှာ နိုင်ငံတော်သတင်းကြေညာသူပေါင်း ၁၆၂,၀၀၀ ကျော်ရှိတဲ့ ၁၃ နိုင်ငံကို ကြီးကြပ်ပေးနေပါတယ်။ ၁၉၉၈ မှာ နော်မန်ဒီဌာနခွဲမှာ ပုံနှိပ်လုပ်ငန်းကို ဆက်မလုပ်တော့ဘူး။ ဒါပေမဲ့ နိုင်ငံတော်သတင်းကောင်း ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို တခြားနည်းလမ်းတွေနဲ့ ပံ့ပိုးကူညီပေးနိုင်ဖို့၊ ဘာသာစကား ၂၄ မျိုးနဲ့ ကျမ်းစာစာပေတွေကို ဘာသာပြန်နိုင်ဖို့၊ ဗီဒီယိုထုတ်လုပ်ရေးပိုင်း ကြီးကြပ်ပေးဖို့ အဆောက်အအုံကို လိုအပ်သလို ပြုပြင်ခဲ့တယ်။ လောလောဆယ် ဗေသလမှာ ညီအစ်ကို/မ ၄၀၀ ကျော် အမှုဆောင်နေပါတယ်။

ပြင်သစ်နိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါဘုရား “အရှိန်အဟုန် မြှင့်” ပေးနေလို့ ကျွန်တော်တို့ ဝမ်းသာပါတယ်။—ဟေရှာယ ၆၀:၂၂