၂၀၂၃ ခုနှစ်၊ မတ် ၇ ရက်
ဘရာဇီး
ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်းကို ဘရာဇီးနိုင်ငံ ဗေသလ ပံ့ပိုးပေးနေတာ အနှစ် ၁၀၀ တိုင်ပြီ
၂၀၂၃ ခုနှစ်ဟာ ဘရာဇီးနိုင်ငံ ဌာနခွဲ စတင်တည်ထောင်တဲ့ နှစ် ၁၀၀ ပြည့်နှစ်ပါ။ နှစ်တစ်ရာအတွင်း ဘရာဇီးနိုင်ငံမှာ ယေဟောဝါသက်သေ အရေအတွက် မပြတ် တိုးများခဲ့တယ်။ ယေဟောဝါ ကောင်းချီးပေးနေတဲ့ အထောက်အထားပါပဲ။
ဘရာဇီးနိုင်ငံမှာ ဟောပြောခြင်းလုပ်ငန်းကို ၁၉၀၀ ပြည့်နှစ် မတိုင်ခင်လေးမှာ စတင်ခဲ့တယ်။ ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော် ရောက်ရှိနေခြင်း၏ သံတော်ဆင့် ဆောင်းပါးကို နိုင်ငံအနှံ့ ဝေငှတယ်။ ဒီမဂ္ဂဇင်းကို စိတ်ဝင်စားသူတွေ များများလာလို့ ၁၉၂၃ ခုနှစ်၊ မတ်လမှာ ညီအစ်ကို ဂျေ အက်ဖ် ရပ်သဖော့က ဌာနခွဲရုံးဖွင့်ဖို့၊ ဟောပြောခြင်းလုပ်ငန်း စီစဉ်ဦးဆောင်ဖို့ ညီအစ်ကို ဂျော့ဂျ်ယန်းကို ဘရာဇီးနိုင်ငံဆီ ပို့လိုက်တယ်။
ညီအစ်ကိုယန်းက ရီယို ဒီဂျနေရိုမြို့မှာ ရုံးခန်းလေးတစ်ခု ငှားလိုက်တယ်။ သူက အဲဒီဌာနခွဲရုံးအသစ်လေးကနေ ဘရာဇီးနိုင်ငံနဲ့ တောင်အမေရိက တစ်တိုက်လုံးက လုပ်ငန်းတွေကို ကြီးကြပ်ပေးတယ်။ စာပေတွေကို အင်္ဂလိပ်စကားကနေ ပေါ်တူဂီစကားကို ဘာသာပြန်ဖို့၊ ဒေသခံ ပုံနှိပ်တိုက်မှာ ပုံနှိပ်ထုတ်ဝေဖို့လည်း စီစဉ်တယ်။
၁၉၂၅ ခုနှစ်မှာ ညီအစ်ကိုယန်းက အာဂျင်တီးနားနိုင်ငံမှာ သာသနာပြု သွားလုပ်ရတယ်။ ဒါနဲ့ ညီအစ်ကို ဂျွန်ရိန်းဘိုးကို ဘရာဇီးနိုင်ငံ ဌာနခွဲကြီးကြပ်မှူးအဖြစ် ခန့်အပ်လိုက်တယ်။ ၁၉၂၆ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကနေ ပုံနှိပ်စက်လေးတစ်ခု ရောက်လာတယ်။ နယ်ခံညီအစ်ကိုတွေက အဲဒီပုံနှိပ်စက်နဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်ငယ်တွေကို ပုံနှိပ်ခဲ့တယ်။
၁၉၄၅ ခုနှစ်ကစပြီး ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ သင်တန်းကျောင်းဆင်း သာသနာပြုတွေက ဟောပြောခြင်းလုပ်ငန်းကို ကူညီပေးဖို့ ဘရာဇီးနိုင်ငံကို ရောက်လာတယ်။ သူတို့ရဲ့ကြိုးစားမှုတွေကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးတယ်။ ၁၉၄၈ ကနေ ၁၉၆၈ ခုနှစ်အတွင်း နိုင်ငံတော်သတင်းကောင်း ကြေညာသူ ၁,၀၀၀ ကနေ ၅၀,၀၀၀ အထိ တိုးများခဲ့တယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာတင် နှစ်စဉ် ပျမ်းမျှနှစ်ခြင်းခံသူအရေအတွက် ၂၁,၀၀၀ ကျော်တယ်။ အခု နိုင်ငံတစ်ဝန်းမှာ သတင်းကောင်းဟောပြောသူ ၉၀၀,၀၀၀ နီးပါး ရှိနေပြီ။ ဒီလိုတိုးတက်မှုတွေကြောင့် ဗေသလအဆောက်အအုံကို အကြိမ်ကြိမ် တိုးချဲ့ခဲ့ရတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ဆောပိုလိုမြို့နဲ့ ၉၃ မိုင် ဝေးတဲ့ စဇာရီယိုလန်ဇေမြို့ဆီ ဗေသလကို ပြောင်းရွှေ့ပြီး ၃ ကြိမ်တိတိ တိုးချဲ့ဆောက်လုပ်ခဲ့တယ်။ အခု အဲဒီမှာ ညီအစ်ကို ညီအစ်မ ၁,၂၀၀ ကျော် အမှုဆောင်နေပါတယ်။
ဘရာဇီးနိုင်ငံမှာ လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်အတွင်း တပည့်ဖြစ်စေခြင်းလုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးခဲ့ပုံကို မြင်ရလို့ ဝမ်းသာပါတယ်။—၁ ကောရိန္သု ၃:၇။