မာတိကာဆီ ကျော်သွား

ဘယ် - ၁၉၄၉ ခုနှစ်၊ ဧပြီလမှာ ရီယို ဒီ ဂျနေရိုမြို့က ဌာနခွဲရုံးကို ညီအစ်ကို နေသန် နောရ် လည်ပတ်နေစဉ်။ ညာ - ၁၉၄၉ ခုနှစ်၊ ဧပြီ ၉-၁၀ ရက်၊ ဆောပိုလိုမြို့မှာ ကျင်းပတဲ့ စည်းဝေးပွဲမှာ ညီအစ်ကို နောရ် ဟောပြောနေစဉ်။

၂၀၂၂ ခုနှစ်၊ ဇွန် ၂၂ ရက်
ဘရာဇီး

ဘရားဇီးမှာ တရားဝင်အသိအမှတ်ပြုမှု ခုနစ်ဆယ့်ငါးနှစ် တိုင်ခဲ့ပြီ

“ယေဟောဝါအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ စိတ်အားထက်သန်မှု၊ ယုံကြည်ကိုးစားမှု ဘယ်တော့မှ မယိမ်းယိုင်ခဲ့”

ဘရားဇီးမှာ တရားဝင်အသိအမှတ်ပြုမှု ခုနစ်ဆယ့်ငါးနှစ် တိုင်ခဲ့ပြီ

၁၉၄၇ ခုနှစ်၊ ဇွန် ၂၃ မှာ ယေဟောဝါသက်သေတွေဟာ ဘရာဇီးနိုင်ငံမှာ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းကို မှတ်ပုံတင်နိုင်ခဲ့တယ်။ အဲဒါက လွန်ခဲ့တဲ့ ၇၅ နှစ်ကတည်းက ဘရာဇီးမှာ ဦးဆုံးအသုံးပြုခဲ့တဲ့ တရားဝင်အသင်းအဖွဲ့ဖြစ်တယ်။ အခုလို တရားဝင်အသိအမှတ်ပြုမှု ရရှိဖို့ ညီအစ်ကိုတွေဟာ အတိုက်အခံတွေကို နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံ ရပ်တည်ခဲ့တယ်။

၁၉၄၅ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်နေ့မှာ ကြေညာသူတွေက ယေဟောဝါသက်သေတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့ တောင်းဆိုစာ တင်ခဲ့တယ်။ ကြေညာသူ ၄၀၀ လောက်က အသနားခံစာအတွက် နိုင်ငံတစ်ဝန်း လက်မှတ် ၄၄,၄၁၁ ခုကို ရယူနိုင်ခဲ့တယ်။ သမ္မတအိမ်တော်ကို အသနားခံစာ ပေးပို့ခဲ့ပေမဲ့ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။

ဘရာဇီးနိုင်ငံမှာ ၁၉၄၆ ခုနှစ်ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို စတင်အသုံးပြုခဲ့တယ်။ အဲဒီအခြေခံဥပဒေသစ်အရ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းကို မှတ်ပုံတင်ခွင့် ရရှိခဲ့တယ်။ အဲဒီနှစ်မှာ လတိုင်းဟောပြောတဲ့ ကြေညာသူအရေအတွက် ၄၂၂ ယောက် ရှိခဲ့တယ်။

အခုလိုတရားဝင်အသိမှတ်ပြုမှု ရတာကို ဘာသာရေးခေါင်းဆောင်တွေ မကျေနပ်ခဲ့ကြပါဘူး။ ဘရာဇီးသမ္မတကို သူတို့တွေ အောင်အောင်မြင်မြင် ဖိအားပေးနိုင်ခဲ့တဲ့အတွက် သုံးနှစ်ကြာပြီးနောက် ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့မှာ သမ္မတက ကင်းမျှော်စင်အသင်းကို ပိတ်ပင်ကြောင်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့တယ်။ ညီအစ်ကိုတွေက ဒီကိစ္စကို တရားရုံးမှာ တင်ပြခဲ့ကြတယ်။ ၁၉၅၇ ခုနှစ်၊ ဧပြီ ၈ ရက်မှာ သမ္မတအသစ်က ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းကို အနိုင်ပေးဆုံးဖြတ်ခဲ့လို့ အမှုပြီးဆုံးသွားတယ်။

ညီအစ်ကိုတွေက ဥပဒေအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ ယေဟောဝါက ဟောပြောခြင်းလုပ်ငန်းကို ဆက်ကောင်းချီးပေးခဲ့တယ်။ ၁၉၄၁ ခုနှစ်မှာ နှစ်ခြင်းခံပြီး ဘရာဇီးနိုင်ငံ ကင်းမျှော်စင်အသင်းရဲ့ မူလအဖွဲ့ဝင်တစ်ဦးဖြစ်သူ ညီအစ်ကို ဒီဂျေမာ မန်ဒက် ဆူတို အခုလိုပြောပြတယ်- “ယေဟောဝါအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း၊ စိတ်အားထက်သန်မှု၊ ယုံကြည်ကိုးစားမှု ဘယ်တော့မှ မယိမ်းယိုင်ခဲ့ဘူး။ ဒါကြောင့် ကြေညာသူအရေအတွက် တိုးများလာခဲ့တယ်။ ၁၉၄၇ ခုနှစ်မှာ ပထမဆုံးအကြိမ်အဖြစ် ကြေညာသူ အရေအတွက် ၁၀၀၀ ကျော်သွားလို့ အတိုင်းမသိ ဝမ်းသာခဲ့ရတယ်။”

အဲဒီအချိန်ကစပြီး ဘရာဇီးမှာရှိတဲ့ ယေဟောဝါသက်သေအရေအတွက် တစ်ဟုန်ထိုး တိုးများလာတယ်။ ၂၀၂၁ ခုနှစ်၊ ဘရာဇီးမှာ ကြေညာသူ ၉၁၃,၄၇၉ ယောက်အထိ တိုးများလာပြီး ခရစ်တော်ရဲ့ သေခြင်းအောက်မေ့ရာပွဲကို လူပေါင်း ၂,၁၈၄,၈၅၆ ယောက် တက်ရောက်ခဲ့ကြတယ်။ ၂၀၂၁ ခုနှစ် “ယုံကြည်ခြင်းကြောင့် ခွန်အားရှိလာ” စည်းဝေးကြီးကို တိုင်းရင်းသားဘာသာစကား ၁၀ မျိုးအပါအဝင် ဘာသာစကား ၁၅ မျိုးနဲ့ ဘာသာပြန်နိုင်ခဲ့တယ်။

ဘရာဇီးမှာ အမှုဆောင်လုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးနေတာ အားရှိစရာကောင်းလှပါတယ်။ ဥပဒေအခက်အခဲအမျိုးမျိုးကြား ညီအစ်ကိုတွေ ခံရပ်နိုင်ခဲ့တာက မျှော်လင့်သူတွေကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတဲ့ သက်သေပါပဲ။​—⁠ဟေရှာယ ၂၅:⁠၉