မာတိကာဆီ ကျော်သွား

အမှုဆောင်လုပ်ငန်း အသွင်အမျိုးမျိုးမှာ ပါဝင်နေကြတဲ့ ဘော့ဆွာနာက ညီအစ်ကို/မတွေ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်
ဘော့ဆွာနာ

ဘော့ဆွာနာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရခဲ့တာ အနှစ်ငါးဆယ်တိုင်ပြီ

ဘော့ဆွာနာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရခဲ့တာ အနှစ်ငါးဆယ်တိုင်ပြီ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်ဟာ ဘော့ဆွာနာနိုင်ငံမှာ ယေဟောဝါသက်သေတွေ တရားဝင်အသိအမှတ်ပြုခံရတဲ့ အနှစ် ၅၀ မြောက် နှစ်ပတ်လည်နေ့ပါ။ ညီအစ်ကို/မတွေဟာ နှစ်ပေါင်းများစွာ ပိတ်ပင်ခံခဲ့ရပြီး ၁၉၇၄ ခုနှစ်မှာ အစိုးရရဲ့ တရားဝင်အသိအမှတ်ပြုမှု ရခဲ့တယ်။

၁၉၆၅ ခုနှစ်၊ ဘော့ဆွာနာ၊ မဟာလာပေးမြို့မှာ ကျင်းပတဲ့ တိုက်နယ်အစည်းအဝေးကို တက်ရောက်ကြတဲ့ ညီအစ်ကို/မတွေ

၁၉၂၉ ခုနှစ်မှာ ဘော့ဆွာနာကို နိုင်ငံတော်သတင်းကောင်း စတင်ရောက်ရှိလာတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ လူတွေ စိုးရိမ်ထိတ်လန့်လာလို့ ၁၉၄၁ ခုနှစ်မှာ အစိုးရက ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ ကျမ်းစာစာပေဖြန့်ချိမှုကို ပိတ်ပင်လိုက်တယ်။ နောက်ဆုံး ၁၉၅၉ ခုနှစ်မှာ လွတ်လပ်ခွင့်ပြန်ပေးတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေက ဝတ်ပြုရေးလုပ်ငန်းတွေကို အရင်ကလောက် အခက်အခဲမရှိဘဲ လုပ်ဆောင်နိုင်ခဲ့တယ်။

၁၉၇၂ ခုနှစ်မှာ အစိုးရက ဥပဒေအသစ်တစ်ခု ထုတ်ပြန်တယ်။ ဒီဥပဒေအရ နိုင်ငံမှာရှိတဲ့ အဖွဲ့အစည်းအားလုံး မှတ်ပုံတင်ဖို့ လိုအပ်လာလို့ ညီအစ်ကိုတွေလည်း ဥပဒေအတိုင်း မှတ်ပုံတင်ကြတယ်။ ဒါပေမဲ့ အစိုးရက လျှောက်လွှာကို လက်မခံတဲ့အပြင် ရက် ၂၀ အတွင်း ဘာသာရေးလုပ်ဆောင်မှုအားလုံးကို ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့တယ်။ ယေဟောဝါသက်သေတွေ ထပ်ပြီး ပိတ်ပင်ခံလိုက်ရပြီ။ အမှုဆောင်၊ အစည်းအဝေးမှာ ပါဝင်သူ ဘယ်သူမဆို ထောင်ဒဏ်ခုနစ်နှစ်အထိ ကျနိုင်တယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေက အစည်းအဝေးတွေကို သိုသိုသိပ်သိပ် လုပ်ကြတယ်။ ဥပမာ၊ တစ်ခါတလေ လူသူမရှိတဲ့ တောထဲမှာ လုပ်တယ်။ အဲဒီအချိန်အကြောင်း ညီအစ်ကို တွမ်မီ မာရူပင် အခုလို ပြန်ပြောင်းပြောပြတယ်– “ပိတ်ပင်ခံရပေမဲ့ အရင်ကထက် အမှုဆောင်၊ အစည်းအဝေးမှာ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတာ။ ကျွန်တော်တို့နဲ့အတူ ယေဟောဝါရှိမယ်ဆိုတာ ယုံကြည်ခဲ့ကြတယ်။ တကယ်လည်း ကျွန်တော်တို့နဲ့အတူ ရှိခဲ့တယ်။”

ဘော့ဆွာနာ၊ ဂဘာရိုနီမြို့မှာကျင်းပတဲ့ ၂၀၂၃ ခုနှစ် “စိတ်ရှည်ကြပါ” ခရိုင်အစည်းအဝေးကို တက်ရောက်ကြတဲ့ ညီအစ်ကို/မတွေ

၁၉၇၄၊ ဖေဖော်ဝါရီ ၂၀ မှာ အစိုးရက ယေဟောဝါသက်သေတွေကို တရားဝင်ဘာသာရေးအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ဖို့ ခွင့်ပြုခဲ့တယ်။ အခု ဘော့ဆွာနာမှာ ကြေညာသူ ၂,၄၀၀ နီးပါးရှိပြီး အသင်းတော် ၄၂ ခုမှာ အမှုဆောင်နေကြတယ်။ အစည်းအဝေးတွေကို အင်္ဂလိပ်၊ ကလန်ဂါ (ဘော့ဆွာနာ)၊ ဆက်ဆွာနာ၊ ရှိုနာ၊ ဘော့ဆွာနာ လက်သင်္ကေတပြစကားတွေနဲ့ ကျင်းပနေပါတယ်။ ပိတ်ပင်မှု ဖယ်ရှားပြီး မကြာခင်မှာပဲ သာသနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ညီအစ်ကို ဟျူ ကော်မီကန် အခုလိုဆိုတယ်– “ညီအစ်ကို/မတွေက အခုအချိန်ထိ ယုံကြည်ခြင်းခိုင်မာနေကြတာ။ ပတ်စဉ်အစည်းအဝေးတွေ၊ အစည်းအဝေးကြီးတွေမှာ လွတ်လွတ်လပ်လပ် စုဆုံနိုင်ပြီဖြစ်လို့ ယေဟောဝါလူမျိုးရဲ့ စည်းလုံးမှုကို ကိုယ်တွေ့ခံစားနိုင်ကြပြီ။”

“ပညတ်တွေ လိုက်နာ” ဖို့ ကျေးကျွန်တွေ သစ္စာရှိရှိ ကြိုးစားအားထုတ်တာကို ယေဟောဝါ အမြဲကောင်းချီးပေးတယ်ဆိုတာ ဘော့ဆွာနာက ညီအစ်ကို/မတွေရဲ့ ခံနိုင်ရည်က သက်သေထူပါတယ်။—၁ ယောဟန် ၅:၃