မာတိကာဆီ ကျော်သွား

ဖေဖော်ဝါရီ ၄၊ ၂၀၂၀
ဘရာဇီး

ဘရာဇီးမှာ ရေလွှမ်းမိုးပြီးနောက် သန့်ရှင်းရေးလုပ်ကြ

ဘရာဇီးမှာ ရေလွှမ်းမိုးပြီးနောက် သန့်ရှင်းရေးလုပ်ကြ

၂၀၂၀၊ ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီး ဘရာဇီးနိုင်ငံ၊ အက်စပရစ်တို ဆန်တိုပြည်နယ်နဲ့ မီနာ ဇာရစ္စပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးပြီး အပျက်အစီးတွေ ရှိခဲ့တယ်။ လမ်းတစ်လျှောက်ဝင်လာတဲ့ ရေတွေကြောင့် အိမ်တွေ ပျက်စီးပြီး ကားတွေ၊ သစ်ပင်တွေ မျောပါကုန်တယ်။ အာဏာပိုင်တွေရဲ့အဆိုအရ ထောင်နဲ့ချီတဲ့သူတွေ အိမ်ပြောင်းရွှေ့ခဲ့ရပြီး လူ ၆၀ ကျော် သေဆုံးခဲ့တယ်။

အက်စပရစ်တို ဆန်တိုပြည်နယ်

အီကွန်းညာနဲ့ အယ်ဖရက်ဒို ချာဗီမြို့တွေမှာ ယေဟောဝါသက်သေ ၂၇ ယောက်ရဲ့ နေအိမ် ၉ လုံး ပျက်စီးသွားတယ်။ ယေဟောဝါသက်သေတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာမရှိလို့ ကျေးဇူးတင်စရာပါပဲ။

ယေဟောဝါသက်သေ စေတနာ့ဝန်ထမ်း ၁၀၀ ခန့်ဟာ ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေကို ကူညီပေးနေတယ်။ အကြီးအကဲတွေရဲ့ ကြီးကြပ်မှုအောက်မှာ ညီအစ်ကိုတွေဟာ အစားအစာ၊ ရေ၊ အဝတ်အထည်တွေ လှူဒါန်းခဲ့ကြတယ်။ ညီအစ်ကို၊ ညီအစ်မတွေရဲ့ အိမ်တွေနဲ့ ယေဟောဝါသက်သေမဟုတ်တဲ့ အိမ်နီးချင်းတွေရဲ့အိမ်ထဲ ဝင်နေတဲ့ ရွှံ့တွေကို သန့်ရှင်းရာမှာလည်း ကူညီပေးခဲ့ကြတယ်။

မီနာ ဇာရစ္စပြည်နယ်

သက်သေခံတစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ခန်းမ ၅ လုံး ထိခိုက်ပျက်စီးမှုရှိတယ်။ ယေဟောဝါသက်သေ မိသားစု ၅၀ လောက် အိမ်ပြောင်းရွှေ့ခဲ့ရတယ်။ ရေတက်လာလို့ ညီအစ်ကိုတချို့ ပိတ်မိနေတဲ့အတွက် လှေတွေနဲ့ အိမ်အပေါ်ထပ်ကနေ ကယ်ထုတ်ခဲ့ရတယ်။ အဲဒီညီအစ်ကို၊ ညီအစ်မတွေဟာ တခြားယေဟောဝါသက်သေတွေရဲ့ အိမ်မှာ နေထိုင်ကြရတယ်။

အက်စပရစ်တို ဆန်တိုနဲ့ မီနာ ဇာရစ္စပြည်နယ် နှစ်ခုစလုံးမှာ သဘာဝဘေးကယ်ဆယ်ရေး ကော်မတီတွေ ဖွဲ့ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်နေပါတယ်။ သဘာဝဘေး ကယ်ဆယ်ရေးကော်မတီဟာ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဒေသခံ အကြီးအကဲတွေနဲ့ ပူးပေါင်းပြီး ဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေရဲ့ ဘုရားရေးရာနဲ့ ရုပ်ပိုင်းလိုအပ်ရာတွေကို ကူညီဖြည့်ဆည်းပေးတယ်။

ရေဘေးသင့် ညီအစ်ကို၊ ညီအစ်မတွေအတွက် ကျွန်တော်တို့ ဆက်ဆုတောင်းပေးနေပါတယ်။ သူတို့ကို အားပေး၊ နှစ်သိမ့်ပြီး ခရစ်ယာန်ညီအစ်ကို အသင်းအပင်းကတစ်ဆင့် လက်တွေ့ကျကျ ကူညီပေးနေလို့ ယေဟောဝါဘုရားကို ကျေးဇူးတင်ပါတယ်။—ဆာလံ ၂၈:၇