မာတိကာဆီ ကျော်သွား

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၀ ရက်
ဘယ်လ်ဂျီယံ

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အခွန်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံက ယေဟောဝါသက်သေတွေကို အနိုင်ပေး

လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံးက အခွန်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လ်ဂျီယံနိုင်ငံက ယေဟောဝါသက်သေတွေကို အနိုင်ပေး

ဘရပ်ဆယ်မြို့နယ်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်ကိုးခုအပေါ် ပိုင်ဆိုင်မှုဆိုင်ရာ အခွန်ကင်းလွတ်ခွင့်ပြုခဲ့ဖူးတာကို ဘယ်လ်ဂျီယံအစိုးရ ပယ်ဖျက်လိုက်တာဟာ တရားမျှတမှု မရှိဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ဥရောပတရားရုံး (ECHR) က တညီတညွတ်တည်း စီရင်ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီ ၅ ရက်နေ့မှာ ထုတ်ဝေတဲ့ ခရစ်ယာန်ယေဟောဝါသက်သေများပါ အခြား နှင့် ဘယ်လ်ဂျီယံ အမှု စီရင်ချက်ကြောင့် ကျွန်တော်တို့ရဲ့ဘာသာရေးလွတ်လပ်ခွင့်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာသာမက တခြားဥရောပနိုင်ငံတွေမှာလည်း ခိုင်မာလာတယ်။

ဘရပ်ဆယ်မြို့နယ်မှာရှိတဲ့ ဘာသာရေးအားလုံးဟာ၂၀၁၈ ခုနှစ်အထိ ဝတ်ပြုရာနေရာတွေအတွက် အခွန်ကင်းလွတ်ခွင့် ရခဲ့တယ်။ ၂၀၁၈ ခုနှစ်မှာတော့ အခွန်ဆိုင်ရာဥပဒေကို ပြင်ဆင်လိုက်လို့ “အသိအမှတ်ပြုခံရတဲ့ ဘာသာရေး” ခြောက်ခုပဲ အခွန်ကင်းလွတ်ခွင့်ရနိုင်တော့တယ်။ ပြင်ဆင်လိုက်တဲ့ဥပဒေကြောင့် ဘရပ်ဆယ်မြို့က နိုင်ငံတော်ခန်းမတွေဟာ တစ်နှစ်ကို ယူရို ၄၅,၀၀၀ (ဒေါ်လာ ၄၉,၀၂၅) နီးပါး အခွန်ငွေ ပေးရမှာဖြစ်တယ်။

“အသိအမှတ်ပြုခံရတဲ့ ဘာသာရေး” ခြောက်ခုကိုပဲ အခွန်ကင်းလွတ်ခွင့်ပေးခြင်းဖြင့် ဘရပ်ဆယ်မြို့နယ်က ယေဟောဝါသက်သေတွေကို ခွဲခြားဆက်ဆံတယ်၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပပဋိညာဉ်စာတမ်းကို ချိုးဖောက်တယ်လို့ ECHR က စီရင်ဆုံးဖြတ်ခဲ့တယ်။

အစိုးရရဲ့ အသိအမှတ်ပြုမှုကို ယေဟောဝါသက်သေတွေ လျှောက်ထားရယူ နိုင်ပါတယ်ဆိုတဲ့ ဘယ်လ်ဂျီယံရဲ့အဆိုကိုလည်း ECHR ရဲ့စီရင်ချက်မှာ ငြင်းပယ်ထားတယ်။ ဘယ်လ်ဂျီယံမှာ တရားရေးဝန်ကြီးကပဲ အစိုးရရဲ့အသိအမှတ်ပြုမှု လျှောက်ထားရယူတဲ့လုပ်ငန်းစဉ်ကို အစပြုလုပ်ဆောင်နိုင်ပြီး ဆုံးဖြတ်ချက်ကလည်း ဥပဒေပြုရေးအဖွဲ့ရဲ့ ထင်မြင်ချက်သက်သက် အပေါ်မှာပဲ မူတည်နေတယ်။

ဘယ်လ်ဂျီယံမှာ အစိုးရရဲ့အသိအမှတ်ပြုမှု လျှောက်ထားရယူတဲ့ကိစ္စကို “ထင်မြင်ချက်အပေါ် အခြေခံပြီး ဆုံးဖြတ်ခွင့်ပေးထားတာက စိုးရိမ်စရာကောင်းတယ်” လို့ ECHR ရဲ့တရားဝင်စီရင်ချက်မှာ ဆိုတယ်။ “သာတူညီမျှ အခွင့်အရေးပေးမယ်ဆိုတဲ့ အာမခံချက်မရှိဘဲနဲ့ ဘာသာရေးအုပ်စုတွေဟာ အခွန်ကင်းလွတ်ခွင့်ရဖို့ သဘာဝကျကျ မမျှော်လင့်နိုင်ဘူး” လို့လည်း ဖော်ပြထားတယ်။ အဲဒီအစား ယေဟောဝါသက်သေတွေလို ဘာသာရေးအုပ်စုတွေအပေါ် “သာတူညီမျှ” ဆက်ဆံဖို့၊ “မျက်နှာမလိုက်” ဖို့ တရားရုံးက ဘယ်လ်ဂျီယံကို အမိန့်ပေးခဲ့တယ်။

အစိုးရအာဏာပိုင်တွေဟာ ဘာသာရေးယုံကြည်ချက်တစ်ခုကို တရားဝင်မဝင် ဆိုပြီး သတ်မှတ်ပိုင်ခွင့်၊ ဘာသာဝင်တွေကို ဘယ်ပုံဘယ်နည်း ဝတ်ပြုရမယ် ဆိုပြီး သတ်မှတ်ပိုင်ခွင့်မရှိကြောင်း ECHR ရဲ့ ဆုံးဖြတ်ချက်က ပေါ်လွင်တယ်။ ကျွန်တော်တို့အဖွဲ့အစည်းကို ခွဲခြားဆက်ဆံပြီး အခွန်ဥပဒေတွေ ပြဋ္ဌာန်းတာမျိုးလည်း မလုပ်စေဖို့ တခြားဥရောပအဖွဲ့ဝင်နိုင်ငံတွေကို ဟန့်တားပေးပါတယ်။

ယေဟောဝါနာမတော်ကို ချီးမွမ်းချင်တာက ကျွန်တော်တို့ရဲ့ဆန္ဒပါ။ အဲဒီဆန္ဒကို ဖြစ်မြောက်စေတဲ့ တရားရေး အောင်ပွဲတွေအားလုံးအတွက် ယေဟောဝါဘုရားကို ကျေးဇူးတင်ပါတယ်။—ဗျာဒိတ် ၁၅:၄