မာတိကာဆီ ကျော်သွား

COVID-19 ကပ်ရောဂါ မဖြစ်ခင် ရိုက်ထားတဲ့ပုံမှာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူ၊ မျက်မမြင် နားမကြား သက်ကြီးရွယ်အို စင်သီယာ (ဘယ်) က အထိအတွေ့ လက်သင်္ကေတနည်းကို သုံးပြီး ညီအစ်မတစ်ယောက်နဲ့ ဆက်သွယ်နေစဉ်

မေ ၁၂၊ ၂၀၂၀
ဖိလစ်ပိုင်

မျက်မမြင်၊ နားမကြား ညီအစ်မကို ကပ်ရောဂါကာလအတွင်း အသင်းတော် ကူညီပေးပုံ

မျက်မမြင်၊ နားမကြား ညီအစ်မကို ကပ်ရောဂါကာလအတွင်း အသင်းတော် ကူညီပေးပုံ

အသက် ၆၄ နှစ်အရွယ် ညီအစ်မ စင်သီယာ ပါဘလိုဟာ ဖိလစ်ပိုင်နိုင်ငံ၊ ဖန်ဂူလို လက်သင်္ကေတပြ အသင်းတော်က နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူပါ။ မျက်မမြင် နားမကြား ဖြစ်တဲ့အပြင် ငွေကြေးလည်း မပြည့်စုံဘူး။ ဗာလင်ဇွဲလာမြို့က လူနေထူထပ်တဲ့ ရပ်ကွက်မှာ သက်သေခံ မဟုတ်တဲ့ ဆွေမျိုးတွေနဲ့ နေတယ်။ ကပ်ရောဂါကြောင့် စင်သီယာ စားဝတ်နေရေး ပိုခက်ခဲလာပေမဲ့ အသင်းတော်က ညီအစ်ကို/မတွေ ကြည့်ရှုစောင့်ရှောက်ပေးနေပါတယ်။

ညီအစ်ကို အလူမင်က ဆိုင်ကယ်စီးပြီး စင်သီယာအတွက် အဝတ်အစားတွေ၊ စားနပ်ရိက္ခာတွေ ယူသွားပေးတယ်

သက်ကြီးရွယ်အို ဖြစ်လို့ COVID-19 ကူးစက်နိုင်ခြေ ပိုများတယ်။ ကပ်ရောဂါကြောင့် စင်သီယာတို့ ရပ်ကွက်မှာ ရေရှားလာတဲ့အတွက် အဝတ်လျှော်ဖို့ မလွယ်ဘူး။ ကပ်ရောဂါ မဖြစ်ခင်တုန်းကတော့ ညီအစ်မတွေက စင်သီယာ့အဝတ်တွေကို လျှော်ပေးကြတယ်။ ဒါပေမဲ့ အစိုးရကန့်သတ်ချက်တွေ ထွက်လာတော့ သွားလျှော်ပေးဖို့ မဖြစ်နိုင်တော့ဘူး။

ဒါနဲ့ အသင်းတော် အကြီးအကဲ ညီအစ်ကို ဝေါလ်တာ အလူမင်က ရပ်ကွက်လူကြီးတွေဆီ သွားပြီး ခွင့်ပြုချက်တောင်းတယ်။ စင်သီယာကို သွားရောက်ကြည့်ရှုနိုင်အောင် အိမ်ပြင်ထွက်ခွင့် ပေးဖို့ပါ။ ဝန်ထမ်းတချို့သာ အဲဒီလို ထွက်ခွင့်ရနိုင်တာပါ။ ညီအစ်ကို ဝေါလ်တာက စင်သီယာရဲ့ အဝတ်အစားတွေ လျှော်ဖို့သာမက အစားအသောက်နဲ့ တခြားလိုတာလေးတွေပါ ယူသွားပေးတယ်။ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ပါ၊ အကာအကွယ်ဝတ်စုံ ဝတ်ပါ၊ မကြာခဏ လက်ဆေးပါ စတဲ့ အစိုးရ ညွှန်ကြားချက်အားလုံးကိုလည်း အတိအကျ လိုက်နာတယ်။

ညီအစ်ကို/မတွေကို ကျေးဇူးတင်ကြောင်း စင်သီယာက အမူအရာနဲ့ ပြတာကို ညီအစ်ကို ဝေါလ်တာက ဗီဒီယိုတို ရိုက်ပြီး အသင်းတော်ကို ပြန်ဝေမျှပေးတယ်။

ကပ်ရောဂါ မဖြစ်ခင်က ဟောပြောခြင်းလုပ်ငန်းမှာ စင်သီယာ ပါဝင်နေပုံ

ဒါတင်မက စင်သီယာ့အိမ်ကို သွားပြီး ဗီဒီယိုချိတ်ဆက်မှုနဲ့ လုပ်တဲ့ အသင်းတော် အစည်းအဝေးတွေကို အထိအတွေ့ လက်သင်္ကေတနည်းနဲ့ ဘာသာပြန်ပေးတယ်။ ဒါကြောင့် ကင်းမျှော်စင်သင်တန်းမှာ စင်သီယာ အပတ်တိုင်း မှတ်ချက်ပေးနိုင်တယ်။ ခုလို ကပ်ဆိုးဆိုက်နေချိန်မှာ စင်သီယာရဲ့ မှတ်ချက်တွေက ဗီဒီယိုချိတ်ဆက် ကြည့်ရှုသူတွေအတွက် အားပေးမှု ဖြစ်စေတယ်။

ယေဟောဝါက မိမိကို ဝတ်ပြုသူတွေ အချင်းချင်း နှစ်သိမ့်အားပေးပြီး လိုအပ်သလို ကူညီပေးနေတာ၊ ‘ဘုရားရဲ့နေ့ နီးလာတာကို သိနေတဲ့အတွက် ပိုကြိုးစားအားထုတ်’ နေကြတာကို ကြည့်ပြီး အားရကျေနပ်နေမယ်ဆိုတာ ကျွန်တော်တို့ ယုံတယ်။—ဟီဘရူး ၁၀:၂၄၊ ၂၅