မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၈၊ ၂၀၂၀
ဘူလ်ဂေးရီးယား

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးက ဘူလ်ဂေးရီးယားမှာ ရှိတဲ့ ယေဟောဝါသက်သေတွေဘက်က ရပ်တည်ပေး

လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးက ဘူလ်ဂေးရီးယားမှာ ရှိတဲ့ ယေဟောဝါသက်သေတွေဘက်က ရပ်တည်ပေး

၂၀၂၀၊ နိုဝင်ဘာ ၁၀ ရက်မှာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးက ညီအစ်ကိုတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ဘူလ်ဂေးရီးယား အစိုးရ ချိုးဖောက်နေကြောင်း စီရင်ဆုံးဖြတ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အရ အာဏာပိုင်တွေအနေနဲ့ ဘူလ်ဂေးရီးယား၊ ဗာနာမြို့မှာ ဝတ်ပြုရာခန်းမ ဆောက်လုပ်ခြင်းကို ပြန်ခွင့်ပြုရပါမယ်။ ဆောက်လုပ်ရေး စီမံကိန်း အမှုအခင်း ဖြစ်နေတာ ဆယ်နှစ်ကျော် ကြာပါပြီ။ ဘူလ်ဂေးရီးယား အာဏာပိုင်တွေအနေနဲ့ ညီအစ်ကိုတွေကို ယူရို ၉,၆၀၀ (ယူအက်စ်ဒေါ်လာ ၁၁,၅၀၀) လျော်ကြေးပေးစေဖို့ ECHR က ဆုံးဖြတ်လိုက်ပါတယ်။

၂၀၀၆၊ ဇန်နဝါရီတုန်းက ညီအစ်ကိုတွေ ဝယ်ထားတဲ့ မြေကွက်ပေါ် ဝတ်ပြုရာခန်းမ ဆောက်လုပ်ခြင်းနဲ့ပတ်သက်ပြီး အမှုအခင်း ဖြစ်နေတယ်။ ၂၀၀၇၊ မေလမှာ ဗာနာမြို့တော် စည်ပင်အာဏာပိုင်တွေ ဆောက်လုပ်ခွင့်ပြုတာနဲ့ ချက်ချင်းပဲ ညီအစ်ကိုတွေ လုပ်ငန်းစခဲ့ကြတယ်။ ဒါပေမဲ့ ဇူလိုင်လမှာ မြို့တော်ဝန်က ဆောက်လုပ်ရေး စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ဆိုပြီး လုပ်ငန်း ရပ်ခိုင်းလိုက်တယ်။ အဲဒီလမှာပဲ ဘူလ်ဂေးရီးယား အထင်ကရ နိုင်ငံရေးပါတီတစ်ခုက ဆောက်လုပ်ရေးဆိုဒ်မှာ ဆိုင်းဘုတ်တွေ ထောင်ပြီး လုပ်ငန်းရပ်ဆိုင်းပေးဖို့ အုတ်အော်သောင်းတင်း ကန့်ကွက်ဆန္ဒပြကြတယ်။

ECHR ရဲ့ အဆိုအရ အဲဒီတုန်းက ဗာနာမြို့တော်စည်ပင် အာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို အသရေဖျက်တဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ပြီး “ကန့်ကွက်ဆန္ဒပြသူတွေကို ပေါ်ပေါ်ထင်ထင် ထောက်ခံ” ခဲ့တယ်။ မြို့တော်ဝန်က ဆန္ဒပြသူတွေကို ထောက်ခံကြောင်း မီဒီယာမှာ ဖော်ပြခဲ့တယ်။

ဒါဟာ တစ်ဖက်သတ် မလိုမုန်းထားမှုကြောင့်ဆိုတာ ထင်ရှားနေတယ်။ ဒါပေမဲ့ ဘာသာရေး မုန်းတီးမှုကြောင့် မဟုတ်ဘဲ မြေနေရာ သတ်မှတ်ခြင်း စည်းမျဉ်းစည်းကမ်းနဲ့ ငြိနေတဲ့အတွက် အခုလို ဆောက်လုပ်ခွင့် ပိတ်ပင်ရခြင်း ဖြစ်ကြောင်း မြို့တော်ဝန်နဲ့ အာဏာပိုင်တွေ ဆိုကြတယ်။

ညီအစ်ကိုတွေက ဘူလ်ဂေးရီးယား တရားရုံးတွေအပြင် တရားရုံးချုပ်အထိ အဆင့်ဆင့် တက်ပြီး အယူခံဝင်ပေမဲ့ မအောင်မြင်ဘူး။ ဒီနှစ်တွေတစ်လျှောက် ဒေသခံ အသင်းတော်ဟာ အစည်းအဝေးတွေ ကျင်းပဖို့ အဆောက်အအုံ ငှားရမ်းခဲ့ရတယ်။

အာဏာပိုင်တွေရဲ့ လုပ်ရပ် မမှန်ကန်ဘူးလို့ ECHR ကောက်ချက်ချတယ်။ ဝတ်ပြုရာခန်းမ ဆောက်လုပ်ခွင့်ကို ဗာနာမြို့တော်စည်ပင် ပိတ်ပင်ခြင်းဟာ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ပဋိညာဉ်စာတမ်း အပိုဒ် ၉ နဲ့ ၁၁ ပါ “လွတ်လပ်စွာ တွေးတောကြံဆ၊ ဖော်ထုတ်၊ ကိုးကွယ်ခွင့်ကို” ချိုးဖောက်ရာရောက်ကြောင်း ခြောက်မဲ တစ်မဲနဲ့ ဆုံးဖြတ်လိုက်တယ်။

ECHR ရဲ့ ဆုံးဖြတ်ချက်ကို မြို့အာဏာပိုင်တွေ အပြည့်အဝ လိုက်နာပြီး ဝတ်ပြုရာခန်းမ အပြီးသတ် ဆောက်လုပ်ခွင့် ပေးမယ်လို့ ညီအစ်ကိုတွေ မျှော်လင့်နေပါတယ်။ ဒါဟာ ဗာနာမြို့မှာ ယေဟောဝါနာမည် ဂုဏ်တင်ချီးမွမ်းစရာ ဖြစ်စေပြီး အများပြည်သူအတွက်လည်း အကျိုးရှိစေမယ်။ ယေဟောဝါ ဆက်ထောက်မပေးတဲ့အတွက် အလွန် ကျေးဇူးတင်ပါတယ်။—ဆာလံ ၅၄:၄