မာတိကာဆီ ကျော်သွား

ဗဟိုအမေရိကမှာ ရေရှည်ကူညီပေးဖို့ လိုအပ်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ ကြေညာသူ ၄၂,၀၀၀ ကျော် ပါဝင်ကူညီခဲ့ကြတယ်။

ဧပြီ ၁၂၊ ၂၀၁၉
မက္ကဆီကို

ပျက်စီးမှုများတဲ့ ငလျင်လှုပ်ပြီးနောက်ပိုင်း ဗဟိုအမေရိကမှ ယေဟောဝါသက်သေတွေ အကြီးစား ကယ်ဆယ်ရေးလုပ်ငန်း ပြီးစီး

ပျက်စီးမှုများတဲ့ ငလျင်လှုပ်ပြီးနောက်ပိုင်း ဗဟိုအမေရိကမှ ယေဟောဝါသက်သေတွေ အကြီးစား ကယ်ဆယ်ရေးလုပ်ငန်း ပြီးစီး

ဂွါတီမာလာနဲ့ မက္ကဆီကိုမှာ ၂၀၁၇ ခုနှစ်တုန်းက အင်အားပြင်း ငလျင်နှစ်ခု လှုပ်ခတ်ခဲ့တယ်။ ၂၀၁၈၊ ဒီဇင်ဘာလ ရောက်တော့ အဲဒီဒေသတွေမှာ အကြီးစား ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးသွားပါပြီ။

ဘေးသင့်ဒေသက ညီအစ်ကို/မတွေကို အားပေးဖို့ ဗဟိုအမေရိက ဌာနခွဲရုံးက အစည်းအဝေးများစွာ စီစဉ်ဖွဲ့စည်းခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်း စခဲ့ကြတယ်။ ချီအာပါ့စ်၊ မိုရေလို့စ်၊ ဝါဟားကာ၊ ပွက်ဘလာပြည်နယ်တွေနဲ့ မက္ကဆီကို စီးတီးမှာ အစည်းအဝေးတွေ ကျင်းပခဲ့တယ်။ ဌာနခွဲကော်မတီရဲ့ ညွှန်ကြားချက်အရ သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၃၉ ခုက ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်း စီစဉ်ဖွဲ့စည်းလုပ်ကိုင်ကြတယ်။

ဗဟိုအမေရိက ဌာနခွဲကော်မတီဝင် ဂျက်စီ ပီရက်ဇ်၊ မိုရေလို့စ်ပြည်နယ်က ဘေးသင့်ကြေညာသူတွေနဲ့ တွေ့ဆုံနေစဉ်။

ကယ်ဆယ်ရေးလုပ်ငန်းအတွင်း ပြန်လည်တည်ဆောက်တဲ့ စည်းဝေးပွဲခန်းမ အမိုးဘောင်တွေကို ညီအစ်ကိုနှစ်ဦး တပ်ဆင်နေကြစဉ်။

မက္ကဆီကို ပြည်နယ်ဆယ်ခုက ကြေညာသူ ၄၂,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်ကူညီခဲ့ကြတယ်။ အိမ် ၆၁၉ လုံး၊ ဝတ်ပြုရာခန်းမ ၅ လုံး၊ စည်းဝေးပွဲခန်းမ ၂ လုံးကို ညီအစ်ကို/မတွေ ပြန်တည်ဆောက်ပေးကြတယ်။ နောက်ထပ်အိမ် ၅၀၂ လုံး၊ ဝတ်ပြုရာခန်းမ ၅၃ လုံးကို ပြုပြင်ပေးကြတယ်။ ဂွါတီမာလာမှာလည်း အိမ်ဆယ်လုံး ဆောက်ပေးကြတယ်။

အကူအညီရခဲ့တဲ့ ယေဟောဝါသက်သေတွေထဲမှာ ဟာနန်ဒက်နဲ့ စန်တီယာဂို မိသားစု ပါတယ်။

အိမ်သစ်ရှေ့မှာ စန်တီယာဂိုမိသားစု ဓာတ်ပုံရိုက်နေစဉ်။

ဟာနန်ဒက်မိသားစုဟာ မက္ကဆီကို စီတီးမြို့ကနေ ၂၅ မိုင် (၄၀ ကီလိုမီတာ) အကွာ ချာကိုမြို့မှာ နေထိုင်ကြတယ်။ ၂၀၁၇၊ စက်တင်ဘာ ၁၉ ရက်နေ့ ငလျင်လှုပ်ချိန်မှာ သူတို့ရဲ့အိမ်ဟာ ပြုပြင်လို့မရတဲ့အထိ ပျက်စီးသွားတယ်။ ညီအစ်မ အန်နာ မာရီးယာ ဟာနန်ဒက် ဒီလိုပြောတယ်– “ဒီခက်ခဲချိန်တစ်လျှောက်လုံးမှာ ကျွန်မတို့ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။ ညီအစ်ကို/မတွေ ကျွန်မတို့ကို ကောင်းကောင်း ဂရုစိုက်ကြတယ်။ ကျွန်မတို့အိမ် တည်ရှိခဲ့တဲ့ နေရာမှာ ညီအစ်ကို/မ ၅၀ ကျော်က အိမ်သစ် ပြန်တည်ဆောက်ပေးနေတာကို မြင်ယောင်နေကြတုန်းပဲ။ ညီအစ်ကို/မတွေရဲ့ လုပ်ဆောင်ပေးမှုတွေကို အိမ်နီးချင်းတွေ ဒီနေ့အထိ အံ့ဩနေကြတယ်။” ဒီလိုလက်တွေ့ကျ ကူညီပေးမှုတွေအပြင် ဗဟိုအမေရိက ဌာနခွဲရုံးက ကိုယ်စားလှယ်တစ်ယောက်က ဟာနန်ဒက်မိသားစုထံ လည်ပတ်ပြီး ကျမ်းစာနဲ့ အားပေးခဲ့တယ်။

ကယ်ဆယ်ရေးလုပ်သားတွေ တည်ဆောက်ပေးတဲ့ အိမ်ရှေ့မှာ ဟာနန်ဒက်မိသားစု ရပ်နေကြစဉ်။

ဝါဟားကာပြည်နယ်၊ ဂျူချီတန်မြို့မှာ နေထိုင်တဲ့ စန်တီယာဂိုမိသားစုဟာ ၂၀၁၇၊ စက်တင်ဘာ ၇ ရက်နေ့မှာ လှုပ်ခတ်တဲ့ ငလျင်ကြောင့် အိမ် လုံးလုံးပျက်စီးသွားတယ်။ ဒါပေမဲ့ ခြောက်လတောင် မကြာလိုက်ဘူး။ ကယ်ဆယ်ရေးလုပ်သားတွေက အိမ်သစ် ပြန်ဆောက်ပေးခဲ့တယ်။ ဖခင်ဖြစ်သူ ညီအစ်ကို ဗစ်တာ စန်တီယာဂို ဒီလိုပြောတယ်– “ယေဟောဝါအဖွဲ့အစည်း ချက်ချင်း ကူညီပေးမှုကို တကယ်လေးစားတယ်။ အရာရာကို ယေဟောဝါရဲ့ ထိန်းချုပ်မှုအောက် လုပ်ဆောင်နေကြတာ တွေ့မြင်ခဲ့ရတယ်။”

ဗဟိုအမေရိက ဌာနခွဲကော်မတီဝင် ညီအစ်ကို ဂျက်စီ ပီရက်ဇ် ဒီလိုပြောတယ်– “ငလျင်နှစ်ခုကြောင့် နေရာတော်တော်များများမှာ ပျက်စီးမှု များခဲ့တယ်။ ရေရှည်ကူညီပေးရတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကြောင့် ညီအစ်ကို/မတွေဟာ စေတနာ့ဝန်ထမ်းစိတ်ဓာတ်ကို တင်ပြခွင့် ရကြတယ်။ ကြေညာသူများစွာက ညီရင်းအစ်ကိုမေတ္တာနဲ့ ကူညီပေးကြတယ်။ ဒီ ‘ကယ်ဆယ်ရေးလုပ်ငန်း’ကို ယေဟောဝါ ကောင်းချီးပေးတဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ကြပါတယ်။”—၂ ကောရိန္သု ၈:၁-၄