မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၁၀၊ ၂၀၁၉
ဘရာဇီး

အထူးကင်ပိန်းကြောင့် ဘရာဇီးနိုင်ငံက ကျေးလက်ဒေသတွေဆီ ရောက်ရှိ

အထူးကင်ပိန်းကြောင့် ဘရာဇီးနိုင်ငံက ကျေးလက်ဒေသတွေဆီ ရောက်ရှိ

ဘရာဇီးနိုင်ငံ၊ ကျေးလက်ဒေသတွေမှာ နေထိုင်တဲ့သူတွေကို ကျမ်းစာသတင်းစကား ဝေမျှဖို့ သောင်းနဲ့ချီတဲ့ ယေဟောဝါသက်သေတွေဟာ အထူးကင်ပိန်းတစ်ခုမှာ ပါဝင်နေကြတယ်။ ဒီအထူးဟောပြောခြင်းကင်ပိန်းကို ၂၀၁၈၊ စက်တင်ဘာ ၁ ရက်နေ့မှာ အစပြုပြီး ၂၀၁၉၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဆက်လုပ်ဆောင်ပါမယ်။ ဒီနေ့အထိဆိုရင် ကင်ပိန်းမှာ ကြေညာသူ ၈၀,၀၀၀ ကျော် ပါဝင်ပြီး ကျမ်းစာသင်အံမှု ၁၆,၀၀၀ ကျော် စတင်ကျင်းပနေပါပြီ။

ဘရာဇီးနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အကြီးဆုံး နိုင်ငံဖြစ်တယ်။ ကျေးလက်ဒေသမှာ လူပေါင်း ၂၈ သန်းခန့် နေထိုင်တယ်လို့ ခန့်မှန်းကြတယ်။ နောက်ထပ်လူ ၂၂ သန်းက ဝေးလံသီခေါင်တဲ့ မြို့တွေ၊ ရွာတွေမှာ နေထိုင်ကြတယ်။ အထူးကင်ပိန်းကြောင့် နယ်မြေပေါင်း ၁,၆၀၀ ကျော်ကို ရောက်ရှိခဲ့ပါပြီ။ ကြေညာသူတချို့ဟာ လူတွေဆီရောက်ဖို့ ၁,၂၄၃ မိုင် (ကီလိုမီတာ ၂,၀၀၀) ကျော် ခရီးနှင်ခဲ့ရတယ်။

ကြေညာသူတစ်ယောက် အိမ်တစ်အိမ်ကို ရောက်တဲ့အခါ သက်ကြီးအမျိုးသားတစ်ယောက်က ဆွတ်ခူးထားတဲ့ ကော်ဖီစေ့တွေကို ပြင်ဆင်နေပါတယ်။ ကြေညာသူတွေကို အိမ်ထဲ ဖိတ်ခေါ်လိုက်တယ်။ သူ့မိန်းမကို ခေါ်လိုက်ပြီး “ဒီမှာ ကျမ်းစာအကြောင်း ပြောပြမလို့တဲ့။ နားထောင်ကြည့်ရအောင်” လို့ပြောတယ်။

ဒီဇနီးမောင်နှံဟာ မေးခွန်းတွေ စပြီး မေးပါတော့တယ်။ လူသေသွားရင် ဘာဖြစ်သွားသလဲ၊ ဆင်းရဲဒုက္ခကို ဘုရား ဘာကြောင့် ခွင့်ပြုထားသလဲ၊ ဆယ်ဖို့တစ်ဖို့ ပေးသင့်သလား၊ မိသားစုပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ စတဲ့ မေးခွန်းများစွာ မေးကြတယ်။ ကြေညာသူတွေ ကျမ်းစာနဲ့ အဖြေပေးတာကို အမျိုးသားက သဘောကျသွားပြီး သူသိချင်တဲ့ မေးခွန်းတွေကို အဖြေပေးဖို့ မနက်တုန်းကပဲ ဘုရားဆီ ဆုတောင်းထားတဲ့အကြောင်း ရှင်းပြတယ်။ အဲဒီညမှာ ကျင်းပတဲ့ ပထမဆုံး အစည်းအဝေးကို မိသားစုလိုက် လာတက်ရောက်ကြပြီး အခု ကျမ်းစာ ဆက်လေ့လာနေကြပါတယ်။

တစ်နေရာမှာ၊ ကြေညာသူတွေဟာ တစ်အိမ်တက်ဆင်း သွားနေတုန်း မိုးသည်းလားလို့ ကျန်းမာရေး ဆေးပေးခန်းမှာ မိုးခိုလိုက်ကြတယ်။ မိုးခိုနေတုန်း အဲဒီမှာ ရှိနေတဲ့ အမျိုးသမီးနဲ့ သမီးကို ဘုရားသခင်ကို ဘယ်မေးခွန်းတွေ မေးချင်သလဲလို့ မေးကြည့်တယ်။ သမီးဖြစ်သူက သေဆုံးသွားတဲ့ အဘွားဖြစ်သူကို ပြန်တွေ့လိုကြောင်း ပြောတယ်။ ကြေညာသူတွေက ရှင်ပြန်ထမြောက်ခြင်းအကြောင်းပါတဲ့ ကျမ်းချက်တွေ ဖတ်ပြပြီး ရှင်းပြန်ထမြောက်ခြင်း—မကြာမီ အမှန်တကယ် ဖြစ်လာမည် ဗီဒီယိုကို ပြလိုက်တယ်။

နောက်ပိုင်း ကြေညာသူတွေ အဲဒီအမျိုးသမီးရဲ့ အိမ်ကို သွားတဲ့အခါ မိသားစုလိုက် ကျမ်းစာ စလေ့လာကြတယ်။ အမျိုးသမီးနဲ့ သမီးတွေဟာ အနီးနားကမြို့မှာ ကျင်းပတဲ့ အစည်းအဝေးကို တက်ရောက်ကြပြီး ဖုန်းနဲ့ ကျမ်းစာ ဆက်လေ့လာနေကြပါတယ်။

ဘုရားသခင့်နိုင်ငံတော် လက်အောက်ခံ ပြည်သူပြည်သားတွေဟာ “မြေကြီးစွန်းအထိ” ရှိကြလိမ့်မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ ဘရာဇီး ကျေးလက်ဒေသတွေမှာ လုပ်ဆောင်တဲ့ ဒီအထူးကင်ပိန်းက အဲဒီကြိုဟောချက်ကို ယေဟောဝါ ပြည့်စုံစေနေတယ်ဆိုတာ ဖော်ပြပါတယ်။—ဆာလံ ၇၂:၈