မာတိကာဆီ ကျော်သွား

သြဂုတ် ၃၀၊ ၂၀၁၇
ဗင်နီဇွဲလား

ဗင်နီဇွဲလားက ယေဟောဝါသက်သေတွေဟာ စီးပွားရေး အကျပ်အတည်းကြား ကျမ်းစာပညာပေးလုပ်ငန်း ဆက်လုပ်

ဗင်နီဇွဲလားက ယေဟောဝါသက်သေတွေဟာ စီးပွားရေး အကျပ်အတည်းကြား ကျမ်းစာပညာပေးလုပ်ငန်း ဆက်လုပ်

နယူးယောက်​— ဗင်နီဇွဲလားမှာ စီးပွားရေး အကျပ်အတည်းတွေကြောင့် အခြေအနေတွေ ဆိုးရွားနေကြောင်း နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြတယ်။ ဒီအကျပ်အတည်းကို ကျွန်တော်တို့ရဲ့ ညီအစ်ကို ညီအစ်မတွေလည်း ရင်ဆိုင်နေရကြောင်း ဗင်နီဇွဲလား ဌာနခွဲကော်မတီက သတင်းပေးပို့ပါတယ်။ ဒီသတင်းကြောင့် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့က တကယ့်ကို စိုးရိမ်ပူပန်မိပါတယ်။

နိုင်ငံတော်ခန်းမမှာ ဝတ်ပြုနေချိန် လက်နက်ကိုင်ထားသူတွေ ဝင်လာပြီး အီလက်ထရောနစ် ပစ္စည်းနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကို လုယူခဲ့ကြတယ်။ တချို့နေရာတွေမှာ အကြမ်းဖက်မှုတွေကြောင့် လမ်းတွေ ပိတ်နေပြီး နိုင်ငံတော်ခန်းမကို မသွားနိုင်တဲ့အတွက် အိမ်တွေမှာပဲ ဝတ်ပြုကြရတယ်။ အလုပ်တွေ ပိတ်လိုက်တဲ့အတွက် ညီအစ်ကို ညီအစ်မတချို့ အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ တချို့ လုပ်ငန်းရှင်တွေလည်း ရာဇဝတ်ကျူးလွန်သူတွေနဲ့ လူဆိုးဂိုဏ်းတွေရဲ့ ပစ်မှတ် ဖြစ်လာတာကြောင့် လုပ်ငန်းတွေကို ရောင်းပြီး နိုင်ငံကနေ ထွက်ပြေးကြရတယ်။ ဝမ်းနည်းစရာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ညီအစ်ကို ညီအစ်မ ၆၈၀ ခန့် ပြန်ပေးဆွဲခံရပြီး ၁၃,၁၄၆ ယောက်က ဓားပြတိုက်ခံခဲ့ရတယ်။ ၁၄၄ ယောက် မုဒိမ်းကျင့်တာ၊ ကျင့်ဖို့ ကြိုးစားတာကို ခံခဲ့ရတယ်။ ၂၀၁၇၊ သြဂုတ် ၁၀ ရက် သတင်းအရ ကျွန်တော်တို့ရဲ့ ညီအစ်ကို ညီအစ်မ ၄၇ ယောက် အသတ်ခံခဲ့ရတယ်လို့ သိရတာ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ တချို့က လိုအပ်တဲ့ ဆေးဝါးကုသမှု မရတဲ့အတွက်ကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်။

အုပ်ချုပ်ရေးအဖွဲ့က လှူဒါန်းထားတဲ့ ငွေတွေကနေ ညီအစ်ကို ညီအစ်မတွေ အတွက် အခြေခံလိုအပ်ရာတွေ ထောက်ပံ့ပေးနိုင်ဖို့ အခြေအနေကို အသေအချာ စောင့်ကြည့် နေတယ်။ တစ်ဦးချင်းစီ အကူအညီပေးဖို့ ကြိုးစားတာက အန္တရာယ်ရှိတဲ့အတွက် ဗင်နီဇွဲလားမှာရှိတဲ့ ညီအစ်ကို ညီအစ်မတွေကို ထောက်ပံ့ပေးနိုင်ဖို့ အသင့်တော်ဆုံးနည်းလမ်းတွေ သိနိုင်အောင် အုပ်ချုပ်ရေးအဖွဲ့က ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဌာနခွဲတွေနဲ့ ဆက်သွယ်နေပါတယ်။

ဗင်နီဇွဲလားဌာနခွဲမှာ ကယ်ဆယ်ရေးကော်မတီတစ်ခု ဖွင့်ထားပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ကော်မတီခွဲ ၂၄ ခုကို ဦးစီးပေးနေပါတယ်။ ဗင်နီဇွဲလားက ကြေညာသူ ၁၄၉,၀၀၀ ကျော်ဟာ “နောက်ဆုံးကာလ” မှာ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ခံနေရတဲ့ကြားက လူတွေကို နှစ်သိမ့်ပေးတဲ့ ကျမ်းစာသတင်းတရား ဝေမျှခြင်းမှာလည်း တိုးပြီးပါဝင်နေကြတယ်။ (၂ တိမောသေ ၃:​၁-၅။ ၄:၂) ဗင်နီဇွဲလား ဌာနခွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ လူးဝစ် အာရ် နာဗာစ် ဒီလိုပြောတယ်- ‘ညီအစ်ကို ညီအစ်မတွေဟာ ယေဟောဝါရဲ့ အမှုတော်မှာ ပိုလုပ်ဆောင်လာသလို ရလဒ်ကောင်းတွေ ရလာတယ်။ အစည်းအဝေး တက်ရောက်သူတွေလည်း တိုးလာတယ်။ အမှုဆောင်မှာ သတိထားပြီး လုပ်နေရပေမဲ့ ကြေညာသူတွေဟာ မှန်မှန်ရှေ့ဆောင် လုပ်လာကြတယ်။ ကျွန်တော်တို့ဟာ တိုင်းပြည်ရဲ့ အေးချမ်းမှုကို ထိခိုက်စေတဲ့ ဘယ်ရာဇဝတ်မှုကိုမှ မကျူးလွန်ပဲ လုံးဝကြားနေတဲ့သူတွေဖြစ်မှန်း လူတွေ ကောင်းကောင်း သိထားတဲ့အတွက် ကျမ်းစာပါ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက် သတင်းတရားကို ပြောပြတဲ့အခါ လက်ခံကြတယ်။’

ဗင်နီဇွဲလားမှာရှိတဲ့ ယေဟောဝါသက်သေတွေဟာ အချင်းချင်း ဂရုစိုက်ကူညီပေးရင်းနဲ့ လူတိုင်းကို နှစ်သိမ့်ပေးနေတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို ညီအစ်မတွေဟာ သူတို့ကို ဆက်ထောက်မပေးနေပြီး ဆုတောင်းပေးနေကြပါတယ်။​—ရောမ ၁၂:​၁၂၊ ၁၃။ ၂ ကောရိန္သု ၁:​၃၊ ၄

Media Contacts:

International: David A. Semonian, Office of Public Information, +1-845-524-3000

Venezuela: Luis R. Navas, +58-244-400-5000