မာတိကာဆီ ကျော်သွား

၂၀၂၁၊ ဇန်နဝါရီ ၂၇
ဘရာဇီး

ဘရာဇီးမှာ ရှိတဲ့ ယေဟောဝါသက်သေတွေက သီးခြားဖြစ်နေတဲ့ ရပ်ကွက်တွေဆီ ဟောပြော

ဘရာဇီးမှာ ရှိတဲ့ ယေဟောဝါသက်သေတွေက သီးခြားဖြစ်နေတဲ့ ရပ်ကွက်တွေဆီ ဟောပြော

ဘရာဇီးက မြို့ ၁၅၀၀ လောက်မှာ အသင်းတော်တွေ မရှိဘူး။ အဲဒီမြို့တွေဟာ ဝေးလံပြီး သီးခြားဖြစ်နေတယ်။ အဲဒီမှာ နေထိုင်သူ အများစုဟာ ယေဟောဝါသက်သေတွေနဲ့ မဆက်သွယ်ဖူးဘူး။ ဒါကြောင့် ဘရာဇီး ဌာနခွဲက ၂၀၂၀ စက်တင်ဘာကနေ ဒီဇင်ဘာအထိ အထူးကင်ပိန်းတစ်ခု လုပ်ပြီး အဲဒီဒေသတွေကို သွားဟောဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကြောင့် စာရေးသက်သေခံတဲ့ ကင်ပိန်းကိုပဲ လုပ်ခဲ့ကြတယ်။ အသင်းတော် ၃၀၀၀ က ကြေညာသူတွေ ပါဝင်ကြတယ်။

ကြေညာသူတွေဟာ ကိုယ်တာဝန်ရတဲ့ မြို့အကြောင်း အွန်လိုင်းကနေ လေ့လာပြီး ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့အညီ စာမှာ ထည့်ရေးကြတယ်။ ဥပမာ၊ ရှေ့ဆောင်တစ်ယောက်က တိုကန်တင်း ပြည်နယ်က မြို့တစ်မြို့မှာ နေတဲ့ လူတွေဆီ စာရေးခဲ့တယ်။ အဲဒီဒေသမှာ မကြာသေးခင်က တောမီးလောင်ခဲ့ကြောင်း သိလိုက်ရတယ်။ ဒါကြောင့် သူ့ရဲ့ စာထဲမှာ ဗျာဒိတ် ၂၁:၅ ထဲက အချက်တွေကို ကိုးကားပြီး အနာဂတ်မှာ ယေဟောဝါက သဘာဝ ပတ်ဝန်းကျင် ပြဿနာတွေကို ဖြေရှင်းပေးပြီး ‘အရာအားလုံးကို အသစ်’ ပြန်လုပ်ပေးမယ်ဆိုပြီး ရေးခဲ့တယ်။ ရက်အနည်းငယ် ကြာပြီးနောက်မှာ အမျိုးသမီးတစ်ယောက်က ဘုရားသခင်က အသက်တာကို အကောင်းဆုံး ပြောင်းလဲပေးနိုင်တဲ့အကြောင်း ဖတ်ရတာ သိပ်ကြိုက်တဲ့အကြောင်း အသံဖိုင်နဲ့ မက်ဆေ့ချ် ပို့တယ်။ နောက်ထပ် အချက်အလက်တွေကိုလည်း တောင်းဆိုတယ်။

ညီအစ်မတစ်ယောက်ဆီ အိမ်ရှင်တစ်ယောက် ပို့တဲ့ မက်ဆေ့ချ်မှာလည်း ကင်ပိန်းရဲ့ အကျိုးရှိမှု ပေါ်လွင်တယ်။ စာမှာ “ကျွန်မဆီ ရောက်ဖို့ ရှင်တို့ကို ဘုရား သုံးလိုက်တဲ့အတွက် စကားနဲ့ မဖော်ပြတတ်အောင် ကျေးဇူးတင်ပါတယ်။ ဘုရားက ကျွန်မကို ချစ်တယ်၊ ကျွန်မနဲ့ မိသားစုကိုလည်း ဂရုစိုက်တယ်လို့ ပြန်ယုံကြည်လာအောင် ကူညီပေးခဲ့တာ။ ဘုရား ပွေ့ဖက်လိုက်သလို ခံစားရတယ်။ ရှင်တို့ကို ကျွန်မ မသိပေမဲ့ ရှင်တို့က ကျွန်မဆုတောင်းချက်ရဲ့ အဖြေပဲ။ တကယ့်ကို ကျေးဇူးတင်ပါတယ်” လို့ ရေးထားတယ်။

ရီယိုဒီဂျန်နေရို ဒေသ၊ ပက်ထရိုပိုလစ်မြို့ အီတာမာရာတီ အသင်းတော်မှာ အမှုဆောင်နေတဲ့ အကြီးအကဲတစ်ဦးက “သီးခြားဒေသမှာ သွားအမှုဆောင်တဲ့ အထူးရှေ့ဆောင်တွေလို ကျွန်တော်တို့ ခံစားရတယ်။ ညီအစ်ကိုတွေအတွက် ဒါဟာ အခွင့်အရေးပဲ။ ပုံမှန်ဆိုရင် မိသားစုတာဝန်နဲ့ တခြားအခြေအနေတွေကြောင့် မလုပ်နိုင်ကြဘူး” ဆိုပြီး ကင်ပိန်းမှာ ပါဝင်ခဲ့တဲ့ ညီအစ်ကို ညီအစ်မတွေရဲ့ သဘောထားကို ပြောပြတယ်။

ယေဟောဝါက ဒီကင်ပိန်းကို ကောင်းချီးပေးတာ သေချာတယ်။ “ကမ္ဘာမြေအရပ်ရပ်မှာ ရှိတဲ့ လူတိုင်းကို သတင်းကောင်း ဟောပြော” ရာမှာ ကူညီပေးခွင့် ရတာ ကျွန်တော်တို့အတွက် အခွင့်ထူးကြီးပါပဲ။