မာတိကာဆီ ကျော်သွား

ညီအစ်ကို ဟန်မီလ်တန် ဗီအဲရာက လက်သင်္ကေတပြစကား ဘာသာပြန်ပေးသူနဲ့အတူ ဘရာဇီး လက်သင်္ကေတပြစကားနဲ့ကျမ်းစာကို ထုတ်ဝေလိုက်ကြောင်း ကြေညာချိန်မှာ ပရိသတ် လက်ခုပ်သြဘာပေးနေကြစဉ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်
ဘရာဇီး

ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ဘရာဇီး လက်သင်္ကေတပြစကားနဲ့ ရရှိ

ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ဘရာဇီး လက်သင်္ကေတပြစကားနဲ့ ရရှိ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ ဘရာဇီး ဌာနခွဲကော်မတီဝင် ညီအစ်ကို ဟန်မီလ်တန် ဗီအဲရာက ကမ္ဘာသစ်ဘာသာပြန်ကျမ်း တစ်အုပ်လုံးကို ဘရာဇီး လက်သင်္ကေတပြစကားနဲ့ ရရှိနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့တယ်။ ဒီကျမ်းစာကို jw.org ဝက်ဘ်ဆိုက်နဲ့ JW Library Sign Language app မှာ ကြည့်ရှုနိုင်ကြောင်း ပြောခဲ့တယ်။ ဘရာဇီး ဌာနခွဲရုံး ခန်းမဆောင်ကနေ အစီအစဉ်ကို တိုက်ရိုက်တင်ဆက်ပေးချိန်မှာ လူပေါင်း ၃၆,၃၀၀ ကျော် ရှုစားခဲ့ကြတယ်။

ညီအစ်ကို၊ ညီအစ်မတွေက သူတို့ရဲ့ဖုန်း၊ တက်ဘလက်တွေပေါ်မှာ ဘရာဇီး လက်သင်္ကေတပြစကားနဲ့ ကျမ်းစာဖွင့်ပြီး ဓာတ်ပုံရိုက်နေကြစဉ်

ဒီဘာသာပြန်ကျမ်းဟာ ကျမ်းစာတစ်အုပ်လုံးကို ဘရာဇီးလက်သင်္ကေတပြစကားနဲ့ ဦးဆုံးထုတ်ဝေတဲ့ကျမ်းစာဖြစ်ပြီး ကမ္ဘာချီနဲ့ ပြောရရင် ကျမ်းစာတစ်အုပ်လုံးကို လက်သင်္ကေတပြစကားနဲ့ ထုတ်ဝေတဲ့ တတိယမြောက်ကျမ်းစာ ဖြစ်တယ်။ ဘာသာပြန် စီမံကိန်းကို ၂၀၀၆ ခုနှစ်မှာ မဿဲကျမ်းနဲ့ စတင်ခဲ့တယ်။ ကျမ်းစောင်တစ်စောင် ဘာသာပြန်ပြီးတာနဲ့ ချက်ချင်း ထုတ်ဝေပေးခဲ့တယ်။

နားမကြားသူ ညီအစ်မ အဲန်ဂျလီကာက ဒီလိုပြောတယ်– “အရင်က ပေါ်တူဂီဘာသာစကားနဲ့ ကျမ်းစာဖတ်ဖို့ ကျွန်မ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ နားလည်ရ ခက်တယ်။ အခု ဘရာဇီး လက်သင်္ကေတပြစကားနဲ့ ကျမ်းစာဖတ်တော့ ကောင်းကောင်းနားလည်တဲ့အတွက် ကိုယ်တိုင် ကျမ်းမှတ်တမ်းထဲမှာ ပါနေသလို ခံစားရတယ်။”

ဘရာဇီး လက်သင်္ကေတပြစကားနဲ့ ဘာသာပြန်အဖွဲ့ဝင်တွေ ဗီဒီယို ရိုက်ကူးနေကြစဉ်

၁၉၈၂ ခုနှစ်မှာ ယေဟောဝါသက်သေတွေဟာ ရီယိုဒီဂျနေရိုမြို့မှာ ပထမဆုံး လက်သင်္ကေတပြစကား အသင်းတော်တစ်ခု တည်ထောင်ခဲ့တယ်။ အခုဆိုရင် ကြေညာသူ ၉,၅၀၀ ခန့်ဟာ ဘရာဇီး လက်သင်္ကေတပြစကား အသင်းတော် ၂၄၆ ခု၊ အုပ်စု ၃၃၇ ခုနဲ့ အကြိုအုပ်စု ၆၃ ခုမှာ အမှုဆောင်နေကြတယ်။

ဒီကျမ်းစာ ထုတ်ဝေမှုဟာ နားမကြား ညီအစ်ကို/မတွေကို ယေဟောဝါ ချစ်ကြောင်း သက်သေပါပဲ။ လူများနိုင်သမျှများများ ယေဟောဝါဘုရားနဲ့ သားတော် ယေရှုကို သိကျွမ်းလာဖို့၊ ထာဝရအသက် ရနိုင်တဲ့လမ်းကို ရှာတွေ့နိုင်ဖို့ တန်ဖိုးမဖြတ်နိုင်တဲ့ ဒီဆုလက်ဆောင်က ကူညီပေးနိုင်ပါစေ။—ယောဟန် ၁၇:၃