၂၀၂၂၊ မေလ (၆) ရက်
ဘရာဇီး
ဘရာဇီးဌာနခွဲ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း စတင်နေ
ဆောပိုလိုမြို့ အနောက်ဘက် ၈၇ မိုင် အကွာမှာတည်ရှိတဲ့ ဘရာဇီးဌာနခွဲကို အကြီးစား ပြုပြင်မွမ်းမံတဲ့လုပ်ငန်းစဉ် စတင်နေပါပြီ။ ဗေသလ အဆောက်အအုံတွေကို အဆင့်မြှင့်တင်ဖို့၊ သုံးထားတဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေကို အစားထိုးဖို့ ဖြစ်တယ်။ ဗေသလ အဆောက်အအုံကို ပြုပြင်မွမ်းမံတဲ့ကိစ္စက မလွယ်ဘူး။ ဗေသလအလုပ်ကို မထိခိုက်အောင် ပြုပြင်ရေး အလုပ်တွေကို စီစဉ်လုပ်ဆောင်ရမယ်။ ဥပမာ၊ ဗေသလအိမ်သားတွေရဲ့အခန်းတွေကို ပြုပြင်မွမ်းမံနေတုန်း တခြားနေရာမှာ သူတို့ ယာယီနေရမယ်။ ငါးနှစ်အတွင်း အလုပ်အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားတယ်။
လူနေခန်း ၆၅၀ နဲ့ ရုံးခန်းအားလုံး ပါဝင်တဲ့ စတုရန်းမီတာ ၇၅,၀၀၀ အကျယ်အဝန်းနီးပါးကို ပြုပြင်မွမ်းမံရမယ်။ ဒီလိုအဆင်မြှင့်တင်လိုက်တဲ့အတွက် ဗေသလ အဆောက်အအုံတွေကို လိုသလို ပြောင်းသုံးလို့ ရလာမယ်။ ဥပမာ၊ ရုံးခန်းနံရံတွေကို အရှင်လုပ်ထားမှာမို့ နေရာလိုရင် လိုသလို အလွယ်တကူ ပြောင်းလဲနိုင်မယ်။ အခန်းတိုင်းမှာ မီးဖိုခန်း အသေးလေးတစ်ခု ထည့်ထားပေးမယ်။ အဝတ်လျှော်ခန်းလည်း ရှိမယ်။ ရေနဲ့ စွမ်းအင်သုံးစွဲမှုကို လျှော့ချဖို့ ခေတ်မီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိရိယာတွေကို တပ်ဆင်ကြမယ်။
လုပ်ငန်းအတွက် လုပ်အားပေးကြမယ့် ညီအစ်ကို/မတွေက ဌာနခွဲရဲ့ ယာယီ အဆောက်အအုံတွေမှာ နေကြမယ်။ စတိုအဆောက်အအုံကို လူနေခန်း ၂၅ ခန်းအဖြစ် ပြောင်းလဲလိုက်တယ်။ ဌာနခွဲဘေးက ဗေသလခြံမှာတော့ ကွန်တင်နာ ၉၁ လုံးကို ယာယီအိမ်တွေအဖြစ် ပြောင်းလိုက်ကြတယ်။
လုပ်ငန်းကိုကြီးကြပ်တဲ့ ဆောက်လုပ်ရေးအမှုထမ်း ညီအစ်ကို ဂျိုဝယ် ဂရီဂို အခုလိုပြောတယ်– “ယေဟောဝါရဲ့အဖွဲ့အစည်းက အလုပ်ပြီးရုံလောက်ပဲမဟုတ်ဘူး လူတွေကိုလည်း လေ့ကျင့်ပေးနေတယ်ဆိုတာ တွေ့လာရတယ်။ လုပ်အားပေး အတော်များများ ဒီကို ရောက်လာခါစက ဆောက်လုပ်ရေး အတွေ့အကြုံ သိပ်မရှိကြဘူး။ တချို့ဆို အတွေ့အကြုံတောင် မရှိဘူး။ အခုတော့ လေ့ကျင့်မှုတွေအားလုံး ရပြီးပြီဆိုတော့ သူတို့ကတောင် သူများကို ပြန်လေ့ကျင့်ပေးနေကြပြီ။”
ဘုရားအဖွဲ့အစည်းရဲ့ ဒီဆောက်လုပ်ရေးနဲ့ တခြားဆောက်လုပ်ရေးလုပ်ငန်းမှာ “စေတနာစိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်ကြ” သူတွေကို ယေဟောဝါဘုရား ကောင်းချီး အလျှံအပယ် ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပါတယ်။—ဆာလံ ၁၁၀:၃။