မာတိကာဆီ ကျော်သွား

ဗင်နီဇွဲလားက ညီအစ်ကို/မတွေဟာ အစည်းအဝေးတွေ မှန်မှန် တက်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးနေကြတယ်။

နိုဝင်ဘာ ၅၊ ၂၀၁၈
ဗင်နီဇွဲလား

ဗင်နီဇွဲလားနိုင်ငံ နောက်ဆုံးသတင်း- အခြေအနေ ဆိုးရွားနေပေမဲ့ ယုံကြည်ခြင်း ခိုင်မြဲနေကြ

ဗင်နီဇွဲလားနိုင်ငံ နောက်ဆုံးသတင်း- အခြေအနေ ဆိုးရွားနေပေမဲ့ ယုံကြည်ခြင်း ခိုင်မြဲနေကြ

ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းက ညီအစ်ကို/မတွေကို ထိခိုက်နေပါတယ်။ ကြေညာသူတွေ အကြမ်းဖက်ခံရတဲ့သတင်းကို ဗင်နီဇွဲလား ဌာနခွဲရုံးက အပတ်တိုင်း ရရှိနေတယ်။ ဝတ်ပြုရာခန်းမ အတော်များများ ဝင်ရောက်လုယက်ခံရတယ်။ ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားအခြေခံလိုအပ်ရာတွေ ပြတ်လပ်တာကို ညီအစ်ကို/မတွေ ကြုံနေရတယ်။ ၂၀၁၃ ခုနှစ်ကစပြီး ကြေညာသူ ၂၀,၀၀၀ ကျော်ဟာ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ အီတလီ၊ ပီရူး၊ ပေါ်တူဂီ၊ စပိန်၊ အမေရိကန်စတဲ့ နိုင်ငံတွေကို ထွက်ခွာသွားကြတယ်။ a အခက်အခဲတွေ ရှိနေပေမဲ့ ဗင်နီဇွဲလားမှာ ဆက်နေထိုင်တဲ့ ယေဟောဝါသက်သေ ၁၄၀,၀၀၀ နီးပါးကတော့ တက်တက်ကြွကြွ အမှုဆောင်နေကြဆဲပါ။

ဗင်နီဇွဲလား ဌာနခွဲရုံးက နိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းကို စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ ကယ်ဆယ်ရေးကော်မတီ ၆၀ ရှိပြီး ညီအစ်ကို/မတွေကို စားနပ်ရိက္ခာ ပေးဝေတဲ့လုပ်ငန်းကို အဓိကထား လုပ်ဆောင်နေပါတယ်။ လောလောဆယ် ဘရာဇီးဌာနခွဲရုံး အကူအညီနဲ့ ဗင်နီဇွဲလား ဌာနခွဲရုံးက စားနပ်ရိက္ခာအလှူ တန်ပေါင်းများစွာကို အသင်းတော် ၁,၄၉၇ မှာရှိတဲ့ ကြေညာသူ ၆၄,၀၀၀ ကျော်ကို ဝေမျှပေးခဲ့ပါပြီ။

ညီအစ်ကို/မတွေ ယေဟောဝါအပေါ် သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်ဖို့လည်း ဗင်နီဇွဲလား ဌာနခွဲရုံးက ကူညီပေးနေပါတယ်။ ဒီနွေရာသီအတွင်း “ရဲစွမ်းသတ္တိ ရှိပါ” ခရိုင်အစည်းအဝေး ၁၂၂ ခုကို နိုင်ငံတစ်ဝန်းမှာ ကျင်းပခဲ့တယ်။ နောက်ဆုံးတစ်ခုကို ၂၀၁၈၊ စက်တင်ဘာ ၂ ရက်နေ့မှာ ပြီးစီးခဲ့တယ်။ ငွေကြေး အခက်အခဲတွေ ရှိနေပေမဲ့ အစည်းအဝေးကြီးကို တက်ရောက်ပြီး အချိန်တန် လိုအပ်တဲ့အားပေးမှုကို ရရှိခဲ့ကြတယ်။

ဗင်နီဇွဲလားက ယေဟောဝါသက်သေတွေဟာ စိတ်သောကရောက်နေတဲ့သူတွေကို ကျမ်းစာသတင်းတရားနဲ့ နှစ်သိမ့်ပေးရင်း အလုပ်များနေကြပါတယ်။ လောလောဆယ် လစဉ် ကျမ်းစာသင်အံမှု ၂၀၀,၀၀၀ နီးပါး ကျင်းပနေကြတယ်။ အသင်းတော်အစည်းအဝေးကို စိတ်ဝင်စားသူလူသစ်တွေ လာတက်ကြတယ်။ နှစ်ခြင်းခံသူ ၇,၂၅၉ ဦး ရှိတယ်။

ဒီတိုးတက်မှုတွေက ဗင်နီဇွဲလား ညီအစ်ကို/မတွေကို ဘုရားရဲ့ စွမ်းအားတော် ထောက်မပေးနေကြောင်း သက်သေထူတယ်။ အခုချိန်မှာ ကြုံတွေ့နေရတဲ့ စိတ်ဆင်းရဲစရာ မှန်သမျှကို ဘုရားနိုင်ငံတော် ဖြေရှင်းပေးမယ့်အချိန်အထိ ယေဟောဝါကို ဆက်ယုံကြည်ကိုးစားနေစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။—ပညာအလိမ္မာ ၃:၅၊ ၆

ဗင်နီဇွဲလား အခြေအနေတွေကို ပိုသိနိုင်ဖို့ ဗင်နီဇွဲလား—ခက်ခဲတဲ့ကာလအတွင်း ချစ်ခြင်းနဲ့ ယုံကြည်ခြင်း ဗီဒီယိုကို ကြည့်ပါ။

a စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံရချိန်မှာ တိုင်းပြည်ကနေ ထွက်ခွာမလား၊ မထွက်ခွာဘူးလားဆိုတာ ကြေညာသူတိုင်း ကိုယ်ပိုင် ဆုံးဖြတ်ရမယ်။ တိုင်းပြည်ကနေ ထွက်ခွာဖို့ဖြစ်စေ၊ ဆက်နေဖို့ဖြစ်စေ အဖွဲ့အစည်းက အားပေးတိုက်တွန်းခြင်း မပြုပါဘူး။—ဂလာတိ ၆:၅