မာတိကာဆီ ကျော်သွား

နှစ်တွေတစ်လျှောက် တဂါလော့ စကားနဲ့ ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် မဂ္ဂဇင်း နမူနာများ

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၃၀ ရက်
ဖိလစ်ပိုင်

၇၅ နှစ်တိုင်တိုင် တဂါလော့ စကားနဲ့ ထုတ်ဝေတဲ့ ကင်းမျှော်စင် ကနေ စာဖတ်သူတွေ အကျိုးရ

၇၅ နှစ်တိုင်တိုင် တဂါလော့ စကားနဲ့ ထုတ်ဝေတဲ့ ကင်းမျှော်စင် ကနေ စာဖတ်သူတွေ အကျိုးရ

တဂါလော့ စကားနဲ့ ကင်းမျှော်စင် ထုတ်လာတာ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှာ ၇၅ နှစ် တိုင်သွားပါပြီ။ အစပိုင်းမှာ မဂ္ဂဇင်း စောင်ရေ ၆၀၀ လောက် ထုတ်ဝေရာကနေ နောက်ပိုင်း၊ စောင်ရေ ၁.၂ သန်းကျော်အထိ တိုးပြီး ထုတ်ဝေခဲ့ရတယ်။ jw.org မှာလည်း အီလက်ထရောနစ်ပုံစံနဲ့ ရနေပါပြီ။

၁၉၀၈ ခုနှစ်မှာ ဖိလစ်ပိုင်ကို သတင်းကောင်း ရောက်လာတယ်။ ၁၉၂၄ မှာ ဌာနခွဲ တည်ထောင်ပြီးနောက် ဟောပြောခြင်းလုပ်ငန်းကို ပိုပြီး ကောင်းကောင်း ဖွဲ့စည်းလာနိုင်တယ်။ အင်္ဂလိပ် စာပေတွေ အဓိက သုံးခဲ့ကြပေမဲ့ တဂါလော့ စကားနဲ့ ဘာသာပြန်ထားတဲ့ စာပေတွေ လိုအပ်မှန်း ညီအစ်ကိုတွေ သတိထားမိကြတယ်။

ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၁၉၄၇၊ ဇွန် ၁၄ ရက်မှာ ဂိလဒ်သင်တန်းဆင်း သာသနာပြု အားလ် စတူးဝပ်၊ ဗစ်တာ ဝိုက်၊ လိုရန်ဇို အယ်ပီချီတို့ ဖိလစ်ပိုင်ကို ရောက်လာကြတယ်။ ဌာနခွဲ အမှုထမ်းအဖြစ် ခန့်အပ်ခံရခါစ ညီအစ်ကို စတူးဝပ်က တဂါလော့စကားနဲ့ ကင်းမျှော်စင် စဘာသာပြန်ဖို့ အရည်အချင်း ရှိတဲ့ ညီအစ်ကိုတွေကို မြန်မြန်ဆန်ဆန် စီစဉ်ခဲ့တယ်။ အဲဒီနှစ် စက်တင်ဘာလကစပြီး ကြေညာသူတွေဟာ တစ်လ နှစ်စောင်ထုတ် ကင်းမျှော်စင် ဝေငှနိုင်ခဲ့ကြတယ်။

အစောပိုင်း တဂါလော့ ဘာသာပြန် တစ်ဦး ဖြစ်တဲ့ ဟီလာရီယွန် အာမိုရီ

အစပိုင်းမှာ ဘာသာပြန် အတော်များများဟာ မိသားစုကို ထောက်ပံ့ဖို့ နေ့ဘက် အလုပ်လုပ်ပြီး ညဘက် စာပေတွေ ဘာသာပြန်ကြတယ်။ “မနက် နှစ်နာရီလောက်အထိ ဘာသာပြန်ကြရတယ်။ ဒါပေမဲ့ ညီအစ်ကို၊ ညီအစ်မတွေ လိုအပ်တဲ့ ကျမ်းစာအခြေပြု စာပေတွေ ရနိုင်ဖို့ ကူညီပေးနေရတာဆိုတော့ ပျော်ကြပါတယ်” လို့ ဘာသာပြန် ညီအစ်ကို ဟီလာရီယွန် အာမိုရီ ပြောတယ်။

အခုလက်ရှိမှာတော့ ဖိလစ်ပိုင်နိုင်ငံ၊ တဂါလော့ စကားပြော အသင်းတော် ၁,၁၂၆ ခုမှာ ကြေညာသူ ၉၇,၄၄၃ ယောက် အမှုဆောင်နေကြတယ်။ နိုင်ငံအတွင်းမှာ တဂါလော့ စကားပြောတဲ့သူ ၇၆.၅ သန်းလောက် ရှိပြီး ကမ္ဘာတစ်ဝန်းမှာ တဂါလော့ စကားပြော ကြေညာသူ ၁၁၅,၀၀၀ ကျော် ရှိပါတယ်။ တခြားနိုင်ငံများစွာမှာလည်း တဂါလော့ စာပေတွေ ဝေငှနေပြီး ကမ္ဘာတစ်ဝန်းက တဂါလော့ စကားပြော ကြေညာသူတွေ၊ စိတ်ဝင်စားသူတွေ ဖတ်နေကြတယ်။

ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ လူတွေ ကိုယ့်မိခင် ဘာသာစကားနဲ့ ကျမ်းစာအခြေပြု စာပေတွေ ရနိုင်အောင် အဖွဲအစည်းကတစ်ဆင့် ယေဟောဝါဘုရား ပြင်ဆင်ပေးတာ ကျေးဇူးတင်စရာပါပဲ။—မဿဲ ၂၄:၄၅၊ ၄၆