မာတိကာဆီ ကျော်သွား

၂၀၁၉ မှာ ဒိုရီယန်မုန်တိုင်းကြောင့် ဗဟားမား၊ ဂရိတ်အဘာကိုကျွန်းမှာရှိတဲ့ တစ်ခုတည်းသော ဝတ်ပြုရာခန်းမ ပျက်စီးသွား။ ပြန်လည်ဆောက်လုပ်ထားတဲ့ ဝတ်ပြုရာခန်းမကို မကြာသေးခင်က ဆက်ကပ်အပ်နှံခဲ့

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်
ဗဟားမား

ဗဟားမားမှာ ပြန်လည်ဆောက်လုပ်ထားတဲ့ ဝတ်ပြုရာခန်းမကို ဆက်ကပ်အပ်နှံ

ညီအစ်ကို မာ့ခ် ဆန်ဒါစန် ဆက်ကပ်အပ်နှံပွဲ ဟောပြောချက် ပေးနေစဉ်

ဗဟားမားမှာ ပြန်လည်ဆောက်လုပ်ထားတဲ့ ဝတ်ပြုရာခန်းမကို ဆက်ကပ်အပ်နှံ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်မှာ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကို မာ့ခ် ဆန်ဒါစန်က ဗဟားမား၊ ဂရိတ်အဘာကိုကျွန်းမှာ ပြန်လည်ဆောက်လုပ်ထားတဲ့ ဝတ်ပြုရာခန်းမကို ဆက်ကပ်အပ်နှံခဲ့ပါတယ်။ ၂၀၁၉၊ စက်တင်ဘာမှာ တိုက်ခတ်ခဲ့တဲ့ ဒိုရီယန်မုန်တိုင်းကြောင့် ဝတ်ပြုရာခန်းမ ပျက်စီးသွားတယ်။ ၂၀၂၀၊ မတ်လမှာ ပြီးစီးဖို့ သတ်မှတ်ထားပေမဲ့ အဲဒီမတိုင်ခင် သုံးပတ်အလိုလေးမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဝတ်ပြုရာခန်းမ ဆောက်လုပ်ရေးအလုပ် ရပ်တန့်သွားတယ်။ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတွေဟာ အလုပ်ကို အပြီးသတ်ဖို့ ၂၀၂၁ မှာ ပြန်လာကြတယ်။

“မုန်တိုင်းတိုက်တုန်းက မုန်တိုင်းနဲ့အတူ ပိုင်ဆိုင်ရာတွေ အများကြီး ပါသွားကြမှာပဲ။ ဒါပေမဲ့ ညီအစ်ကို/မတို့ရဲ့ ယုံကြည်ခြင်းတော့ ပါမသွားပါဘူး။ ဘုရားနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးလည်း မုန်တိုင်းထဲ ပါမသွားပါဘူး” လို့ ညီအစ်ကို ဆန်ဒါစန်က ဆက်ကပ်အပ်နှံပွဲ ဟောပြောချက်မှာ တက်တက်ကြွကြွ ပြောသွားခဲ့တယ်။

ဒီဝတ်ပြုရာခန်းမဟာ ကျွန်းပေါ်မှာရှိတဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ တစ်ခုတည်းသော အဆောက်အဦ ဖြစ်တယ်။ အင်္ဂလိပ်စကားပြော အသင်းတော်နဲ့ ဟေတီကရီအောလ်စကားပြော အသင်းတော်နှစ်ခုမှာရှိတဲ့ ကြေညာသူ ၄၉ ယောက်ရဲ့ ခိုလှုံရာနေရာပါ။ ဆက်ကပ်အပ်နှံပွဲ အစီအစဉ်ကို ၁၇၅ ရောက် တက်ခဲ့တယ်။ နောက်ထပ် ၁၆၇ ယောက်က ဗီဒီယို ချိတ်ဆက်မှုနဲ့ တက်ရောက်ခဲ့တယ်။ အပ်နှံပွဲမှာ သက်သေခံတွေနဲ့ ဒေသအတွင်းက သက်သေခံမဟုတ်သူတွေ ခန်းမကို လည်ပတ်ကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးခဲ့တယ်။

ကယ်ဆယ်ရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ချိန်မှာ ညီအစ်ကို ဂျေခ် မာဂျူရာဟာ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်းတစ်ယောက်ပါ။ “တကယ့်ကို ကြေကွဲခဲ့ရတယ်။ စံချိန်တင်လောက်တဲ့ အမြန်နှုန်းနဲ့ အိမ်တွေကို ပြုပြင်ပေးတာ ပြီးခါနီးနေပြီ။ လုပ်ငန်းရပ်ဆိုင်းလိုက်ချိန်မှာ ပြန်လည်ဆောက်လုပ်ထားတဲ့ ဝတ်ပြုရာခန်းမကလည်း အောက်မေ့ရာပွဲအတွက် အဆင်သင့်နီးပါး ဖြစ်နေပြီ” လို့ သူပြောတယ်။ ဝတ်ပြုရာခန်းမကို အပြီးသတ်ဖို့နဲ့ တခြားအိမ်တွေကို ပြုပြင်ပေးဖို့ ၂၀၂၁ မှာ သူပြန်လာနိုင်ခဲ့တယ်။

ဝတ်ပြုရာခန်းမ ဆက်ကပ်အပ်နှံချိန် အခါသမယဟာ ပျော်ရွှင်စရာပါ

ညီအစ်ကို ဆန်ဒါစန် ဒီလိုပြောတယ်– “ယေဟောဝါရဲ့ လူမျိုးဟာ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြတယ်၊ အချင်းချင်းချစ်ကြတယ်ဆိုတာကို ဒီဝတ်ပြုရာခန်းမက သက်သေပြတယ်။ အခု၊ ၂၀၂၃၊ ဇန်နဝါရီလမှာ ဒီနေရာကို ရောက်လာပြီး အဆောက်အအုံ ပြီးစီးနေတာ၊ ညီအစ်ကို/မတွေ ပျော်နေကြတာကို မြင်ရတာ တကယ့်ကို ဝမ်းသာပီတိ ဖြစ်ရပါတယ်။”

ပြန်လည်ဆောက်လုပ်ထားတဲ့ ဒီဝတ်ပြုရာခန်းမအသစ်ဟာ ကျွန်တော်တို့ရဲ့ဘုရား ယေဟောဝါကို ချီးမွမ်းမှု ဖြစ်စေမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဧဇရ ၃:၁၀