မာတိကာဆီ ကျော်သွား

အောက်မေ့ရာပွဲ တက်နေတဲ့ ဗင်နီဇွဲလားက ညီအစ်ကို/မများ

ဧပြီ ၂၁၊ ၂၀၂၁
ဗင်နီဇွဲလား

၂၀၂၁ အောက်မေ့ရာပွဲ—ဗင်နီဇွဲလား

အခက်အခဲတွေကြား အောက်မေ့ရာပွဲ တက်ဖို့၊ တခြားသူတွေကို ဖိတ်ခေါ်ဖို့ ဗင်နီဇွဲလားက ညီအစ်ကို/မများ ကြိုးစားကြ

၂၀၂၁ အောက်မေ့ရာပွဲ—ဗင်နီဇွဲလား

ဗင်နီဇွဲလားက ညီအစ်ကို/မတွေဟာ စီးပွားရေး ကျပ်တည်းမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါတို့ကို ဆက်တိုက် ကြုံခဲ့ရတယ်။ ဒါပေမဲ့ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲ တက်နိုင်ဖို့ ကြိုးစားရုံမက တခြားသူတွေကို ဖိတ်ခေါ်ဖို့လည်း နည်းလမ်းရှာခဲ့ကြတယ်။

အောက်မေ့ရာပွဲ မတိုင်ခင် နှစ်ပတ်အတွင်း အပူရီပြည်နယ်၊ လာဗီတိုးရီးယားမြို့၊ ကိုလံဘီယာနယ်စပ်အနီးမှာ တိုက်ပွဲ ဖြစ်ပွားတယ်။ အသင်းတော်က ကြေညာသူအားလုံး ကိုလံဘီယာကို ထွက်ပြေးရတယ်။ ကိုလံဘီယာ၊ အာရူကွီတာအသင်းတော်က ညီအစ်ကို/မတွေဟာ ဗင်နီဇွဲလားက ညီအစ်ကို/မတွေ အောက်မေ့ရာပွဲကို ဖုန်းနဲ့ ချိတ်ဆက် နားထောင်နိုင်ဖို့ ကူညီကြတယ်။

အောက်မေ့ရာပွဲ ဟောပြောချက်ကို စကားပြောစက်နဲ့ နားထောင်နေတဲ့ မောင်နှံ

ဖဲလ်ကွန်ပြည်နယ်၊ အသင်းတော်တစ်ခုမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရဘူး။ ဒါကြောင့် အသင်းတော်က ကြေညာသူ ၇၀ ဆီ စကားပြောစက်၊ အိတ်ဆောင် ရေဒီယိုတွေ သုံးပြီး အောက်မေ့ရာပွဲ ဟောပြောချက်ကို လွှင့်ပေးတယ်။

ညီအစ်မ တစ်ယောက်က “အချင်းချင်း မပွေ့ဖက်ရ၊ မမြင်ရပေမဲ့ ညီအစ်ကိုတွေရဲ့ အသံ ကြားရလို့ အတူတူ ရှိနေသလိုပဲ” လို့ ပြောတယ်။

အောက်မေ့ရာပွဲ နီးလာတော့ အသင်းတော်တွေက ဝေးခေါင်တဲ့ ဒေသမှာ နေထိုင်သူတွေကို အစီအစဉ် နားထောင်နိုင်ဖို့ ဖိတ်ခေါ်ကြတယ်။ အောက်မေ့ရာပွဲ ဟောပြောချက်ကို တခြားသူတွေ နားထောင်နိုင်ဖို့ နည်းလမ်းမျိုးစုံ ရှာကြတယ်။ ဖိတ်စာ ၃,၀၀၀ ကျော် ပို့လိုက်တာ အောင်မြင်တယ်။ အရာယာ ကမ်းရိုးတန်းမြို့မှာ အောက်မေ့ရာပွဲ ဟောပြောချက်ကို လူတစ်ရာကျော် ဖုန်းနဲ့ နားထောင်ခဲ့ကြတယ်။

အောက်မေ့ရာပွဲ ဟောပြောချက်ကို ရေဒီယိုနဲ့ နားထောင်နေတဲ့ ညီအစ်ကို

ဗင်နီဇွဲလား ဌာနခွဲက ရေဒီယို အသံလွှင့်ရုံ ၈၂ ခု၊ တီဗီလိုင်း ၆ ခုကနေ အောက်မေ့ရာပွဲ ထုတ်လွှင့်ပေးဖို့လည်း စီစဉ်ခဲ့ကြတယ်။ ဒီနည်းနဲ့ ညီအစ်ကို ၈,၀၀၀ နဲ့ ဧည့်သည်တွေ အောက်မေ့ရာပွဲ ကျင်းပနိုင်ခဲ့တယ်။ အောက်မေ့ရာပွဲ အစီအစဉ်ကို ဂွာဟီဘို၊ ပမ်မို၊ ပီအာရို၊ ပူမီ၊ ဝါရာအို၊ ဝေယူနိုင်ကီ၊ ရက်ခွာနာစတဲ့ တိုင်းရင်းသား ဘာသာစကားတွေနဲ့လည်း ထုတ်လွှင့်ပေးတယ်။

ဘိုလီဗာပြည်နယ်၊ ဂတ်စပီပါတီမြို့မှာ အောက်မေ့ရာပွဲ ဟောပြောချက်ကို ရေဒီယို အသံလွှင့်ရုံကနေ ညနေ ၆ နာရီခွဲမှာ အချိန်မီ ထုတ်လွှင့်ပေးဖို့ စီစဉ်ထားတယ်။ ဖြစ်ချင်တော့ မီးပျက်လိုက်လာလိုက် ဖြစ်နေလို့ အောက်မေ့ရာပွဲ ဟောပြောချက်ကို ကောင်းကောင်း နားထောင်လို့ မရဘူး။ ဒါပေမဲ့ ရေဒီယို အသံလွှင့်ရုံက နည်းပညာပိုင်း အမှားတွေကြောင့် ဟောပြောချက်ကို တစ်ညလုံး ဆယ်ကြိမ်လောက် ပြန်ထုတ်လွှင့်ပေးခဲ့တယ်။ ဒီနည်းနဲ့ အချိန်ခြားပြီး ပြန်ထုတ်လွှင့်ပေးတဲ့ ဟောပြောချက် အစအဆုံးကို လူ ၆၀၀ လောက် နားထောင်နိုင်ခဲ့တယ်။ “ဒီအထူးဟောပြောချက်ကို တစ်ယောက်မှ လွတ်မသွားအောင် ယေဟောဝါ စီစဉ်ပေးတယ်” လို့ ညီအစ်ကိုတစ်ယောက် ပြောတယ်။

“စမ်းသပ်မှုအမျိုးမျိုး ကြုံရ” ပေမဲ့ အောက်မေ့ရာပွဲ တက်ရောက်ဖို့၊ တခြားသူတွေကို ဖိတ်ခေါ်ဖို့ ကြိုးစားတာကို ယေဟောဝါ ကောင်းချီးပေးနေမှန်း မြင်ရတဲ့အတွက် ညီအစ်ကိုတွေ “သိပ်ဝမ်းမြောက်နေကြတယ်။”—၁ ပေတရု ၁:၆၊ ၇