မာတိကာဆီ ကျော်သွား

ဇွန် ၂၅၊ ၂၀၂၀
ဘရာဇီး

အမေဇုန်ဒေသရှိ ညီအစ်ကို/မများ ကယ်ဆယ်ရေးအထောက်အပံ့ ရရှိကြ

အမေဇုန်ဒေသရှိ ညီအစ်ကို/မများ ကယ်ဆယ်ရေးအထောက်အပံ့ ရရှိကြ

ဘရာဇီးဌာနခွဲကော်မတီက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စားဝတ်နေရေး မပြေလည်တဲ့ ကြေညာသူတွေကို ကူညီဖို့ ကယ်ဆယ်ရေးကော်မတီ ၁၈ ဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ကယ်ဆယ်ရေးကော်မတီတွေက အမေဇုန်မြစ်ဝှမ်းဒေသ၊ ဝေးခေါင်တဲ့နေရာတွေမှာ နေထိုင်သူတွေအပါအဝင် နိုင်ငံတစ်ဝန်းက အသင်းတော် ၁၂,၀၀၀ ကျော်ကို ကူညီပေးနေပါတယ်။ လောလောဆယ် အမေဇုန်ဒေသမှာရှိတဲ့ မိသားစု ၁၃၁ ခု ကယ်ဆယ်ရေးအထောက်အပံ့တွေ ရရှိပါပြီ။

အမေဇုန်ပြည်နယ်ရဲ့ မြို့တော် မန်နယစ်မှာ ရှိတဲ့ ကယ်ဆယ်ရေးကော်မတီတွေက အခြေခံလိုအပ်ရာ တစ်လစာပါတဲ့ အထုပ်တွေ ထုတ်ပိုးဖို့ စီစဉ်ကြတယ်။ အထုပ်ထဲမှာ ပဲ၊ ပီလောပီနံမှုန့်၊ ဆန်၊ နှို့မှုန့်တို့လို စားသောက်ကုန်တွေအပြင် ဆပ်ပြာ၊ အိမ်သာသုံးစက္ကူ၊ သွားတိုက်တံ၊ သွားတိုက်ဆေးတို့လို တစ်ကိုယ်ရေသုံးပစ္စည်းတွေလည်း ပါတယ်။ ညီအစ်ကိုတွေက အထုပ်တွေကို မန်နာကပ်ပူရူဆိပ်ကမ်းဆီ သင်္ဘောနဲ့ ပို့ပြီး အဲဒီကတစ်ဆင့် မမ်ဘီကာနဲ့ လာဂိုဒို ကက်စတန်ဟိုတို့လို ဝေးခေါင်တဲ့ဒေသတွေဆီ လှေနဲ့ ပို့ပေးတယ်။

လာဂိုဒို ကက်စတာညိုမှာနေတဲ့ ညီအစ်မ မရီးနယ်မာက အထောက်အပံ့ရိက္ခာတွေ ရပြီးနောက် အခုလို ပြောတယ်- “ကျွန်မတို့ကို အခုလို ဂရုစိုက်ပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။ စားစရာဝယ်ဖို့ ပိုက်ဆံ မရှိလို့ တော်တော် ဒုက္ခရောက်နေကြတာကိုး။ ညီအစ်ကိုတွေရဲ့ ရက်ရောမှုနဲ့ မေတ္တာအတွက်လည်း သိပ်ကျေးဇူးတင်တယ်။ ကျွန်မ အထုပ်ဖောက်ပြီး ပစ္စည်းတွေ နေရာချတာကို ကြည့်နေတဲ့ ခြောက်နှစ်အရွယ် သားလေးကို ယေဟောဝါက ညီအစ်ကိုတွေကတစ်ဆင့် အမေတို့ကို ကူညီနေတာဆိုပြီး ရှင်းပြတယ်။ အဲဒီအခါ သားလေးက ‘အမေ၊ ယေဟောဝါကို ကျေးဇူးတင်တယ်လို့ ဆုတောင်းပြောပြရအောင်’ တဲ့။”

ကာပီရန်ဂါမြို့မှာ မိသားစုနဲ့အတူ နေတဲ့ ညီအစ်ကို ယိုနစ် မွန်တီရီရိုက ကယ်ဆယ်ရေးကော်မတီဆီ ဒီလိုရေးတယ်- “ကျွန်တော်တို့ကို အခုလို ကူညီတာ ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုတို့ကို သုံးပြီး ယေဟောဝါ မေတ္တာပြလိုက်တာပဲ။ ဒီကမ္ဘာချီမိသားစုအဝင် ဖြစ်ခွင့်ရတာ တကယ့်အခွင့်ထူးကြီးပါ။”

ကယ်ဆယ်ရေးကော်မတီမှာ အမှုဆောင်တဲ့ ညီအစ်ကိုတွေလည်း အတော် အားရှိသွားကြတယ်။ ကယ်ဆယ်ရေးကော်မတီမှာ ပါတဲ့ အကြီးအကဲ ညီအစ်ကို အိုင်းဇက် အီမန်နူဝါ ရမ်မာဟို ဒီ အိုလစ်ဗီရာ အခုလို ရှင်းပြတယ်- “နေ့တိုင်း ကယ်ဆယ်ရေးကော်မတီမှာ အမှုဆောင်ရတော့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ ဒီလုပ်ငန်းက တခြားသူတွေကို ကူညီပေးတာထက် ကျွန်တော်အတွက် ပိုအကူအညီဖြစ်စေတယ်ဆိုတာ သေချာတယ်။”

ဒီလို ကပ်ရောဂါကာလအတွင်း မိမိလူတွေ ဘယ်နေရာမှာပဲ ရှိနေပါစေ ယေဟောဝါ ဂရုစိုက်ကူညီနေတာ သိရလို့ ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်ခံ့လာတယ်။—ဆာလံ ၉၄:၁၄